Author Archives: မိုးဆတ်

Tomatoes And Onions

0
Filed under အက်ဆေး

photo from sailusfood.com

_______________________________________________________________________

ကျွန်တော်က ခရမ်းချဉ်သီးဆိုရင် တခြားလူတွေက ကြက်သွန်နီပေါ့။ အဲဒီအချက်ကို ငယ်ငယ် လေးထဲက အရွယ်ရောက်ပြီးတဲ့ သူတွေကို ကြည့်ပြီး ကျွန်တော်သိခဲ့တယ်။ စားသောက်ဆိုင်ပဲ သွားသွား၊ ရုပ်ရှင်ပဲသွားသွား သူတို့ ရဲ့ အပြုအမူတွေကို ကျွန်တော်သတိပြုမိတယ်။ သူတို့တွေ တယောက်နဲ့ တယောက် မတူကြဘူး ။ ဒါပေမယ့် တူညီတဲ့ အပြုအမူတွေ လုပ်ပြကြပြန်ရော။ လူကြီးတွေဟာ ကြက်သွန်နီပဲ၊ သူတို့မှာ တကယ်အစစ်အမှန်ကို ကာထားတဲ့ အလွှာတစ်ခု ဖုံး ထားတယ်။ ကျွန်တော်ကတော့ ခရမ်းချဉ်သီးလေးပါ။ ကမ္ဘာကြီးထဲ ခုမှရောက်လာတဲ့ ထိလွယ် ရှ လွယ်လေးပေါ့။ နဲနဲလေးထိမိတာနဲ့ ကျွန်တော့်စိတ်ထဲမှာ အရာကျန်နေခဲ့တယ်။ ပြီးရင် အဲဒီ အကြောင်းပဲ တွေးနေတော့တာပဲ။

တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ခရမ်းချဉ်သီးလေးတွေ အနေနဲ့ မွေးလာကြတာပါ။ အသက်ဆယ်နှစ် ကျော်တာနဲ့ ကြက်သွန်နီဘ၀ကို စပြီးပြောင်းတော့တာပဲ။ ဖြစ်စဉ်က အရမ်း ညင်သာတယ်။ အဲဒါက အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ စတယ်။ ဆိုလိုတာက ကလေးရဲ့ဘ၀ကို လွှမ်းမိုးတဲ့ မိဘတွေ၊ သူငယ်ချင်းတွေ၊ ကျောင်း၊ ပြီးတော့ တီဗွီ။ ဒီပုဂ္ဂိုလ်တွေရဲ့ လက်ခံမှုရ အောင်လို့ ကလေးဟာ တချို့သော ဥပဒေသတွေကို လက်ခံလိုက်ရတယ်။ မိန်းကလေးတွေက ပိန်ဖို့ သင်ကြားကြတယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေ အထင်ကြီးအောင် ကြိုးစား ကြတယ်။ ကျောင်းမှာ အဖြေမှန်ဖြေနိုင်အောင် ကြိုးစားကြတယ်။ ဒီစံသတ်မှတ်ချက် တစ်ခုခုကို လိုက်ရာမှာ အရေးနိမ့်ခဲ့ရင် သူတို့ အရှက်ရကြတယ်။ ဒါဟာ ကြက်သွန်နီနီအဆင့်ပဲ၊ တကယ့် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကြားမှာပေါ့။ သိပ်မကြာခင်မှာပဲ ကလေးတွေဟာ ဝေဖန်မှုကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေ ဖန်တီးကြတော့တယ်။ မိန်းကလေးတွေဟာ အစားမစားဘဲ နေ ချင်နေ၊ ဒါမှမဟုတ်ရင် ဂရုမထားချင်ယောင်ဆောင်ကြတယ်။ ချာတိတ်တွေက ထင်ရှားတဲ့ သူ တွေကို အတုခိုးချင်ခိုး၊ ဒါမှမဟုတ် ကောင်မလေးတွေကို မုန်းတယ်ဆိုတာမျိုး လုပ်လာကြ တယ်။ ကျောင်းမှာ အမြဲလိုလို အဖြေမှန်ရတဲ့ ကလေးတွေဟာ အဖြေမှန်ရတယ်လို့ အထင်ခံရ မယ့် နည်းလမ်းတွေကို ရှာလာတယ်။ အဖြေမှန် ရံဖန်ရံခါသာရတဲ့ ကလေးတွေက ဂရုမထား ပါဘူးဆိုတဲ့ ဂိုက်ဖမ်းလာကြတယ်။ ကြက်သွန်ခွန်ဖြစ်လာတဲ့ အပိုင်းရောက်လာပြီပေါ့။ အထက် တန်း ကျောင်းအရောက်မှာ အခွံက ပိုရင့်လာတယ်။ အချိန်နဲ့ အမျှ အခွံကထူလာတယ်။ တချို့ ကြက်သွန်နီတွေဟာ ကြက်သွန်နီဆိုတာကို မှတ်မိကြတယ်။ ဒါပေမယ့် လုံခြုံမှုအတွက် အခွံခွာ ပစ်ဖို့ ၀န်လေးနေကြတယ်။ ရံခါဆိုသလို ကျွန်တော့်ကို ကျွန်တော် ကြက်သွန်နီဖြစ်ခြင်း ဖြစ်စဉ် ထဲမှာ ပြန်တွေ့ရတယ်။ အထူးသဖြင့် တစ်စုံတစ်ရာက အနှောင့်အယှက်ပေးနေတဲ့ အခါမှာပေါ့။ အထက်တန်းကျောင်းရဲ့ နှစ်အစမှာ ကျွန်တော် လူတွေနဲ့ မိတ်ဆွေမဖွဲ့နိုင်ဘူးဆိုပြီး ကြောက် လန့်နေခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အထိးကျန်သမားအဖြစ် ယူဆနေမိတယ်။ လတွေ ကြာအောင် ကျွန်တော် လူတွေနဲ့ တွေ့ဖို့ ငြင်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင်မပြေမှာ စိုးလို့ပဲ။ ဒါဟာ အမာရွတ်တစ်ခု ကျန်ခဲ့လိမ့်မယ်။ ပြသနာကို ဖုံးအုပ်ထားခဲ့ရင်ပေါ့။ ဒါပေမယ့် ကျွန်တော် လူတွေနဲ့ တကယ်ဆက်ဆံကြည့်တဲ့အခါ ကျွန်တော် စိတ်ကူးကြည့်တာထက် ပိုအ ဆင်ပြေခဲ့ပါတယ်။ ကောလိပ်မှာတော့ ပုံမှန်အခြေအနေကို မေးခွန်းထုတ်တတ်ဖို့ သင်ကြားရ တယ်။ ခရမ်းချဉ်သီးလေးတွေအတွက် သင့်လျော်မယ့်ပုံပဲ။ လာနေတဲ့ အချိန်က တကယ်တော့ စိန်ခေါ်မှုတစ်ခုပဲ။ ကျွန်တော် အတွေးသစ်တွေ၊ အခြေအနေသစ်တွေ၊ ကြောက်ရွံ့မှုအသစ် တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကမ္ဘာကြီးအပေါ် ကျွန်တော့်အမြင်ကို လတ်ဆတ်နေအောင်ရယ်၊ ပွင့်လင်းမှုရှိအောင်ရယ် ထိန်းထားရလိမ့်မယ်။ တည်ရှိပြီးသား စိတ်ကူးတွေနဲ့ ကျွန်တော့် ကိုယ် ကျွန်တော် ကြက်သွန်ခွံ ထူမလာအောင်ပေါ့။

