Category Archives: စာပေ

ပဉ္စမအကြိမ် ရွှေအမြုတေစာပေဆုနှင့် . . .

1
Filed under စာပေ

SH
- ဆုရွေးချယ်ရေးအဖွဲ့နှင့် ဆုရခဲ့သူများ

ကဗျာဆု- မောင်လင်းရိပ်
(၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်း၌ ဖော်ပြခဲ့သော
နွေဦးကို.. နွေဦးနဲ့ .. နွေဦးမှာ .. နွေဦးသာ ကဗျာဖြင့်)

ဝတ္ထုတိုဆု – လဲ့ဝင်းကြည်ချို
(၂၀၀၉ ခုနှစ်၊ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်း၌ ဖော်ပြခဲ့သော ကြာတောမှဗေဒါ
ဝတ္ထုတိုဖြင့်)

ရသစာတမ်းဆု- နောင်ကျော်
( ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်း၌ ဖော်ပြခဲ့သော
ကျွန်တော်နှင့် အလှူခံများ ရသစာတမ်းဖြင့်)

မျိုးဆက်သစ်ဆု- ငွေကြယ်စင်
( ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း၌ ဖော်ပြခဲ့သော
ဆန်သူခိုး ၀တ္ထုတိုဖြင့်)

ဆောင်းပါးဆု- ငြိမ်းသစ်
( ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်း၌ ဖော်ပြခဲ့သော
ပုံနှိပ်ကြေးရုပ်များ ဆောင်းပါးဖြင့်)

ဝတ္ထုရှည်ဆု- သင်းရီ
(၂၀၁၀ ပြည့်နှစ်၊ ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်း၌ ဖော်ပြခဲ့သော
အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်း တစ်ခဏအတွင်း၌ ၀တ္ထုရှည်ဖြင့်)

၂၀၁၀ပြည့်နှစ် မေလ ၂၈ရက်နေ့ ညပိုင်းက ကုန်သည်ကြီးများဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပဉ္စမ အကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲမှာ ဆုရရှိခဲ့ကြသူတွေဖြစ်ပါတယ်။ ပေးခဲ့တဲ့ဆုတွေ မှာ ၀တ္ထုတိုနဲ့ ၀တ္ထုရှည် စတဲ့ဆုတွေမှာ ရွှေအမြုတေမှာဖော်ပြခဲ့တဲ့ စာမူတွေက ဆုရသွားလေ့ရှိ တဲ့အတိုင်း ဒီနှစ်မှာလည်း အစဉ်အလာအတိုင်းရှိခဲ့ပါတယ်။ ရွှေအမြုတေစာပေဆုပေးပွဲတိုင်းမှာ ရွှေအမြုတေမှာ ဖော်ပြထားတဲ့ စာမူတွေကပဲ ဆုအများဆုံး ရရှိနေတတ်တာကတော့ နှစ်ကြာ လာတဲ့အခါ (ငါးနှစ်တောင်ရှိလာတဲ့အခါ) စိတ်ထဲမှာ မချင့်မရဲဖြစ်လာပါတယ်။ မြန်မာစာပေနယ် မှာ ရွှေအမြုတေမှာဖော်ပြတဲ့ ၀တ္တုအတို၊ အရှည်၊ စာမူတွေကပဲ အကောင်းဆုံးဖြစ်နေတာလား။ တစ်ဖက်က ပြန်ကြည့်ပြန်ရင်တော့ ရွှေအမြုတေစာပေဆု ဖြစ်တာမို့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ရွှေစံကိုက်ခြင်း၊ မကိုက်ခြင်း စတာတွေနဲ့လည်း သက်ဆိုင်နေမှာ အမှန်ပါပဲ။ ဒီအတွက်ကြောင့် ရွှေစံကိုက်ခြင်း၊ မကိုက်ခြင်း ကိစ္စရပ်ကို ထည့်သွင်းဝေဖန်မှုမပြုလိုတော့ပါ။ ခေတ်ပြိုင်ခံစားမှု၊ အနုပညာမြောက်မှု၊ အတတ်ပညာရှိမှု၊ စာဖတ်သူကို မက်ဆေ့ခ်ျပေးနိုင်မှု၊ ဆုနဲ့ထိုက်တန်မှု စတာတွေဟာ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ မူတွေဖြစ်ပါတယ်။ ဒီအချက်အားလုံး ပြည့်စုံနိုင်ဖို့ဆိုတာ လက်ရှိအနေအထားအရ သိပ်မလွယ်ကူနိုင်တာတော့ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။

