ဘာအကောင်းကျန်သေးလဲ၊ ဆန့်ထုတ်မရ ဆိုင်းထားမရ အရွယ်ကောင်းလူငယ် သက်တမ်း ကုန်ဖို့ လေးငါးနှစ်ပဲ ကျန်တော့တယ်။ ရွာကမ္ဘာငယ်တစ်ခုမှာ အသက်၊ အလုပ်အကိုင်၊ ပညာ အရည်အချင်း၊ နေရပ်လိပ်စာ၊ မိသားစု၊ သန်းငါးဆယ်မှာ တစ်ယောက်ရတဲ့ အမျိုးသား မှတ်ပုံတင်အမှတ်နဲ့ ဘ၀ဟာ ကျိန်စာမဆန်လွန်းဘူးလား။ ဂိုဒေါ့ကိုစောင့်နေတဲ့ စောက်ရူးတွေ မဟုတ်ဘူးလား။ အခြားထူးခြားချက်ရှိပေမယ့် ဖေါ်ပြလို့မရဘဲ ဒိထက် ကျယ်လာဖို့မရှိတဲ့ ကိုယ် ရေးအကျဉ်း ကိုလွန်ခဲ့တဲ့၂၇နှစ်အတိုင်း မိတ္တူကူးဖြည့်သွင်းတင်ပြရုံပဲ။ မောင်ယုပိုင်ဝဲ့ပ်ပေ့ခ်ျ တွေ လည်း ပျင်းစရာကောင်းလာတယ်။ အဟောင်းတွေထုတ်ပြပြီး မန်ဘာတွေ စည်းရုံးရတာ လွယ် ပါတယ်။ လိပ်ပြာသန့်ချင်ရင်တော့ အိမ်ပြန်ပြီး ဘောလ်ပင်နဲ့စာရွက်မဟုတ်ရင် အွန်လိုင်းနက်ထ် ၀ါ့ခ်မရှိတဲ့ ကွန်ပြူတာနဲ့ဖြစ်ဖြစ် ကိုယ်တိုင်လက်ခံနိုင်မယ့် နောက်ဆုံးပေါ်ကဗျာသစ်တစ်ပုဒ် သွားရေးနေသင့်တယ်။ လိပ်ပြာရဲ့ အရွယ်ရောက်တိရိစ္ဆာန်ဗီဇအရ မျိုးပွားရန် စေ့ဆော်စိတ်နဲ့ ဆန့်ကျင်ဘက်အလှကို အာရုံခံစား ဖြေဖျောက်ခြင်းသာ ဖြစ်တယ်၊ အနုသမားဖြစ်နေတော့ သာမန်ထက်နည်းနည်းပိုမယ်၊ ပညာသားပါမယ်။ ဒီအနုပညာသမားကြီး ဖြစ်နေလို့လည်း ကိုယ့်ဇာတ်နဲ့ကိုယ့်အရပ် သောက်တလွဲဖြစ်နေတာဖြစ်မယ်။ ဒီနှယ် ဇာတ်ဆန်ဆန် ရင်ဘတ် စည်တီးနယ်ကြိုက်လျှောက်လိုက်နေရုံနဲ့ အနုပညာသမားကြီးလို့ ဆိုလာသူတွေနဲ့လည်း ဒေသ မဂ္ဂဇင်း ဆက်လုပ်စရာအကြောင်းမရှိတော့လို့ ဘ၀ဟာ အထီးကျန်သောင်ပြင်ပေါ် လျှောက်ပြေး နေရတာ ဖြစ်မယ်။ အာရုံငါးပါးစလုံး သက်တောင့်သက်သာမရှိလှပါ။ ဆိုတိုင်းလည်း မွေးရာပါသဘာဝဒွါရ အပေါက်တွေကို ရုပ်နာမ်နှစ်ပါး အဆင့်ဆင့် ကျင့်ကြံအားထုတ်ခြင်းနဲ့ ပိတ်ဆို့စရာအကြောင်း မရှိလှပါ။ အကြောင်းရှိမှာပါ၊ လွတ်လပ်၊ မျှတ၊ ငြိမ်းချမ်းမှုကို အပေါက် တွေဖွင့်လျက်နဲ့ရှာတဲ့ တရားကပဲ တရားမျှတမှုရှိတဲ့ တရားဖြစ်မှာ။ အရေးပေါ် အနုပညာရောဂါ သည်ရဲ့ အပေါက်တွေက သာမာန်ရသနဲ့လောက်တော့ ဆေးပီးနေပြီ။ ဦးမှင်ငါးတံစလုံးကလည်း လှုပ်ရွနေတယ်။ ကောင်းချင်တယ်၊ ကောင်းချင်တယ်၊ တိမ်လိုပေါ့ပါး မျှောလွင့်သွားစေမယ့် နည်းနဲ့လည်း ကောင်းချင်တယ်၊ ညနက်မိုးချုပ် အိမ်မပြန်ဘဲ လျှောက်လွှင့်နေတဲ့ နည်းနဲ့လည်း ကောင်းချင်တယ်၊ ဆန့်ကျင်ဘက် အလှပန်းပွင့်များထံမှ သဘာဝအရ ၀တ်ရည်စုပ်မျိုရတဲ့ နည်းနဲ့လည်း ကောင်းချင်တယ်၊ ကိုယ့်မြေကိုယ့်အမျိုး ကောင်းစားစေချင်တဲ့နည်းနဲ့လည်း ကောင်းချင်တယ်။ ပြီးတော့ ဘာအကောင်းကျန်သေးလဲ။ ပညာအရည်အချင်း၊ အရှက်/သိက္ခာ၊ အချစ်၊ အလုပ်အကိုင် ဘာမှမကျန်တော့ House ကျန်တယ် Home မကျန်တော့ နေ့လည် နှစ်ချက်တီးကြီး ကျန်ရှိနေသေးတဲ့ ဆေးလိပ်မုန့်တိုနဲ့ အယ်လ်စီဒီ၊ ဒီဗွီဒီရိုင်တာတွဲလျက် ပီဖိုး တစ်စုံသာ ငါ့အကောင်းဆုံးတွေလို့ ဆိုပေမယ့် စပယ်ရှယ်အဖက် တပုံတခေါင်းအားကိုးနဲ့ ဆပ်ပြာခဲသီအိုရီမူဗွီတွေသာ ကျန်ပြီး မာတင်စကောဆေးဆေးတို့ အယ်လ်ဂျန်ဒရို ဂွန်ဇာလစ်ဇ် အီနာရစ်တူးတို့ ရုပ်ရှင်အသစ်တွေလည်း ထပ်မံမလာသေးခင် စပ်ကြားတော့ အဟောင်းထဲက ကိုယ့်မှာရှိသမျှ ကလဲ့စစ်တွေအထဲကလည်း လောလောဆယ် ကုန်နေပြီဆို မြူးဇစ်တွေက အကောင်းဆုံးပါပဲ။ မြူးဇစ်သောင်းပြောင်းထွေလာဒီဗီဒီနဲ့ ဆယ်ချပ်စာလောက် အမ်ပီသရီးတွေ အနက်ကမှ အခုတလော ပထမဦးစားပေး အပေးအယူတည့်ဖြစ်နေတာ စိုင်းခမ်းလိတ်နဲ့ လူငယ် စိုင်းထီးဆိုင် အကောင်းတကာ့ အကောင်းဆုံးတွေ ဒါမှမဟုတ် ၂၀၀၀လွန်ခါစက အပြိုင်းအရိုင်း ပေါ်ခဲ့တဲ့ အနောက်တိုင်းနယူးမယ်တယ် အုပ်စုတွေ အရှေ့နှင့် အရှေ့အလယ်ပိုင်းပါ မကျန် ပေါင်းစပ်ထားတဲ့ နယူးအေ့ခ်ျတွေ တခါတလေ ချစ်ကောင်းရဲ့ တစ်ယောက်တည်းလား ဖြစ်ချင် လည်းဖြစ်မယ် ငှက်ရဲ့စကားလုံးမရှိတဲ့ကောင်းကင် ဖြစ်ရင်ဖြစ်မယ် မဆီမဆိုင် ဘိုဘိုရဲ့ တို့ဝေး ရာ အယ်လ်ဘမ်မှာလည်း ငြိရင်ငြိနေမယ်၊ ဟစ်ဟော့တွေထဲကတော့ စင်းကင်း၊ သာ့ထ်၊ ဖို့သ်နဲ့ နိပ်ခ်စ် နိပ်ခ်စ်တွေ တစ်ယောက်တစ်ဖွဲ့မကျန် မျက်ခြေမပြတ်ပေမယ့် သူတို့ချင်း ဖေါင်းထုနေ တာကပဲ သူတို့ယဉ်ကျေးမှုလို့ ဆိုလာတော့ ဆိုနေတော့ တခါတလေမှ ကောင်းတယ်၊ အမြဲ ကောင်းနေဖို့ လိုတာကိုးကွာ၊ လင်းဘီစကစ်လို လုပ်ပေါ့ကွာ၊ Sanitarium…Leave me alone လို့ ၁၉၈၆ က မယ်တယ်လစ်ကာ သီချင်းတစ်ပုဒ်ကို ရဲ့ပ်နဲ့ ဒဲ့တ်သ်မယ်တယ် ပေါင်းပြီး ငါ့ကိုယ် စား အော်ပေးပေါ့ကွာ၊ အက်ဒ၀ပ်မန့်ခ်ျရဲ့ အော်သံထဲမှာ ဘာအော်နေလဲ သိလား “ဘာသံမှ မထွက်ဘူး”၊ လူ့ဆိုဆိုင်ရက်တီတစ်ခုလုံးရဲ့ အော်သံ တစ်မြို့လုံး တစ်ကမ္ဘာလုံးရဲ့ အော်သံ သူ့ဖြစ်တည်မှုတစ်ခုလုံးရဲ့ အော်သံတွေဟာ သူ့ကိုယ်က စုပ်ယူလိုက်သလို သူ့ထံ စုစည်း စီးဝင်းလာပြီး သီးမခံနိုင်မှုနဲ့ အစွမ်းကုန် အော်ဟစ်ဖို့ကြိုးစားပေမယ့် ၀ိဥာဉ်ခြောက်ကပ်လေး သာကျန်တော့တဲ့ ဆွံ့အသွားတဲ့ ကျယ်လောင်မှု။ အဲသလို ငါကြားတယ်၊ ကြားတတ်လာတယ်၊ အခု တခြားအသံအားလုံး ဖျောက်ဖျက်ပစ်လိုက်တဲ့ မိုးသံတဝေါဝေါဟာ ငါကြိုက်တဲ့အပြင်း စားဂီတတစ်မျိုးလို့ ကြားလာတယ်။ ဒီစာစုဖြစ်သွားတယ်။ ကောင်းသွားတယ်။
မောင်ယုပိုင်
၂၀၁၀၊ သြဂုတ်