မိုးဆတ်
၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီ။

Susan Sontag ရဲ့ အပိုင်းအစ

0
Filed under ဘာသာပြန်, အရေးအသား

_______________________________________________________________________
ဗုဒ္ဓဟူးနေ့ ညနေစောင်းမှာ နင့်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် ရူးမိုက်ရာကျလိမ့်မယ်လို့ ဂျူ လီယာ့ကို ကျမ ပြောလိုက်တယ်။ သူက အင်း လိုက်နေတယ်။ ငါပြောတာ လက်ခံတဲ့ပုံပဲလို့ ကျမက ထင်လိုက်မိတယ်။ နောက်နှစ်ရက်နေတော့ သူအခန်းကနေထွက်သွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ရူးမိုက်ရာကျတဲ့ အလုပ်တွေကို လုပ်ဖို့ ၀န်မလေးဘူး ဆိုတာ ကျွန်မကို ပြလိုက်တယ်။ ကျွန်မပြောရမယ်။ သူငယ်ချင်းတွေကို ကျွန်မတော့ ရူးမိုက်တာ တစ်ခုခု လုပ်တော့မယ်လို့ ပြောဖြစ်ရင်တောင် အဲဒါကို တကယ်လုပ်ဖို့ စိတ်မကူးပါဘူး။ ကျမရဲ့လိပ်ပြာကို ကျမကယ်တင်ရမယ်။ တုန်လှုပ်နေရှာတဲ့ လေကလေး။ တချို့ညတွေမှာ ကျမ ဂျူလီယာ့ကို ဆံပင်ကနေ ဆွဲလာတယ်လို့ အိပ်မက်မက်တယ်။ သူ မြစ်ထဲ ခုန်မချခင်ကလေးပေါ့။ ဒါမှမဟုတ် သူ့ကို မြစ်ထဲမှာတွေ့တယ်လို့ အိပ်မက်မက်တယ်။ ကျမကတော့ ခေါင်မိုးပေါ်မှာ။ နယူးဂျာစီကို မျက်နှာချင်းဆိုင်လို့ ။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ ပေါလောပေါ်နေတာတွေ့လိုက်တယ်။ ကျမ ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်တယ်။ အောက်ကို ထိုးကျသွားရင်း ငှက်တစ်ကောင်လို ၀ဲလိုက်တယ်။ သူ့ကို ဆံပင်ကနေဆွဲပြီး ရေထဲကနေဆယ်လိုက်တယ်။ ဂျူလီယာ၊ ချစ်တဲ့ ဂျူလီယာ၊ နင်ဟာ တွင်းထဲကို ထပ်ပြီး ငုံ့ကိုင်းနေဖို့ မသင့်တော့ပါဘူး။ စိတ်ကောင်း နှလုံး ကောင်းနဲ့ ခပ်ရဲရဲတစ်ယောက်က အနားကိုလာပြီး မင်းကိုကယ်ဖို့.. ကြင်နာဖို့။ အနည်းဆုံးတော့ နင်ဟာ နွေးထွေးတဲ့ အိပ်ယာထဲမှာဘဲ သေသင့်ပါတယ်.. တိတ်တိတ်ဆိတ်ဆိတ်။ အပြစ်တွေ၊ နင့်ကို ချစ်တဲ့ ပုံမကျ ပန်းမကျလူတွေ ၀ိုင်းရံလို့၊ နောက်ဆုံးအချိန်အထိ သူတို့ နင်ကြောင့် စိတ် တွေတိုကြ၊ မခံချင်တွေဖြစ်ကြပေါ့။ နင့်ကို ပြန်မတွေ့ခင် နင်ရဲ့ကိုယ်ခန္ဓာကို ညစ်တစ်တစ် ဟဒ် ဆန်မြစ်ရေက ဘာများ လုပ်လိုက်မလဲလို့ ငါမတွေးတော့ပါဘူး။ ဂျူလီယာ… ဖယောင်းတိုက် ထားတဲ့ အခေါင်းထဲက ပလတ်စတစ်သားမျက်နှာ…နင့်အသက်ရှိသလောက် ဘယ်လို အိုမင်း နိုင်ပါ့မလဲ။ ၀ိုက်ဒနာ စာကြည့်တိုက်ရဲ့ လှေကားထစ်တွေပေါ် ခပ်ကြောင်ကြောင် ပညာတတ် စ ကားတွေ စပြောခဲ့တဲ့ ၂၃ နှစ်အရွယ်အတိုင်း ရှိတုံးပါပဲ။ ခပ်ပါးပါး၊ ခပ်မိုက်မိုက်၊ ဖြတ်ခနဲ၊ လွင့် ခနဲ။ ငါ့ထက်နင်က နုပျိုလို့။ တကယ်တမ်းကျ နင်က ငါ့ထက် လေးနှစ်ပိုကြီးတာလေ။ ငါကတော့ နွမ်းနယ်လို့၊ ပင်ပန်းလို့၊ စိတ်တွေလှုပ်ရှားလို့။ ငါ နင့်ကို ပိတ်ရိုက်ပစ်ချင်ခဲ့တယ်။ ငါတို့ရဲ့ ခင်မင်မှု ၀န်ထုပ်ဝန်ပိုးအောက်မှာ ငါဘယ်လောက် ငိုညဉ်းခဲ့ရသလဲ။ ဒါပေမယ့် နင့်ရဲ့ သေခြင်းက ငါ့အ တွက် ပိုပြီးလေးလံခဲ့တယ်။ မင်းဘာကြောင့် အလျှော့ပေးလိုက်သလဲ။ တခြားသူတွေ သူတို့ရဲ့ ဘ၀ထဲက ပျောက်ကွယ်ချိန်မှာ။ ရှင်ကျန်ဖို့ဟာ ငါ့အတွက် ပဟေဠိဆန်တယ်။ ဆိုပါစို့ ငါတို့ အား လုံး အိပ်မောကျနေတယ်။ ငါတို့ နိုးထချင်သလား။ ငါတယောက်ထဲနိုးထပြီး နင်ကတော့ မပါဘူး ဆိုရင်ကော..တရားပါ့မလား။ မျှတမှုကရော ဘာအသုံးကျသလဲ။ ဒါပေမယ့် နင်မပါဘဲ ငါနိုးမထ ချင်ဘူး..