မနှစ်က စတုထ္ထအကြိမ် ရွှေအမြုတေစာပေဆုပေးပွဲမှာတော့ ဆုရွေးချယ်ရေးအဖွဲ့(ထက်မြက်၊ မောင်ခိုင်လတ်၊ တင့်ခိုင်၊ မောင်လွင်မွန်(ကသာ)နဲ့ မျိုးမြင့်ညိမ်း) ကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်တစ်နှစ်(ပဉ္စမအကြိမ်မြောက်) ဆုပေးပွဲလုပ်ဖို့ မသေချာတော့ကြောင်းလည်း ပြောထား ခဲ့ပါတယ်။ ဒါပေမယ့် ပဉ္စမအကြိမ်မြောက်ဆုပေးပွဲကို ဆက်လုပ်ဖြစ်ခဲ့ပါ တယ်။ မနေ့တစ်နေ့ကမှ စာပေစာနယ်ဇင်းအဖွဲ့ရဲ့ ဥက္ကဌဖြစ်လာသူ ဦးတင်ခကလည်း ဆုပေးပွဲဆက်လုပ်ဖို့ တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့အပြောင်းအလဲဖြစ် သွားပါတယ်။ ဒီနှစ်ဆုရွေးချယ် ရေးအဖွဲ့ဝင်တွေထဲမှာ ထက်မြက်၊ တင့်ခိုင်၊ မောင်ခိုင်လတ်တို့ ပြန်ပါလာခဲ့ပြီး အသစ်အနေနဲ့ မင်းချမ်းမွန်ပါလာခဲ့ပါတယ်။ ဆုရွေးရေးချယ်ရေးအဖွဲ့ သိပ်အပြောင်းအလဲ မရှိခဲ့ဘူးလို့ ဆိုနိုင် ပါတယ်။ နောက်တစ်နှစ်အတွက် ဆုပေးဖို့ရာ လက်ရှိဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်း မယ်လို့ ဆိုထားပါတယ်။ ထက်မြက်၊ တင့်ခိုင်၊ မောင်ခိုင်လတ်တို့ ပြန်ပါလာဦးမည်လား။

တစ်ဦးတည်းအမြင်အရ ပြောရင်တော့ ဒီနှစ်မှာပေးခဲ့တဲ့ ရွှေအမြုတေစာပေဆုရ စာမူတွေဟာ အရင်နှစ်က ရခဲ့တဲ့ရွှေအမြုတေဆုရ စာမူတွေလောက် အားကောင်းမှု မရှိဘူးလို့ မြင်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကို လုံးဝ အပြောင်းအလဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဆုငွေကြေး တန် ဖိုးအရရော၊ ပရိသတ်စိတ်ဝင်စားမှုအမြင်မှာပါ အသက်ပါမှုရှိလှတဲ့ စာပေဆုတစ်ဆုအနေနဲ့ မြန်မာစာပေလောကအပေါ် လွှမ်းခြုံနိုင်ဖို့ လိုအပ်မှုတွေရှိနေပါသေးတယ်။ အခုအခြေအနေမှာ တော့ အကောင်းဘက်မှာ ရှိပါသေးတယ်။ လက်ရှိထက်ပိုကောင်းနိုင်စေကြောင်း ဆန္ဒပြုပါတယ်။

တောကျောင်းဆရာ

ဖတ်မိခဲ့သော စာအုပ်များ – ၎

3
Filed under စာပေ

1400031869

ကြက်တစ်အုပ်နဲ့ ကွန်မြူနစ်တရုတ်ပြည်

Yu Hua ရဲ့ To Live ဖတ်ဖြစ်ပါတယ်။

တရုတ်-ဂျပန်စစ်ပွဲ(၁၉၃၇-၄၅) ကစလို့ ၁၉၈၀ထိ တရုတ်နိုင်ငံ အကြောင်းကို လယ်သမားတစ် ယောက်ရဲ့  ရှုထောင့်ကနေ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

လယ်သမားတစ်ယောက်ရဲ့ ရှုထောင့်ကို ယူတဲ့အတွက် သမိုင်းရေးရာတွေကို ခရေ့စေ့တွင်းကျ ဖော်ပြဖို့မလိုဘဲ သမိုင်းဖြစ်စဉ်တွေက လူ(သာမန်)တစ်ယောက်ရဲ့ ဘ၀ကို ဘယ်လိုရိုက်ခတ် သလဲဆို တာကိုပဲ ရိုးရိုးရှင်းရှင်း ပြခွင့်ရထားတယ်။

