
- Porte-Fenetre a Collioure(1914) by Henri Matisse
တယ်လီဖုန်းတွေက သတင်းဆိုးတွေသယ်ဆောင်လာတတ်မှန်း
အဖေမဆုံးခင်အထိ ကျွန်တော်မသိ
အဝေးပြေးလမ်းတွေက မိသားစုတွေရဲ့လွမ်းခန်းကို ဇာတ်ပို့တတ်မှန်း
အဖေမဆုံးခင်အထိ ကျွန်တော်မသိ
လူဖြစ်ရခြင်းမှာ ရှင်ခြင်းနဲ့သေခြင်း နံရံပါးပါးလေးမှန်း
အဖေမဆုံးခင်အထိ ကျွန်တော်မသိ
ဖခင်တစ်ဦးရဲ့အားကိုးရာမဲ့နောက်ဆုံးထွက်သက်မှာ သူ့အာရုံက
ဇနီး သားနဲ့သမီးဆီမှာလား
နာကျင်မှုတွေဆီမှာပဲလား
ခုတော့အဖေဆုံးပြီ
အဝေးပြေးလမ်းပေါ်က မော်တော်ယာဉ်မတော်တဆမှုတစ်ခုက
တယ်လီဖုန်းကတစ်ဆင့် ကျွန်တော်တို့ မိသားစုကို အသည်းခွဲခဲ့တယ်
ငယ်ငယ်တုန်းက သူ့စက်ဘီးအိုပေါ်ကျွန်တော့်ကိုတင်ပြီး ဘုံဆိုင်သွားတတ်တဲ့အဖေ
ကျွန်တော်အတန်းထဲအဆင့် ၁ မရလို့ တိုင်မှာကြိုးတုပ်ပြီး ရိုက်ခဲ့တဲ့အဖေ
ကျွန်တော့်အတွက် ဂုဏ်ယူစရာဆို တစ်ရပ်ကွက်လုံးကြားအောင် ငါ့သားကွလို့ ဟစ်တတ်တဲ့အဖေ
ကျွန်တော့်ရဲ့ ဒိုင်ယာရီကို ခိုးခိုးဖတ်ပြီး တစ်ယောက်တည်းပြုံးတတ်တဲ့အဖေ
ကျွန်တော့်ရဲ့ ရှားရှားပါးပါး မိသားစုကဗျာကိုဖတ်ပြီး မျက်ရည်ကျတဲ့အဖေ
အနှစ်သုံးဆယ်နီးပါးသောက်လာတဲ့အရက်ကို ကျွန်တော်တို့အနာဂတ်အတွက်ဆိုပြီး တိခနဲဖြတ်တဲ့အဖေ
ကျွန်တော်နဲ့နောက်ဆုံးစကားပြောတုန်းက တယ်လီဖုန်းထဲကနေ ကျန်းမာရေးဒေါင်ဒေါင်မြည်ပဲပြောတဲ့အဖေ
အဖေ့ကို ကျွန်တော်နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့သော နှစ်နှစ်
အမေနဲ့ညီမလေး တစ်နေရာ ကျွန်တော်တစ်နေရာ အဖေတစ်နေရာ
အဲဒီလို မိသားစုဘ၀ကို ပြန်စုစည်းဖို့အဖေ ကြိုးစားနေတုန်း
ကျွန်တော်လည်း အရက်ပြတ်နေတဲ့အဖေကို အရက်အကောင်းစားတွေတိုက်နိုင်ဖို့စိတ်ကူးယဉ်နေတုန်း
အဖေဟာ ကျွန်တော့်ပိုက်ဆံနဲ့ သူကြိုက်တဲ့ ခေါက်ဆွဲကြော်လေးတောင်မစားဖူးလိုက်ဘူး
တကယ်တော့ ကျွန်တော်အဖေကို မချစ်ဘူး
မိသားစုကောင်းကင်က ခဏခဏထွက်ပြေးတဲ့ ကြယ်အလေအလွင့် တစ်ပွင့်က ကျွန်တော်
အဖေတို့အမေတို့က သံယောဇဉ်မရှိသူလို့စွပ်စွဲတဲ့ ကျွန်တော်
အခု ပူလောင်နေပါတယ်
အဖေ့ ခန္ဓာကိုယ်ကို ကျွန်တော်တခြားသူတွေရဲ့အဖေတွေတုန်းကလို ရပ်ကြည့်နေမလား
ကျွန်တော် ၀မ်းနည်းနေမလား မသဲကွဲဘူး
အဖေ့အသက်ဓာတ်မီးဟာ ချုပ်ငြိမ်းသွားခဲ့ပါပြီ
ကျန်တဲ့မိသားစုလေး မှောင်မသွားဖို့ ကျွန်တော့်ဘ၀ကို ဆက်လက်ထွန်းညှိထားပါတယ်
အဖေရှာမတွေ့ခဲ့တဲ့ ပျော်စရာရတနာသိုက်ကို ဆက်ရှာဖို့ ကျွန်တော်ရွက်လွှင့်တော့မယ်အဖေ
တကယ်ဆို အဖေသွားတာ စောနေသေးတယ် အဖေ။
ပီမို
မှတ်ချက် ။။ ကျွန်တော်ဟာ နိမိတ်ဆိုးတွေကို သယ်ဆောင်တတ်သူလား။ ဘယ်လို သရုပ်ဖော်ဖော် ဘ၀က ဘ၀ပဲ ဆိုတဲ့အရေးအသားကို ရေးပြီး မကြာခင်မှာ ကျွန်တော် အဖေက မော်တော်ကား မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အခုကဗျာကို အဖေ ကွယ်လွန်တဲ့ သတင်းကြားတဲ့ ၁၅-၀၃-၂၀၁၀ မှာ ရေးပါတယ်။ ကိုယ်ရေးကိုယ်တာဆန်နေပြီး ကျွန်တော်လည်း ဒီလိုမှ မရေးရင် လက်ရှိ မငိုမရယ် ရင်ဘတ်ထဲ ဘယ်လိုမှပြေမှာ မဟုတ်လို့ပါ။
- ပီမို
ကိုပီမိုရဲ့ ဒီစာကို လက်ခံရရှိတဲ့အချိန်မှာ ကျွန်တော်က ကျန်းမာရေးမကောင်းတဲ့ အမေနဲ့ ဆေးရုံပေါ် ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ စာကိုတွေ့ပြီးစမှာပဲ စိတ်ကထုံထိုင်း သွားခဲ့ပါတယ်။ ကိုပီမိုရဲ့ အခြေအနေကို ကျွန်တော်သိတဲ့အတွက် စိတ်မကောင်းတာ၊ ၀မ်းနည်းတာ ဆိုတာမျိုးတွေထက် ပိုခံစားမိပါတယ်။ ဒီထက်ပိုတဲ့ စကားလုံးတွေ ကျွန်တော် ရှာမတွေခဲ့ပါဘူး။ ကောင်းမွန်ရာ ဘုံဘ၀ရောက်စေဖို့ သွားလေသူအတွက် ဆုတောင်း ပေးလိုက်ပါတယ်။
- တောကျောင်း