မိုးဆတ်
Susan Sontag ရဲ့ I,etcetera မှ

ကာဆန် မက်ကူးလားစ် (Carson McCullers)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

သူမ အရက်စွဲပြီးသေခဲ့
ပင်လယ်ကူးသင်္ဘောတစ်စီးပေါ်
စားပွဲနဲ့တွဲလျက်သား ကုလားထိုင်ပေါ်
စောင်တထည် ပတ်လျက်သား။

သူမရဲ့စာအုပ်မှန်သမျှ
ခြောက်ခြားနေတဲ့ အထီးကျန်မှု။

သူမစာအုပ်တွေအားလုံး
မေတ္တာမပါတဲ့ အချစ်ရဲ့
ရက်စက်မှုအကြောင်း။

အဲဒါတွေသာ
သူမ ချန်ထားနိုင်ခဲ့။

ကုန်းပတ်ပေါ်လမ်းလျှောက်ထွက်လာတဲ့
ခရီးသည်တစ်ယောက်က
သူမရဲ့ ခန္ဓာကို တွေ့ခဲ့။

သင်္ဘောကပ္ပတိန်ကို အကြောင်းကြား။

သင်္ဘောပေါ်က တခြားတစ်နေရာကို
အလျင်အမြန်ရွှေ့ထားလိုက်ကြတယ်။

အရာအားလုံးဟာ
သူမရေးသားခဲ့တဲ့အတိုင်း
ခရီးဆက်ခဲ့။

မိုးဆတ်
- Charles Bukowski ၏
Carson McCullers ကဗျာကို ဘာသာပြန်သည်။

Carson McCullers

she died of alcoholism
wrapped in a blanket
on a deck chair
on an ocean
steamer.

all her books of
terrified loneliness

all her books about
the cruelty
of loveless love

were all that was left
of her

as the strolling vacationer
discovered her body

notified the captain

and she was quickly dispatched
to somewhere else
on the ship

as everything
continued just
as
she had written it

- Charles Bukowski

သတ္တိကောင်းတဲ့ ရေဒီယို (A Radio With Guts)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

ကော်ရိုနာဒိုလမ်း ဒုတိယထပ်မှာ
ကျုပ်မူးလာရင်
ဖွင့်ထားတဲ့ ရေဒီယိုကို
ပြတင်းပေါက်က ပစ်ထုတ်လိုက်တယ်
ရေဒီယိုက ပြတင်းပေါက်မှန်ကို ခွဲ
ပြီးတော့ အမိုးပေါ်ကျ
အဲဒီမှာလည်း ရေဒီယိုဟာ ဆက်ပြီး လာနေရဲ့
မိန်းမကို ကျုပ်ပြောလိုက်တယ်
“ဟေ့… သတ္တိကောင်းတဲ့ရေဒီယိုပဲကွ”
နောက်နေ့မနက်ကျ ပြတင်းပေါက်ကို
ပတ္တာကနေဖြုတ်
လမ်းအောက်ဘက်က
မှန်သမားဆီသယ်သွား
သူက မှန်တချပ်လဲပေးတယ်
ကျုပ်မူးတဲ့အခါတိုင်း
ရေဒီယိုကို ပြတင်းပေါက် ပစ်ထုတ်မြဲ
ပြီးတော့ အမိုးပေါ်ကျ
ရေဒီယို ဆက်ပြီးလာနေ
မှော်ဆန်တဲ့ ရေဒီယို
သတ္တိကောင်းတဲ့ ရေဒီယို
မနက်ကျရင် ပြတင်းပေါက်ကို
မှန်သမားဆီ ကျုပ်သယ်သွား
အဲဒါ ဘယ်လိုအဆုံးသတ်သွားသလဲ ကျုပ်သေချာ မမှတ်မိတော့
ကျုပ်တို့အဲဒီကလပြောင်းလာကြတာပဲ
သိတော့တယ်
အဲဒီမှာ အောက်ထပ်က အမျိုးသမီး
ခြံဝင်းထဲ ရေချိုးဝတ်စုံနဲ့အလုပ်လုပ်ရဲ့
ငန်းပြားနဲ့ဟိုထိုးဒီဆွ
သူမရဲ့ အနောက်ပိုင်းဟာ လေထဲမြောက်တက်လို့
ကျုပ်က ပြတင်းပေါက်မှာထိုင်
သီချင်းလေးဖွင့်ပြီး
အဲဒီဟာပေါ် နေရောင်ဖြာကျတာ ကြည့်ရဲ့

မိုးဆတ်
- Charles Bukowski ၏
A Radio With Guts ကဗျာကို ဘာသာပြန်သည်။

A Radio With Guts

it was on the 2nd floor on Coronado Street
I used to get drunk
and throw the radio through the window
while it was playing, and, of course,
it would break the glass in the window
and the radio would sit there on the roof
still playing
and I’d tell my woman,
“Ah, what a marvelous radio!”
the next morning I’d take the window
off the hinges
and carry it down the street
to the glass man
who would put in another pane.
I kept throwing that radio through the window
each time I got drunk
and it would sit there on the roof
still playing-
a magic radio
a radio with guts,
and each morning I’d take the window
back to the glass man.
I don’t remember how it ended exactly
though I do remember
we finally moved out.
there was a woman downstairs who worked in
the garden in her bathing suit,
she really dug with that trowel
and she put her behind up in the air
and I used to sit in the window
and watch the sun shine all over that thing
while the music played.

Charles Bukowski

လူတိုင်းနဲ့ အထီးကျန် (Alone With Everybody)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

အရိုးကို အသားနဲ့ ဖုံးလိုက်တယ်
ပြီး အဲဒီမှာ
စိတ်တစ်ခုထည့်တယ်
တခါတလေ ၀ိညဉ်တစ်ခု
မိန်းမတွေက ပန်းအိုးတွေ
နံရံမှာ ပစ်ပေါက်ခွဲကြ
ယောက်ျားတွေ
အရက်အလွန်အကျွံသောက်ကြ
ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး
ကြည့်ပဲကြည့်နေရ
အိပ်ယာထဲ/က
တွားဝင်/တွားထွက်
အသားက အရိုးကို ဖုံးထားတယ်
အသားက
အသားထပ်ရှာတယ်။

မျှော်လင့်ချက်မဲ့
ငါတို့ဟာ
တစ်ခုတည်းသော
ကြမ္မာထဲ
ပိတ်မိခဲ့။

ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး။

မြို့ပြအမှိုက်ပုံးတွေပြည့်
အမှိုက်ပုံတွေပြည့်
အရူးထောင်တွေပြည့်
ဆေးရုံတွေပြည့်
သင်္ချိုင်းတွေပြည့်။

တခြားဘာကမှ မဖြည့်နိုင်ခဲ့။

မိုးဆတ်
- Charles Bukowski ၏
Alone With Everybody ကဗျာကို ဘာသာပြန်သည်။

Alone With Everybody

the flesh covers the bone
and they put a mind
in there and
sometimes a soul,
and the women break
vases against the walls
and the men drink too
much
and nobody finds the
one
but keep
looking
crawling in and out
of beds.
flesh covers
the bone and the
flesh searches
for more than
flesh.

there’s no chance
at all:
we are all trapped
by a singular
fate.

nobody ever finds
the one.

the city dumps fill
the junkyards fill
the madhouses fill
the hospitals fill
the graveyards fill

nothing else
fills.