• အမေအတွက် ဆေးထွက်ဝယ်ရင်း တပ်ထဲဆွဲသွင်းခံရတာ ၂နှစ်ကြာ
• လူကြီးမိန်းမအတွက် သွေးလှူရင်းသားဆုံး
• ဆေးရုံမှာ မီးဖွားရင်း သမီးသေ
• သားမက်က ကုန်ထမ်းရင်း ကုန်ပိပြီးသေ
• မြေးကလည်း လယ်ကွင်းထဲမှာ အကြီးအကျယ်ဖျားနေတုံး ပဲချည်းပဲစားရလို့ ပဲစေ့နင်ပြီးသေ
• မိန်းမက စနစ် + လူ ရဲ့ အကျိုးကျေးဇူးတွေ ခံယူရင်း လုံးပါးပါး

တရုတ်တွေက မျိုးရိုးစဉ်ဆက်နဲ့ ဥစ္စာဓနအင်အားကို တည်ဆောက်ကြတာ။ အဘိုးနဲ့ မြေးနဲ့ စကားပြောကြတယ်။ အဘိုးကပြောတယ် ။ မျိုးဆက်တစ်ဆက်မှာ ကြက်တစ်အုပ်ဆိုရင် နောက် တဆက်ကျတော့ ငန်းတစ်မ၊ နောက်တဆက်ကျပြန်ရင် နွားတစ်အုပ်။ ပြီးတော့ရော .. မြေးလုပ် သူကမေးတယ်။ အဘိုးကြီးကပြန်ပြောတယ်။ အဲနွားတစ်အုပ်လည်းရရော ကွန်မြူနစ် တွေလာ တာပဲ။

တကယ်တော့လယ်သမားကြီးက ငယ်ငယ်က လယ်ရှင်။ လောင်းကစားရင်း  ကုန်သွားတာ။ သူ့ နေရာဝင်ယူတဲ့ လယ်ရှင်က လယ်ယာပြုပြင်ရေးလုပ်တော့ အသတ်ခံရရော။ မသေခင် မင်း အစား ငါအသတ်ခံရတာကွဆိုပြီး လယ်သမားကြီးကို အော်သွားတယ်။

ပြည်တွင်းစစ်မှာ သေဘေးက အကြိမ်ကြိမ်လွတ်ခဲ့တဲ့ သူ့သူငယ်ချင်းလည်း ယဉ်ကျေးမှုတော် လှန်ရေးအတွင်း အနှိပ်စက်ခံရတာမခံနိုင်လို့ သေကြောင်းကြံသွားတယ်။

Yu Hua ရဲ့စာအုပ်ကို Dai Sijie က “a work of astounding emotional power ” ဆိုပြီး ချီး ကျူးထားတယ်။

ကျွန်တော်ကတော့ ၁၉၉၀ မတိုင်မီ ကွန်မြူနစ် တရုတ်ပြည်ကို (ကျောက်ခဲဆားစိမ်ပြီး အရက်နဲ့ မြည်းရတယ်ဆိုတဲ့ ) တစ်ကွက်ထဲနဲ့  ထင်ဟပ်ပြနိုင်တဲ့ Dai Sijie ကို ပိုနှစ်သက်မိတယ်။

မိုးဆတ်

ကိုမိုးဆတ်ရေးခဲ့တဲ့ စာအုပ်နဲ့ ဆက်စပ်ပြီး အကြောင်းအရာ အချို့ကို အောက်မှာ ဆက်လက် တင်ပြလိုပါတယ်။ အပေါ်မှာရေးထားတာတွေနဲ့ပတ်သက်ပြီး သိထားရင်ပိုကောင်းနိုင်မယ့် အချက်တွေပါ။

စာရေးဆရာ Yu Hua ရဲ့ To live ၀တ္ထုကို ပထမဆုံးအကြိမ်အနေနဲ့ ၁၉၉၂ ခုနှစ်မှာ တရုတ် နိုင်ငံမှာ ထုတ်ဝေဖို့ ကြိုးစားခဲ့ပေမယ့် ထုတ်ဝေခွင့်ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ပိတ်ပင်ခံရတဲ့ အဓိက အကြောင်းရင်းကတော့ တရုတ်ကွန်မြူနစ်အစိုးရဲ့ မူဝါဒမှားယွင်းမှုတွေကို ဖော်ထုတ်ခဲ့ တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ စာအုပ် ထွက်ရှိလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။

တရုတ်-ဂျပန်စစ်ပွဲဟာ ၁၉၃၇ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ် ကြားကာလတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ တော်လှန် ရေးကာလအတွင်းမှာပဲ Communists နဲ့ Nationalists ကွဲထွက်သွားပါတယ်။ မော်စီတုန်းနဲ့ ချန်ကေရှိတ်။ ၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ်နိုင်ငံသစ် ပေါ်ထွက် လာတယ်။ တရုတ်နိုင်ငံသစ်ရဲ့ ငရဲစာမျက်နှာကတော့ ၁၉၆၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ယဉ် ကျေးမှုတော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒီကာလကို ဖြတ်သန်းခဲ့ကြသူတွေ အဖို့တော့ သူတို့တွေ့ ကြုံခဲ့ရတာတွေကို ဘယ်တော့မှ မမေ့နိုင်ခဲ့ကြပါဘူး။