- Charles Bukowski

ဖတ်မိခဲ့သော စာအုပ်များ – ၎

3
Filed under စာပေ

1400031869

ကြက်တစ်အုပ်နဲ့ ကွန်မြူနစ်တရုတ်ပြည်

Yu Hua ရဲ့ To Live ဖတ်ဖြစ်ပါတယ်။

တရုတ်-ဂျပန်စစ်ပွဲ(၁၉၃၇-၄၅) ကစလို့ ၁၉၈၀ထိ တရုတ်နိုင်ငံ အကြောင်းကို လယ်သမားတစ် ယောက်ရဲ့  ရှုထောင့်ကနေ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

လယ်သမားတစ်ယောက်ရဲ့ ရှုထောင့်ကို ယူတဲ့အတွက် သမိုင်းရေးရာတွေကို ခရေ့စေ့တွင်းကျ ဖော်ပြဖို့မလိုဘဲ သမိုင်းဖြစ်စဉ်တွေက လူ(သာမန်)တစ်ယောက်ရဲ့ ဘ၀ကို ဘယ်လိုရိုက်ခတ် သလဲဆို တာကိုပဲ ရိုးရိုးရှင်းရှင်း ပြခွင့်ရထားတယ်။

• အမေအတွက် ဆေးထွက်ဝယ်ရင်း တပ်ထဲဆွဲသွင်းခံရတာ ၂နှစ်ကြာ
• လူကြီးမိန်းမအတွက် သွေးလှူရင်းသားဆုံး
• ဆေးရုံမှာ မီးဖွားရင်း သမီးသေ
• သားမက်က ကုန်ထမ်းရင်း ကုန်ပိပြီးသေ
• မြေးကလည်း လယ်ကွင်းထဲမှာ အကြီးအကျယ်ဖျားနေတုံး ပဲချည်းပဲစားရလို့ ပဲစေ့နင်ပြီးသေ
• မိန်းမက စနစ် + လူ ရဲ့ အကျိုးကျေးဇူးတွေ ခံယူရင်း လုံးပါးပါး

တရုတ်တွေက မျိုးရိုးစဉ်ဆက်နဲ့ ဥစ္စာဓနအင်အားကို တည်ဆောက်ကြတာ။ အဘိုးနဲ့ မြေးနဲ့ စကားပြောကြတယ်။ အဘိုးကပြောတယ် ။ မျိုးဆက်တစ်ဆက်မှာ ကြက်တစ်အုပ်ဆိုရင် နောက် တဆက်ကျတော့ ငန်းတစ်မ၊ နောက်တဆက်ကျပြန်ရင် နွားတစ်အုပ်။ ပြီးတော့ရော .. မြေးလုပ် သူကမေးတယ်။ အဘိုးကြီးကပြန်ပြောတယ်။ အဲနွားတစ်အုပ်လည်းရရော ကွန်မြူနစ် တွေလာ တာပဲ။

တကယ်တော့လယ်သမားကြီးက ငယ်ငယ်က လယ်ရှင်။ လောင်းကစားရင်း  ကုန်သွားတာ။ သူ့ နေရာဝင်ယူတဲ့ လယ်ရှင်က လယ်ယာပြုပြင်ရေးလုပ်တော့ အသတ်ခံရရော။ မသေခင် မင်း အစား ငါအသတ်ခံရတာကွဆိုပြီး လယ်သမားကြီးကို အော်သွားတယ်။

ပြည်တွင်းစစ်မှာ သေဘေးက အကြိမ်ကြိမ်လွတ်ခဲ့တဲ့ သူ့သူငယ်ချင်းလည်း ယဉ်ကျေးမှုတော် လှန်ရေးအတွင်း အနှိပ်စက်ခံရတာမခံနိုင်လို့ သေကြောင်းကြံသွားတယ်။

Yu Hua ရဲ့စာအုပ်ကို Dai Sijie က “a work of astounding emotional power ” ဆိုပြီး ချီး ကျူးထားတယ်။

ကျွန်တော်ကတော့ ၁၉၉၀ မတိုင်မီ ကွန်မြူနစ် တရုတ်ပြည်ကို (ကျောက်ခဲဆားစိမ်ပြီး အရက်နဲ့ မြည်းရတယ်ဆိုတဲ့ ) တစ်ကွက်ထဲနဲ့  ထင်ဟပ်ပြနိုင်တဲ့ Dai Sijie ကို ပိုနှစ်သက်မိတယ်။

မိုးဆတ်

ကိုမိုးဆတ်ရေးခဲ့တဲ့ စာအုပ်နဲ့ ဆက်စပ်ပြီး အကြောင်းအရာ အချို့ကို အောက်မှာ ဆက်လက် တင်ပြလိုပါတယ်။ အပေါ်မှာရေးထားတာတွေနဲ့ပတ်သက်ပြီး သိထားရင်ပိုကောင်းနိုင်မယ့် အချက်တွေပါ။

စာရေးဆရာ Yu Hua ရဲ့ To live ၀တ္ထုကို ပထမဆုံးအကြိမ်အနေနဲ့ ၁၉၉၂ ခုနှစ်မှာ တရုတ် နိုင်ငံမှာ ထုတ်ဝေဖို့ ကြိုးစားခဲ့ပေမယ့် ထုတ်ဝေခွင့်ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ပိတ်ပင်ခံရတဲ့ အဓိက အကြောင်းရင်းကတော့ တရုတ်ကွန်မြူနစ်အစိုးရဲ့ မူဝါဒမှားယွင်းမှုတွေကို ဖော်ထုတ်ခဲ့ တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ စာအုပ် ထွက်ရှိလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။

တရုတ်-ဂျပန်စစ်ပွဲဟာ ၁၉၃၇ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ် ကြားကာလတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ တော်လှန် ရေးကာလအတွင်းမှာပဲ Communists နဲ့ Nationalists ကွဲထွက်သွားပါတယ်။ မော်စီတုန်းနဲ့ ချန်ကေရှိတ်။ ၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ်နိုင်ငံသစ် ပေါ်ထွက် လာတယ်။ တရုတ်နိုင်ငံသစ်ရဲ့ ငရဲစာမျက်နှာကတော့ ၁၉၆၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ယဉ် ကျေးမှုတော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒီကာလကို ဖြတ်သန်းခဲ့ကြသူတွေ အဖို့တော့ သူတို့တွေ့ ကြုံခဲ့ရတာတွေကို ဘယ်တော့မှ မမေ့နိုင်ခဲ့ကြပါဘူး။

စာရေးဆရာ Yu Hua ကလည်း ယဉ်ကျေးမှု တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ရတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။ Yu Hua ဟာ ၁၉၆၀ ပြည့်နှစ်မှာ မွေးလာခဲ့ပါတယ်။ မော်စီတုန်းက ၁၉၇၆ ခုနှစ် ကွယ်လွန်သွားခဲ့ပါတယ်။ Yu Hua ဟာအနေနဲ့တော့ ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၇၆ ခုနှစ် ၁၆ နှစ်တာ ကြားကာလမှာ ငယ်ရွယ်ပြီး အိပ်မက်တွေ ရှင်သန်နေဆဲ လူငယ် တစ်ဦးအနေနဲ့ ခေတ်ကိုဖြတ် သန်းခဲ့ရသူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်မြူနစ်အစိုးရရဲ့ဆိုးကျိုးတွေကိုလည်း တွေ့ကြုံ ခံစားခဲ့ရ ပါတယ်။ သူခံစားခဲ့ရတာတွေက နောက်ပိုင်းမှာ သူရေးတဲ့စာ တွေဖြစ်လာခဲ့ပါတယ်။ သူရေးသမျှ အတော်များများကလည်း သူ့ရဲ့အတွေ့အကြုံဖြတ်သန်း မှုတွေဖြစ်လာပါတယ်။

Yu Hua ရဲ့ ဘ၀ကို စာရေးဆရာအနေနဲ့ စခဲ့တာတော့ မဟုတ်ပါဘူး။ သွားဆရာဝန် တစ်ဦး အနေနဲ့ ငါးနှစ်လောက်လုပ်ခဲ့ပြီးမှ စာရေးဆရာ ဖြစ်လာခဲ့တာပါ။ ၁၉၈၄ ခုနှစ်အချိန်မှာ သူ စာရေးဆရာဖြစ်လာခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ တစ်ခုပဲရှိခဲ့ပါတယ်။ နိစ္စဓူဝနီးပါး လူ တွေရဲ့ ပါးစပ်ပေါက်ထဲ ကြည့်နေရတာမျိုးကို မလုပ်ချင်တော့တဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။

Yu Hua ဟာ ၂၀၀၂ ခုနှစ်မှာ ဂျိမ်းဂျိုက်စ်စာပေဆုကို ရထားခဲ့ပြီး လက်ရှိအချိန်အထိ ၀တ္ထုလေး အုပ်၊ ၀တ္တုတို ခြောက်အုပ်နဲ့ အက်ဆေး သုံးအုပ်ထွက်ထားခဲ့ပါတယ်။ ၀တ္ထု လေးအုပ်ကတော့ To Live (၁၉၉၂)၊ Chronicle of a Blood Merchant (၁၉၉၅)၊ Cries in the Drizzle (၂၀၀၃) နဲ့ Brothers (၂၀၀၅) တို့ဖြစ်ကြပါတယ်။ Brothers ကတော့ ၂၀၀၈ ခုနှစ်က ပေးခဲ့တဲ့ Man Asian စာပေဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ ဖိလစ်ပိုင်က စာရေး ဆရာ Miguel Syjucoရေးသားခဲ့တဲ့ Ilustrado၀တ္ထုက Man Asianစာပေဆု ရသွားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ Yu Hua ရဲ့ To live ၀တ္ထုထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ တရုတ်ဒါရိုက်တာ ကျန်ရိမူက ၀တ္ထုကိုအခြေခံပြီး To live ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ Ge You နဲ့ Gong Li တို့ ပါဝင်ခဲ့ကြပြီး ရှန်ဟိုင်း ရုပ်ရှင်စတူဒီယိုက ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း ဆက်ပြီး တော့အောင်မြင်မှုရခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအတွက် ဆန်ကာတင်စာရင်း ၀င်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ဗြိတိန်ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာတော့ နိုင်ငံခြားဇာတ်ကားဆု ရခဲ့ပါတယ်။ ဒီဇာတ်ကားဟာလည်း တရုတ်နိုင်ငံမှာ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။

Yu Hua ရေးခဲ့တဲ့ စာအုပ်တွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်၊ ကိုရီးယား၊ ဂျပန် စတဲ့ ဘာသာအမျိုးမျိုးနဲ့ ပြန်ဆိုထုတ်ဝေနေတာတွေရှိသလို နိုင်ငံတကာစာပေအသိုင်းအ၀ိုင်း ကြားမှာ ထင်ရှားတဲ့ တရုတ်စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။

တောကျောင်းဆရာ

တစ်နေ့သ၌ ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့်

8
Filed under အက်ဆေး

Malakoff by Henri Rousseau
- Malakoff by Henri Rousseau

အနှစ်သုံးဆယ် ကြာပြီးနောက် ကျွန်ုပ်လည်း ”အံမယ် ဘ၀ဆိုတာ တည်ဆောက်ယူရတာဟ”ဟု ရေရွတ်မိလေသည်။ လွန်ခဲ့သည့် တစ်နှစ်နှစ်နှစ်ကပင် ဘ၀ကို လှေကားလို တက်ချင်သူများဟု သူငယ်ချင်းတချို့ကို သရော်မော်ကား ပြောခဲ့ဘူးသေးသည်။ ယခုကား ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် မျက်စိတွင်း စီးဝင်လာသော ချွေးများကိုသုတ်ကာ လှေကားဘယ်မှာလဲ ပြူးတူးပြာတာ ရှာဖွေ နေရ ချေတော့သည်တမုံ့။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဖြစ်ချင်တာဆိုလို့ နော်ဗယ်တအုပ်တလေ ရေးနိုင်ချင်တာသာ ရှိခဲ့ သော ကျွန်ုပ်သည် ယခုအခါ တီဗွီဖိုက်တပ်ချင်တာ၊ ဘတ်စ်ကားဂိတ်နီးသော အထပ်နိမ့် တိုက်ခန်းငှားချင်တာ၊ အင်ဗာတာသို့မဟုတ် မီးစက်ဝယ်ချင်တာ၊ ဆူရှီခဏခဏစားချင်တာ၊ ဂျင်ဘီးမ်မှန်မှန်သောက်ချင်တာ တတာတည်းတာ၍ နေလေပြီ။ မောင်မောင်တာဟုပင် နာမည် ပြောင်းရအံ့။

ယခင်ကမူစာမဖတ်သူ၊ တခုခုကိုသိပ်မတတ်ပဲ တတ်ချင်ယောင်ဆောင်သူ၊ အရေးကြုံလျှင် လက် ရှောင်တတ်သူတို့ကို အပေါင်းအသင်းသိပ်မလုပ်ပဲ နေခဲ့ချေလေ၏။ သို့ရာတွင် ကြာလေလေအနှီ ပုဂ္ဂိုလ်တွေကို ရှောင်နေလျှင် လူ့လောကတွင် ပေါင်းစရာဆို၍ပေသီး၊ သင်းစရာဆို၍ဝှေးစေ့သာ ကျန်လိမ့်မည်ဟု သိ၍သိခါလာရချေသည်။

လွန်ခဲ့သည့် ငါးနှစ်က ၀ိုင်ဝိုင်းသီချင်းနားထောင်၍ ငပေါဟု ကျွန်ုပ်သတ်မှတ်ခဲ့သော သူငယ်ချင်း တို့သည် ၀ိုင်းစုခိုင်သိန်းနှင့် အင်န်ကိုင်ရာကို repeat ထည့်၍ဖွင့်နေသော ကျွန်ုပ်ကို ယနေ့ တွေ့ လျှင် အဘယ်သို့ ကောင်းချီးပေးကြမည်နည်း။ ၂၁ရာစုဆန်းစနှစ်များအတွင်း 21 grams နှင့် babel တို့ကိုသာ ရုပ်ရှင်ထင်ခဲ့ရာမှာ မနေ့တနေ့ကပင် Clash of the Titans ကို ပါးစပ် အ ဟောင်းသားနှင့် ငေးမောကြည့်ရှုခဲ့ကြောင်း တပါတည်း ၀န်ခံရချေတော့မည်။

မိုးဆတ်

ဖတ်မိခဲ့သော စာအုပ်များ – ၃

1
Filed under စာပေ

cover

မောင်ခင်မင်နဲ့ ဆန်းဒေးတိုင်းမ်
“ပြည်သူ့အတွက် မြန်မာစကားပြေ” မောင်ခင်မင် (ဓနုဖြူ)
စာပေဗိမာန်၊ ၂၀၀၉
“Better Business Writing” Timothy RV Foster
Kogan Page ၊ ၂၀၀၂