စာရေးဆရာ Yu Hua ကလည်း ယဉ်ကျေးမှု တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ရတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။ Yu Hua ဟာ ၁၉၆၀ ပြည့်နှစ်မှာ မွေးလာခဲ့ပါတယ်။ မော်စီတုန်းက ၁၉၇၆ ခုနှစ် ကွယ်လွန်သွားခဲ့ပါတယ်။ Yu Hua ဟာအနေနဲ့တော့ ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၇၆ ခုနှစ် ၁၆ နှစ်တာ ကြားကာလမှာ ငယ်ရွယ်ပြီး အိပ်မက်တွေ ရှင်သန်နေဆဲ လူငယ် တစ်ဦးအနေနဲ့ ခေတ်ကိုဖြတ် သန်းခဲ့ရသူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်မြူနစ်အစိုးရရဲ့ဆိုးကျိုးတွေကိုလည်း တွေ့ကြုံ ခံစားခဲ့ရ ပါတယ်။ သူခံစားခဲ့ရတာတွေက နောက်ပိုင်းမှာ သူရေးတဲ့စာ တွေဖြစ်လာခဲ့ပါတယ်။ သူရေးသမျှ အတော်များများကလည်း သူ့ရဲ့အတွေ့အကြုံဖြတ်သန်း မှုတွေဖြစ်လာပါတယ်။

Yu Hua ရဲ့ ဘ၀ကို စာရေးဆရာအနေနဲ့ စခဲ့တာတော့ မဟုတ်ပါဘူး။ သွားဆရာဝန် တစ်ဦး အနေနဲ့ ငါးနှစ်လောက်လုပ်ခဲ့ပြီးမှ စာရေးဆရာ ဖြစ်လာခဲ့တာပါ။ ၁၉၈၄ ခုနှစ်အချိန်မှာ သူ စာရေးဆရာဖြစ်လာခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ တစ်ခုပဲရှိခဲ့ပါတယ်။ နိစ္စဓူဝနီးပါး လူ တွေရဲ့ ပါးစပ်ပေါက်ထဲ ကြည့်နေရတာမျိုးကို မလုပ်ချင်တော့တဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။

Yu Hua ဟာ ၂၀၀၂ ခုနှစ်မှာ ဂျိမ်းဂျိုက်စ်စာပေဆုကို ရထားခဲ့ပြီး လက်ရှိအချိန်အထိ ၀တ္ထုလေး အုပ်၊ ၀တ္တုတို ခြောက်အုပ်နဲ့ အက်ဆေး သုံးအုပ်ထွက်ထားခဲ့ပါတယ်။ ၀တ္ထု လေးအုပ်ကတော့ To Live (၁၉၉၂)၊ Chronicle of a Blood Merchant (၁၉၉၅)၊ Cries in the Drizzle (၂၀၀၃) နဲ့ Brothers (၂၀၀၅) တို့ဖြစ်ကြပါတယ်။ Brothers ကတော့ ၂၀၀၈ ခုနှစ်က ပေးခဲ့တဲ့ Man Asian စာပေဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ ဖိလစ်ပိုင်က စာရေး ဆရာ Miguel Syjucoရေးသားခဲ့တဲ့ Ilustrado၀တ္ထုက Man Asianစာပေဆု ရသွားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ Yu Hua ရဲ့ To live ၀တ္ထုထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ တရုတ်ဒါရိုက်တာ ကျန်ရိမူက ၀တ္ထုကိုအခြေခံပြီး To live ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ Ge You နဲ့ Gong Li တို့ ပါဝင်ခဲ့ကြပြီး ရှန်ဟိုင်း ရုပ်ရှင်စတူဒီယိုက ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း ဆက်ပြီး တော့အောင်မြင်မှုရခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအတွက် ဆန်ကာတင်စာရင်း ၀င်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ဗြိတိန်ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာတော့ နိုင်ငံခြားဇာတ်ကားဆု ရခဲ့ပါတယ်။ ဒီဇာတ်ကားဟာလည်း တရုတ်နိုင်ငံမှာ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။

Yu Hua ရေးခဲ့တဲ့ စာအုပ်တွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်၊ ကိုရီးယား၊ ဂျပန် စတဲ့ ဘာသာအမျိုးမျိုးနဲ့ ပြန်ဆိုထုတ်ဝေနေတာတွေရှိသလို နိုင်ငံတကာစာပေအသိုင်းအ၀ိုင်း ကြားမှာ ထင်ရှားတဲ့ တရုတ်စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။

တောကျောင်းဆရာ

ကဗျာဖတ်သူများသို့ ဇေယျာလင်းက မေးချင်သောကိစ္စ

31
Filed under ကဗျာ, စာပေ

poem

ဒီ Internet ရပ်ဝန်းဒေသမှာ ကျွန်တော် ဇေယျာလင်း ၀င်ရောက်လည်ပတ် အရေးအသားအချို့ post လုပ်သွားမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ကျွန်တော်စိတ်ဝင်စားနေတဲ့ ကိစ္စဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ကဗျာဟာကဗျာရေးသူရဲ့ တွေ့ကြုံခံစားမှုကို
ဖော်ပြတာ ဖြစ်တယ်ဆိုရင်
ကျွန်တော်တို့ဟာ အဲဒီ ကဗျာကိုဖတ်ရင်….”

၁) ကဗျာအဖြစ် ဖတ်ဖြစ်တာလား

၂) ရေးသူရဲ့ ခံစားချက်ကို သိဖို့လား

ဇေယျာလင်း
မေ ၁၀၊ ၂၀၁၀ ပြည့်နှစ်။

တောကျောင်းမှတ်ချက်။ ။ တောကျောင်းဘလော့ တင်ဆက်ခြင်း နှစ်နှစ်ပြည့် လုပြည့်ခင် အချိန်မှာ ပြည်တွင်းက ထင်ရှားတဲ့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဇေယျာလင်း က တောကျောင်း ဘလော့ ရဲ့ Contributor တစ်ဦးအနေနဲ့ ပါဝင် လာပါတယ်။ ကိုဇေယျာလင်း အနေနဲ့ တောကျောင်းဘလော့မှာ ကဗျာနဲ့ ပတ်သက်သော post တွေကို အလျဉ်းသင့်သလို ရေးသား သွားမှာဖြစ်တဲ့အကြောင်း သတင်းပေးလိုပါတယ်။

တောကျောင်းဆရာ
မေ ၁၁၊ ၂၀၁၀ ပြည့်နှစ်။

ဖတ်မိခဲ့သော စာအုပ်များ – ၃

1
Filed under စာပေ

cover

မောင်ခင်မင်နဲ့ ဆန်းဒေးတိုင်းမ်
“ပြည်သူ့အတွက် မြန်မာစကားပြေ” မောင်ခင်မင် (ဓနုဖြူ)
စာပေဗိမာန်၊ ၂၀၀၉
“Better Business Writing” Timothy RV Foster
Kogan Page ၊ ၂၀၀၂

ဒီမှာ စာကို ဘယ်လိုရေးရမယ်ဆိုပြီး ရေးတဲ့စာအုပ်တွေ အင်မတန်ရှားပါတယ် (how to write..) (စကားစပ်ပြီး ပြောရရင် အဲဒီလို “ဒီမှာ အချိန်ကို တန်ဘိုးမထားကြဘူး၊ ဒီမှာ စည်း ကမ်း မရှိကြဘူး၊ ဒီမှာ ခံရပြီးနောက်တော့မေ့သွားတာပဲ” စတဲ့ လေသံမျိုးကို အင်မတန် မုန်း ပါတယ်။ ဒါပေမယ့် အဲဒီလိုပဲစဖို့ အကြောင်းဖန်လာပါတယ်) အဟောင်းထဲမှာတော့ ရန်ကုန် ဘဆွေတို့၊ ပီမိုနင်းတို့ ရေးတာတွေ ရှိမှာပေါ့လေ။ ဒါပေမယ့် ခေတ်နဲ့ညီအောင်ပြုထားပြီး (Updated) လေးစားလက်ခံလောက်တဲ့ အရေးအသားတော့ မတွေ့ရသေးပါ။ ကျွန်တော်တို့ လည်း ခုလို စာတိုပေစရေးနေတာလည်း စာဖတ်ဘူးတဲ့ အရှိန်နဲ့ ခေါင်းထဲပေါ်လာတာတွေ ချရေးနေခြင်းသာ ဖြစ်ပါတယ်။ တကယ်က နိုင်ငံတကာမှာ စာတစ်ပုဒ်မပြောနဲ့ စာတစ်ပိုဒ် ရေးနည်းတောင် သင်တန်းပေးပြီး သင်နေကြတာဖြစ်ပါတယ်။