ဒီမှာ စာကို ဘယ်လိုရေးရမယ်ဆိုပြီး ရေးတဲ့စာအုပ်တွေ အင်မတန်ရှားပါတယ် (how to write..) (စကားစပ်ပြီး ပြောရရင် အဲဒီလို “ဒီမှာ အချိန်ကို တန်ဘိုးမထားကြဘူး၊ ဒီမှာ စည်း ကမ်း မရှိကြဘူး၊ ဒီမှာ ခံရပြီးနောက်တော့မေ့သွားတာပဲ” စတဲ့ လေသံမျိုးကို အင်မတန် မုန်း ပါတယ်။ ဒါပေမယ့် အဲဒီလိုပဲစဖို့ အကြောင်းဖန်လာပါတယ်) အဟောင်းထဲမှာတော့ ရန်ကုန် ဘဆွေတို့၊ ပီမိုနင်းတို့ ရေးတာတွေ ရှိမှာပေါ့လေ။ ဒါပေမယ့် ခေတ်နဲ့ညီအောင်ပြုထားပြီး (Updated) လေးစားလက်ခံလောက်တဲ့ အရေးအသားတော့ မတွေ့ရသေးပါ။ ကျွန်တော်တို့ လည်း ခုလို စာတိုပေစရေးနေတာလည်း စာဖတ်ဘူးတဲ့ အရှိန်နဲ့ ခေါင်းထဲပေါ်လာတာတွေ ချရေးနေခြင်းသာ ဖြစ်ပါတယ်။ တကယ်က နိုင်ငံတကာမှာ စာတစ်ပုဒ်မပြောနဲ့ စာတစ်ပိုဒ် ရေးနည်းတောင် သင်တန်းပေးပြီး သင်နေကြတာဖြစ်ပါတယ်။

ရှားရှားပါးပါးလို့ ဆိုရမယ့် ဆရာမောင်ခင်မင်ရဲ့ `ပြည်သူ့အတွက် မြန်မာစကားပြေ´စာအုပ်ကို စာအုပ်အညွှန်းတစ်ခုက တဆင့် သိရ၀ယ်ဖတ်ရပါတယ် ။ ခေါင်းထဲမှာ အ၀တ်တွေ ဖြစ်သလို ပုံထားသလိုမျိုး အရင်က ဟိုတစဒီတစသိထားတဲ့ဟာတွေကို မီးပူတိုက်ပြီး စီထပ်လိုက်သလို organized ဖြစ်သွားရုံသာမကဘဲ အ၀တ်အစားသစ်ပါ သုံးလေးစုံလောက် လက်ဆောင် ရလိုက်ပါတယ်။

ရက်မခြားဘဲ အင်္ဂလိပ်စာရေးနည်း (အပေါ်မှာ ခေါင်းစဉ်ဖော်ပြပြီး )စာအုပ်တစ်အုပ် ထပ်ဖတ် ဖြစ်ပါတယ်။ ခေါင်းစဉ်က business အတွက် ရည်ရွယ်ပေမယ့် အဓိကကတော့ communication theory တွေ ချရေးပြထားတာ တွေ့ရပါတယ်။

- သင့်ရဲ့အရေးအသားဟာ စာဖတ်သူစိတ်ထဲမှာ ပေါ်လာမယ့် မေးခွန်းတွေကို ကြိုတင်တွက်ဆ ဖြေဆိုပြီး ဖြစ်ရမယ်။

- သင့်ရဲ့ layout ဟာ သင်ဖော်ပြထားသမျှစာတွေကို စာဖတ်သူက နှံ့နှံ့စပ်စပ် ဖတ်ရှုမိအောင် အထောက်အကူ ပေးနိုင်ရမယ် စသည်ဖြင့် ပါဝင်ပါတယ်။

စာအုပ်နှစ်အုပ်စလုံးမှာ စကားအပို (redundant word) တွေလျှော့ ၊ သဘောတရား (abstract) ထက် အကောင်အထည် (concrete)နဲ့ ပြနိုင်အောင်ကြိုးစား စသည့်ဖြင့် တူညီတဲ့ သဘောတရားတွေလည်း အများကြီးပါဝင်ပါတယ်။ စာအုပ်နှစ်အုပ်စလုံးကို မြန်မာ (၅၀၀ကျပ်)၊ အင်္ဂလိပ် (၁၅၀၀ကျပ်)နဲ့ စာအုပ်ဆိုင် အတော်များများမှာ အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။

ဆယ်နှစ်
“၀တ္ထုတိုများ-၂” ရဲဘုန်းခေါင်
ကျော်မွှေး၊ ၂၀၀၈ ဧပြီ

ဖတ်လေ့မရှိတဲ့ စာရေးဆရာ။ တကိုယ်ရေ ညဉ်းချင်းများသည်ဟု ယူဆ။ ၀တ္ထုတိုပေါင်းချုပ် ဖတ် လိုက်တဲ့အခါ သူ့အနာကို သိလာတယ်။ သူ့အနာသူ လျှာနဲ့ရက်နေတာ တွေ့လာတယ်။ သူ့ဝတ္ထုတိုပေါင်းချုပ်ဟာ ၀တ္ထုရှည်ဖြစ်လာတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တခုမှာ လူတစ်ယောက် သယ်ဆောင်လွင့်ပါသွားပုံကို ခဏရပ်ကြည့်မိခဲ့ပါတယ်။
အသက် ၃၁၊ ၃၃မှာ
နယ်စပ်မြို့ကလေးမှာ ကြေးပြားခေါ်သံ
(စာ – ၆၄၊ ငွေစက္ကူတွေကြောင့်ပဲပေါ့)
(စာ – ၆၈၊ Money.. ? Money?)
(စာ – ၁၀၅၊ အဲဒီလို စိတ်လိုက်မာန်ပါ လုပ်ဆောင်လိုက်ခြင်းအားဖြင့် သူနှင့်သူ့မိသားစုတို့ ဘက်မှာ စွန့်လွှတ်နစ်နာသွားမည့် အတိုင်းအဆ ပမာဏတချို့)
ကိုနာခံရင်း မိသားစုနဲ့ ခွဲခွာနေထိုင်နေရတဲ့ စာရေးဆရာဟာ အိမ်ကိုလွမ်း၊ မြို့ပြကိုလွမ်း၊
(စာ – ၁၀၂၊ သူ့သားတွေနဲ့ အတူတူ အိပ်မောကျနေသည့် သူ့မိန်းမကများ လွှတ်ခနဲ ရမ်းယောင်ကာ သူ့ကို လှမ်းအော်ခေါ်နေခဲ့ပြီလား)
(စာ- ၁၀၄၊ သူလည်းပဲ အောက်က မြေသားအုံမပါဘဲ အစိုက်ခံရသည့် သစ်ပင်တစ်ပင်လို)
ဘ၀ရဲ့အဓိပ္ပါယ် သို့မဟုတ် ရှင်သန်ခြင်း၌ ပျော်ရွှင်ကျေနပ်မှု ပျောက်ဆုံး
(စာ – ၇၀၊ လူ့ဘ၀ဆိုတာ ဘာလဲ…။ ဘာလဲ ငါလည်း သိပ်မသိသေးပါဘူး)
(စာ – ၁၀၉၊ ထိုစဉ်အခါတုန်းက ဘ၀ဆိုတာ အခုလောက် ခက်ခဲလိမ့်မည်၊ အခုလောက် ရှု့ပ်ထွေး လိမ့်မည်၊ အခုလောက် အပြောကျယ်လိမ့်မည် ဆိုတာတွေ ကြိုတင် မရိပ်စာမိရိုး အမှန်ပါ)
(စာ – ၁၁၀၊ အသက်သုံးဆယ်ကျော် အရွယ်ရှိလာခဲ့ ပြီဖြစ်သော လူတစ်ယောက်က လူ့ဘ၀ ကြီးမှာ ဘယ်လိုမှ ပျော်အောင် နေလို့မရတော့ပါဘူးဟု ရိုးရိုးသားသား ပြောဆိုလာခဲ့လျှင်) နေခဲ့ပါတယ်။ ဆယ်နှစ်တာ တိုက်ခတ်ခဲ့တဲ့လေတွေ လွန်မြောက်သွားပြီး နောက်မှာတော့ စာရေးဆရာရဲ့ စိတ်တွေ အနည်ထိုင်လာတယ်လို့ ပဲပြောရမလား၊ adapted ဖြစ်လာတယ်ဆို ပိုကောင်းမယ် ထင်ရဲ့။
(စာ – ၁၆၇၊ မြို့ကလေးကို ကျွန်တော်က နားလည်လာသလို မြို့ကလေးကလည်း နားလည် လာခဲ့သည်)
(စာ – ၂၂၇၊ သာတောင့်သာယာ ရတောင့်ရခဲ့ ခံစားခွင့်လေးတွေ ရနေတုန်း အချိန်လေးတွေမှာ အစွမ်းကုန် ခံစားပစ်လိုက်ရုံပဲလို့ ကျွန်တော် တခါတရံ တွေးမိပါတယ်)
(စာ – ၂၂၉၊ ဘယ်အရာမဆို ပျင်းစရာကောင်း လိုက်တာလို့ တွေးနေရင် ပျင်းစရာကောင်းနေမှာ ဖြစ်ပြီး `ပျင်းစရာ မကောင်းလှပါဘူး´လို့ တွေးရင်လည်း ပျင်းစရာ မကောင်းလှပါဘူးလို့ ထင်ရတာပဲ မဟုတ်လား)