ရှားရှားပါးပါးလို့ ဆိုရမယ့် ဆရာမောင်ခင်မင်ရဲ့ `ပြည်သူ့အတွက် မြန်မာစကားပြေ´စာအုပ်ကို စာအုပ်အညွှန်းတစ်ခုက တဆင့် သိရ၀ယ်ဖတ်ရပါတယ် ။ ခေါင်းထဲမှာ အ၀တ်တွေ ဖြစ်သလို ပုံထားသလိုမျိုး အရင်က ဟိုတစဒီတစသိထားတဲ့ဟာတွေကို မီးပူတိုက်ပြီး စီထပ်လိုက်သလို organized ဖြစ်သွားရုံသာမကဘဲ အ၀တ်အစားသစ်ပါ သုံးလေးစုံလောက် လက်ဆောင် ရလိုက်ပါတယ်။

ရက်မခြားဘဲ အင်္ဂလိပ်စာရေးနည်း (အပေါ်မှာ ခေါင်းစဉ်ဖော်ပြပြီး )စာအုပ်တစ်အုပ် ထပ်ဖတ် ဖြစ်ပါတယ်။ ခေါင်းစဉ်က business အတွက် ရည်ရွယ်ပေမယ့် အဓိကကတော့ communication theory တွေ ချရေးပြထားတာ တွေ့ရပါတယ်။

- သင့်ရဲ့အရေးအသားဟာ စာဖတ်သူစိတ်ထဲမှာ ပေါ်လာမယ့် မေးခွန်းတွေကို ကြိုတင်တွက်ဆ ဖြေဆိုပြီး ဖြစ်ရမယ်။

- သင့်ရဲ့ layout ဟာ သင်ဖော်ပြထားသမျှစာတွေကို စာဖတ်သူက နှံ့နှံ့စပ်စပ် ဖတ်ရှုမိအောင် အထောက်အကူ ပေးနိုင်ရမယ် စသည်ဖြင့် ပါဝင်ပါတယ်။

စာအုပ်နှစ်အုပ်စလုံးမှာ စကားအပို (redundant word) တွေလျှော့ ၊ သဘောတရား (abstract) ထက် အကောင်အထည် (concrete)နဲ့ ပြနိုင်အောင်ကြိုးစား စသည့်ဖြင့် တူညီတဲ့ သဘောတရားတွေလည်း အများကြီးပါဝင်ပါတယ်။ စာအုပ်နှစ်အုပ်စလုံးကို မြန်မာ (၅၀၀ကျပ်)၊ အင်္ဂလိပ် (၁၅၀၀ကျပ်)နဲ့ စာအုပ်ဆိုင် အတော်များများမှာ အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။

ဆယ်နှစ်
“၀တ္ထုတိုများ-၂” ရဲဘုန်းခေါင်
ကျော်မွှေး၊ ၂၀၀၈ ဧပြီ

ဖတ်လေ့မရှိတဲ့ စာရေးဆရာ။ တကိုယ်ရေ ညဉ်းချင်းများသည်ဟု ယူဆ။ ၀တ္ထုတိုပေါင်းချုပ် ဖတ် လိုက်တဲ့အခါ သူ့အနာကို သိလာတယ်။ သူ့အနာသူ လျှာနဲ့ရက်နေတာ တွေ့လာတယ်။ သူ့ဝတ္ထုတိုပေါင်းချုပ်ဟာ ၀တ္ထုရှည်ဖြစ်လာတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တခုမှာ လူတစ်ယောက် သယ်ဆောင်လွင့်ပါသွားပုံကို ခဏရပ်ကြည့်မိခဲ့ပါတယ်။
အသက် ၃၁၊ ၃၃မှာ
နယ်စပ်မြို့ကလေးမှာ ကြေးပြားခေါ်သံ
(စာ – ၆၄၊ ငွေစက္ကူတွေကြောင့်ပဲပေါ့)
(စာ – ၆၈၊ Money.. ? Money?)
(စာ – ၁၀၅၊ အဲဒီလို စိတ်လိုက်မာန်ပါ လုပ်ဆောင်လိုက်ခြင်းအားဖြင့် သူနှင့်သူ့မိသားစုတို့ ဘက်မှာ စွန့်လွှတ်နစ်နာသွားမည့် အတိုင်းအဆ ပမာဏတချို့)
ကိုနာခံရင်း မိသားစုနဲ့ ခွဲခွာနေထိုင်နေရတဲ့ စာရေးဆရာဟာ အိမ်ကိုလွမ်း၊ မြို့ပြကိုလွမ်း၊
(စာ – ၁၀၂၊ သူ့သားတွေနဲ့ အတူတူ အိပ်မောကျနေသည့် သူ့မိန်းမကများ လွှတ်ခနဲ ရမ်းယောင်ကာ သူ့ကို လှမ်းအော်ခေါ်နေခဲ့ပြီလား)
(စာ- ၁၀၄၊ သူလည်းပဲ အောက်က မြေသားအုံမပါဘဲ အစိုက်ခံရသည့် သစ်ပင်တစ်ပင်လို)
ဘ၀ရဲ့အဓိပ္ပါယ် သို့မဟုတ် ရှင်သန်ခြင်း၌ ပျော်ရွှင်ကျေနပ်မှု ပျောက်ဆုံး
(စာ – ၇၀၊ လူ့ဘ၀ဆိုတာ ဘာလဲ…။ ဘာလဲ ငါလည်း သိပ်မသိသေးပါဘူး)
(စာ – ၁၀၉၊ ထိုစဉ်အခါတုန်းက ဘ၀ဆိုတာ အခုလောက် ခက်ခဲလိမ့်မည်၊ အခုလောက် ရှု့ပ်ထွေး လိမ့်မည်၊ အခုလောက် အပြောကျယ်လိမ့်မည် ဆိုတာတွေ ကြိုတင် မရိပ်စာမိရိုး အမှန်ပါ)
(စာ – ၁၁၀၊ အသက်သုံးဆယ်ကျော် အရွယ်ရှိလာခဲ့ ပြီဖြစ်သော လူတစ်ယောက်က လူ့ဘ၀ ကြီးမှာ ဘယ်လိုမှ ပျော်အောင် နေလို့မရတော့ပါဘူးဟု ရိုးရိုးသားသား ပြောဆိုလာခဲ့လျှင်) နေခဲ့ပါတယ်။ ဆယ်နှစ်တာ တိုက်ခတ်ခဲ့တဲ့လေတွေ လွန်မြောက်သွားပြီး နောက်မှာတော့ စာရေးဆရာရဲ့ စိတ်တွေ အနည်ထိုင်လာတယ်လို့ ပဲပြောရမလား၊ adapted ဖြစ်လာတယ်ဆို ပိုကောင်းမယ် ထင်ရဲ့။
(စာ – ၁၆၇၊ မြို့ကလေးကို ကျွန်တော်က နားလည်လာသလို မြို့ကလေးကလည်း နားလည် လာခဲ့သည်)
(စာ – ၂၂၇၊ သာတောင့်သာယာ ရတောင့်ရခဲ့ ခံစားခွင့်လေးတွေ ရနေတုန်း အချိန်လေးတွေမှာ အစွမ်းကုန် ခံစားပစ်လိုက်ရုံပဲလို့ ကျွန်တော် တခါတရံ တွေးမိပါတယ်)
(စာ – ၂၂၉၊ ဘယ်အရာမဆို ပျင်းစရာကောင်း လိုက်တာလို့ တွေးနေရင် ပျင်းစရာကောင်းနေမှာ ဖြစ်ပြီး `ပျင်းစရာ မကောင်းလှပါဘူး´လို့ တွေးရင်လည်း ပျင်းစရာ မကောင်းလှပါဘူးလို့ ထင်ရတာပဲ မဟုတ်လား)

မိုးဆတ်

သမိုင်းကိုပြောသော ဓာတ်ပုံများ

6
Filed under စာပေ, သမိုင်း

Senes in Burma (6)
- ၀န်ကြီးများရုံး။ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်။

Senes in Burma (19)
- ရန်ကုန်ဆေးရုံကြီး။ ဗိုလ်ချုပ်လမ်းမှ ဗိုလ်ချုပ်ဈေးသို့ အသွားမြင်ကွင်း။

Senes in Burma (20)
- ကန်တော်မင်ပန်းခြံ။(ယနေ့ – သင်္ကေတကန်တော်ကြီးစားသောက်ဆိုင်ရှေ့မြင်ကွင်း)

Senes in Burma (21)
- ကန်တော်ကြီး(တင့်ကားကုန်း၊ မျှော်ဝင်ကျွန်းအ၀င်- ၂၀၁၀ X2O မဏ္ဍပ်အနီးမှ မြင်ကွင်း)

Senes in Burma (22)
- ကန်တော်ကြီး ဘုတ်ကလပ်(ကန်တော်ကြီးဟိုတယ်နံဘေး)

Senes in Burma (23)
- ဆူးလေလမ်းမ(သမ္မတရုပ်ရှင်ရုံဘက်မှ ဘူတာကြီးကုန်းကျော်၍ ဆူးလေဘက်အသွား)

Senes in Burma (25)
- ရန်ကုန်ကောလိပ်( စင်ထရယ်ကျောင်း)ယနေ့ လသာ- ၁ ဟု ဘိလပ်မှဘိုဆရာအတည်ပြု :P )