မိုးဆတ်

ဖတ်မိခဲ့သော စာအုပ်များ – ၂

2
Filed under စာပေ

book 1

မိန်းမနဲ့ နိုင်ငံရေး
‘ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ’ ရေးသူ-တင်ညွန့်
တရားသစ္စာစာပေ၊ ၂၀၁၀ ဖေဖော်ဝါရီ

သင်္ကြန်ရက်မှာ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်ပါ။ နိုင်ငံရေးအရှုပ်တော်ပုံလို့ နာမည်တပ်ထား ပေ မယ့် စာအုပ်တစ်ဝက်လောက်က နိုင်ငံရေးလောကက လူတွေရဲ့လူမှုရေး အရှုပ်တော်ပုံတွေပဲ ဖြစ်ပါတယ်။ အရှုပ်တော်ပုံ (scandal) နာမည်တပ်ပြီး လူအများက စိတ်ဝင်တစားရေးသား ဖတ်ရှုကြတယ်ဆိုတာ ပါဝင်ပတ်သက်သူတွေရဲ့ ထင်ရှားကျော်ကြားမှု၊ အရေးပါမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ သာမန်လူတွေရဲ့ scandal တွေကတော့ လက်ဘက်ရည်ဆိုင်နဲ့ ဥပုသ်ဇရပ်တွေမှာပဲ နှုတ်အားဖြင့်သာ ပြောဆိုနာကြားမှု ပြုကြတာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ scandal တွေကတော့ ပါဝင်ပတ်သက်သူတွေသာမက အစိုးရနဲ့ နိုင်ငံအဆင့်အထိ သက်ရောက်မှုတွေ ဖြစ်စေခဲ့တာတွေ့ရပါတယ်။ စာ-၁၅၅က ချားပါနဲလ် (အိုင်ယာလန်ခေါင်းဆောင်)နဲ့ ကစ်တီအိုရှီး တို့ရဲ့ ဇာတ်လမ်းဟာ အိုင်ယာလန်နိုင်ငံရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိခဲ့တာတွေ့ရ သလို စာ-၄၇က ပရိုဖူမို (ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီး)ရဲ့ ဇာတ်ရှုပ်ကြောင့် ကွန်ဆာဗေးတစ် အစိုးရတစ်ခုလုံးကို ထိခိုက်စေခဲ့တာ စတာတွေကို တွေ့ရပါတယ်။ မိန်းမကိစ္စကြောင့် တစ်ဦး တစ်ယောက်ချင်းဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေ (စတုန်းဟောက်စ်၊စာ – ၁၈၃)အကြောင်း သာမက မိန်းမက ယောက်ျားထက် သြဇာထက်ခဲ့လို့ (အီဗာပီရွန်၊ စာ – ၁၃၁)၊ မိန်းမက ပါဝင် စွက်ဖက်လို့ (အီမယ်လ်ဒါမားကို့စ်၊ စာ – ၂၁၉)နိုင်ငံအတိုင်းအတာနဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရ တာတွေကိုလည်း ဖော်ပြထားပါတယ်။

မှတ်ချက်။ ဒီစာမှာ ဖော်ပြတဲ့ မိန်းမဆိုတဲ့ စကားလုံးဟာ wife သို့မဟုတ် partner ကိုညွှန်းခြင်း ဖြစ်ပြီး female ကို ဆိုလိုခြင်းမဟုတ်ပါ။

ကျင့်ဝတ်နှင့် ဆရာဝန်
‘နွယ်မြက်ရှင်’၊ အတွဲ (၁) အမှတ် (၄)
Family Publishing House

ခေါင်းစဉ်ကတော့ လူအများ စိတ်ဝင်စားမယ့် ခေါင်းစဉ်ပေးထားတာပါ။ အဓိက ပြောချင်တာက ထူးခြားတဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်တဲ့အကြောင်းပါ။ Circulation Price က ကျပ် ၅၀၀ လို့ ဖော်ပြထား (တစ်အုပ်လုံး ကြွေစက္ကူနဲ့ ရိုက်ထား)ပြီး Subscription Rate က ၁၂အုပ်စာကို ကျပ် နှစ်သောင်းလို့ ဖော်ပြထားတာမို့ subscribe လုပ်ဖတ်ရင် ဈေးပိုကြီးတဲ့ ကမ္ဘာ့တစ်ခုတည်းသော မဂ္ဂဇင်းလည်း ဖြစ်နိုင်ကြောင်းပါ။ ကြော်ငြာတွေကို စာဖတ်သူတွေကို သတင်းအချက်အလက် ပေးနိုင်မှ၊ အထဲမှာပါတဲ့ စာတွေနဲ့ ကိုက်ညီမှုရှိမှ လက်ခံမယ်လို့ ဆိုထားပါတယ်။ ဒီနေ့လို ကြော်ငြာနဲ့ marketing ကို အယ်ဒီတာက ဦးထိပ်ပန်ဆင်နေရတဲ့အခါမှာ ဒီမူကတော့ ထူးတယ် လို့ပဲ ဆိုပါရစေ။ (တကယ်လည်း အထဲမှာ ဆေးကြော်ငြာတွေပဲ ပါပါတယ်) စာအုပ်ဖြန့်ချိမှုနဲ့ ပတ်သက်လို့ကတော့ ‘a controlled circulation for medical professionals and healthcare professionals throughout Myanmar’လို့ ဆိုထားတဲ့ အတွက် စာအုပ်ဆိုင်တွေမှာ ၀ယ်လို့ရမယ့်ပုံမပေါ်ပါ။ ဆောင်းပါးအများစုက ပညာရပ်ဆိုင်ရာဆောင်းပါတွေသာ ဖြစ်ပါတယ်။ အနှီမဂ္ဂဇင်းဟာ ဆေးကောင်စီက ဒေါက်တာလှမြင့် နာယကလုပ်ထားတဲ့ မဂ္ဂဇင်းဖြစ်ပြီး အထဲမှာ Ethical Principles for Medical Professionals ဆိုတဲ့ ဆောင်းပါး(ဒေါက်တာချစ်စိုးရေး) ပါနေ လို့ တလောက ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ် ဖြစ်ခဲ့ရတဲ့ ကိစ္စမှာ ဆေးလောကရဲ့ ethics ဆိုတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် သိချင်တဲ့လူ၊ သိဖို့လိုတဲ့လူတွေ ရှာဖွေဖတ်ရှု သင့်ကြပါတယ်။

ကျွန်တော် အရက်ဝယ်ကြက်ဖမ်း (စီနီယာ)
‘နိုင်ငံရေး အတွေ့အကြုံများ’၊ ကိုသန်း (ကြည့်မြင်တိုင်)
ပင်ဝါးရုံစာပေ၊ ၂၀၀၉ နိုဝင်ဘာ

ဒီစာအုပ်ထဲမှာ ပါတဲ့ဆောင်းပါအများစုကို မဂ္ဂဇင်းတွေထဲမှာ ဖတ်ပြီးဖြစ်ပါတယ်။ အဲဒီလို ဖတ် ရစဉ်က ကြိုက်ခဲ့ပါတယ်။ ကိုသန်းရဲ့ စာတွေ ရိုးဂုဏ်ရှိတယ်လို့ ထင်မြင်ခဲ့သလို ရသပါတယ်လို့ လည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုလို စာအုပ်အနေနဲ့ တစုတစည်း ဖတ်လိုက်တဲ့အခါမှာ အဲဒီအမြင်တွေ ပြောင်းသွားပါတယ်။ အဓိကကတော့ အီသွားတာပါပဲ။ ငယ်ငယ်က ကျွန်တော့် အတွေ့အကြုံတစ်ခုနဲ့ ယှဉ်ပြောရရင်တော့ ငါးမုန့်ကြော်ကို ထမင်းလွတ်စားသလိုပါပဲ။ ငယ်ငယ်က သူငယ်ချင်းရှင်ပြုမှာ ငါးမုန့်ကြော်တွေကို နေ့လည်စာ အလွတ်စားလိုက်မိလို့ ကျွန်တော် နောက်နှစ်တော်တော်ကြတဲ့အထိ ငါးမုန့်ကြော် စားလို့မရတော့ပဲ ဖြစ်ဘူးပါတယ်။ အခုလည်း စတိုင်သစ်တို့၊ မိုးတို့မှာ ရေနွေးကြမ်းအမြည်း လုပ်ခဲ့တဲ့ ကိုသန်းရဲ့ဆောင်းပါးတွေ ဟာ စာအုပ်အနေနဲ့ ကိုင်ဖတ်လိုက်တော့ ဆုံးအောင်ဖတ်ဖို့ ခက်တဲ့အထိဖြစ်သွားပါတယ်။ ဒီလို ဖြစ်ရတဲ့အထဲမှာ အရင်တစ်ပုဒ်ချင်းဖတ်စဉ်က မသိသာခဲ့တဲ့ ကိုသန်းရဲ့ ‘ငါကတော့ လွတ်လပ် ရေး ကြိုးပမ်းမှုမှာ အရက်ဝယ်ကြက်ဖမ်းနေရာက ပါခဲ့တာကွ၊ အေးဒါပေမယ့် အထင်တော့ မသေးနဲ့၊ ငါက အရက်ဝယ်ကြက်ဖမ်း(စီနီယာ)ကွ´ဆိုတဲ့ လေကြီးက အပုဒ်တိုင်း နီးပါးမှာ ပါနေ တာကြောင့် တစ်ကြောင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း စာရေးသူရဲ့ အပြစ်လို့တော့ မဆိုလိုပါ။ နဂိုကတည်းက ဆောင်းပါအဖြစ် ရေးရတာမို့ တစ်ပုဒ်ချင်းမှာ မိတ်ဆက် သဘောမျိုး ထည့်ခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလ နိုင်ငံရေး နောက်ခံတွေရေးရင် မပါမပြီးတဲ့ ဗိုလ်ချုပ်ရဲ့ sketch တွေ (ညီလာခံတွင် ပုဆိုးကျွတ်ကျသည့် ဥက္ကဌကြီး၊ အမှုဆောင်များ ၀ါးလုံးထဲဝင်ကြပါ၊ ဗိုလ်မှုးသူရ) ပါသလို ယောက်ဖကို ခေါ်ခဲ့ဦး၊ နှုတ်ခမ်းမွေးနဲ့ ဗိုလ်ချုပ်လို ရသပါတဲ့ ဆောင်းပါး တွေ၊ ၁၉၆၃ ထောင်ထဲမှာ ဦးကျော်ငြိမ်း သတ်သေဖို့ကြံစည်တဲ့ အကြောင်းလို တွေးစရာတွေ ချန်ထားပေးတဲ့ အရေးအသားတွေလည်း ပါပါတယ်။ ဖတ်ခွင့်ရှိတဲ့ စာအုပ်ကိုပဲ ဖတ်ရမယ်ဆိုရင်တော့ ဖတ်သင့်တဲ့ စာအုပ်လို့ပဲ ဆိုရပါမယ်။

မိုးဆတ်

အချာကဗျစ်

1
Filed under ကဗျာ

Charles_Warren_Eaton_The_Stump_Lot
- The Stump Lot by Charles Warren Eaton(1857–1937)

ဘာကြောင့် မောင့်ကိုပိုချစ်သွားတယ်ဆိုလား
ကွမ်းယာဆိုင်ကစာသားလို
ငါလည်းအချင်းဆေးစရာလင်ပန်းကိုမရှိလို့
လူပြောသူပြောများတဲ့
ဥတုရာသီပြောင်းပြန်ပြန်ပြီစာအုပ်ကို
အင်္ဂလိပ်လိုမဖတ်ဘူးလို့
မော်ဝါဒနှင့် အညီတည်ဆောက်ထားသော
သန့်ရှင်းသည့်အိမ်သာများလား
လွှတ်တော်တွင် ခန့်အပ်ထားသည့်အမတ်များ
ဆိုပါလား
ရှပ်အကျီဟာ ယုံကြည်ချက်ဖြစ်ချင်ဖြစ်ကွယ်
လပေါ်မှာ ဗိုလ်ချုပ်ပုံ
ဂေါ်ဘာချက်နဖူးမှာ မြန်မာပြည်ပုံ
အခုကျမဘယ်သူကို မဲပေးရမလဲ
ငြင်းစရာမရှိ
ဒီအခန်းမှာ မင်းနဲ့ငါသာရှိ
တစ်ခေါက်ပြီးတော့ တစ်ခါ
ချစ်ရတာ
ဘတ်စ်ကားပေါ်မှာ ထိုင်ခုံလုသလောက်
ပိုက်ဘောမိနေတဲ့ ၂ရာတန်အစုတ်ကို ပြန်ထုတ်ရသလောက်
ကဲပါ
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့
ငါတို့လည်း ကြွပ်ကြွပ်အိပ်အစား….

မိုးဆတ်