Sense in Burma (29)
- ပုစွန်တောင်ချောင်း

- ဓာတ်ပုံများကို Whiteaway,Laidlaw & Co, Ltd(Rangoon) မှ ထုတ်ဝေထား သည့်  Scenes in Burma စာအုပ်မှ ကူးယူဖော်ပြပါသည်။ စာအုပ်ထုတ်ဝေထားသည့် ခုနှစ်ကို ရှာမတွေ့သေးပါ။

နာမ်နှင့် မည်သောကဗျာများ

5
Filed under ကဗျာ, စာပေ

Num

ပိုင်ရဲ့ အရိုးစစ်ဆေးမှု ကဗျာစာအုပ်အကြောင်း ရေးခဲ့ပြီးတဲ့နောက်ပိုင်း အခြား ကဗျာစာအုပ်တွေ အကြောင်း မရေးဖြစ်ခဲ့ပါဘူး။ မောင်ယုပိုင်ရဲ့ တီဗီဖန်သားပြင်ကြီး ဖွင့်လျက် ကဗျာစာအုပ်ကို ရေးဖို့ အာရုံရခဲ့ပေမယ့် လက်တွေ့မှာတော့ မရေးဖြစ်ခြင်းနဲ့သာ ဆုံးသွားခဲ့ပါတယ်။ ကြားထဲမှာ မင်းဆွေနှစ်နဲ့ မင်းထက်မောင်တို့ ကဗျာစာအုပ်တွေ ထွက်လာခဲ့ပါသေးတယ်။ မင်းဆွေနှစ်ကို စကတည်းက မကြိုက်တာမို့ ဖတ်ပြီး သူ့အတိုင်းပဲ ထားခဲ့ပါတယ်။ မင်းထက်မောင်ရဲ့ ကဗျာ ပြောင်းပြန် ကဗျာစာအုပ်ကို ရေးဖို့စိတ်ကူးခဲ့ပါသေးတယ်။ ပုံစံတစ်ခုအတွင်း အသားကျနေတဲ့ ဟန်တွေနဲ့ ရောပြွန်းနေတာတွေကြောင့် သူ့စာအုပ်ထဲ ကဗျာတွေအကြောင်းကို ရေးဖို့ စိတ်မပါ ခဲ့ပြန်ပါဘူး။ ကာရာအိုကေသွားပြီး ဘီယာဆိုင်ထိုင်၊ ကျယ်လောင်စွာသော ကြွားလုံးများဖြင့် ကဗျာတစ်ချို့။

ကြားထဲမှာ အောင်ချိမ့်ရဲ့ တောလား ထွက်လာပါတယ်။ ၁၉၉၇ ခုနှစ်ကရေးခဲ့တဲ့ ကဗျာရှည်ဟာ ၂၀၁၀ ရောက်မှ ထွက်လာခဲ့တာပါ။ ၁၉၉၇ ခုနှစ်က အောင်ချိမ့်ရဲ့ အော်သံလို့ သတ်မှတ် နိုင် မယ့် ကဗျာရှည်ဖြစ်ပါတယ်။ အောင်ချိမ့်ဟာ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း သူ့ ကိုယ်သူလည်း ထိုင်ဆဲနေရင်း လမ်းသွားနေတဲ့ သူတွေကိုလည်း ဖွင့်ထုတ်အော်ဆဲနေတယ်လို့ ယူဆနိုင်တဲ့ တောလား ကဗျာရှည် ဖြစ်ပါတယ်။

သိပ်မကြာဘူး။ ဇေယျာလင်းရဲ့ ကီလီမန်ဂျားရိုး ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်အကြောင်းလည်း ရေးဖို့စဉ်းစားပေမယ့် ကဗျာစာအုပ်ကို ဆုံးအောင် မဖတ်ရသေးပါဘူး။ ဇေယျာလင်းရဲ့ကဗျာ တွေဟာ သာမန်ကဗျာဖတ်ပရိသတ်ကို တရွတ်တိုက် ဆွဲခေါ်သွားမှာပါ။ လိုက်မမီနိုင်တော့လို့ လမ်းမှာတင် ပြတ်ကျန်နေခဲ့တာမျိုးလည်း ကြုံရမှာဖြစ်ပါတယ်။ ကီလီမန်ဂျားရိုး ကဗျာစာအုပ်က ကဗျာခံစားမှု အသစ်တင်ဆက်မှုအပိုင်းမှာ ဇေယျာလင်းက နံပါတ်တစ်နေရာမှာ ရှိနေဆဲပဲဆိုတာ ပြခဲ့ပါတယ်။ သမိုင်းနဲ့ နိုင်ငံတကာ အချက်အလက်တွေ၊ ဖြစ်ပျက်နေတဲ့ ပစ္စက္ခအခြေအနေ တွေကို မဆက်စပ်တတ်ဘူးဆိုရင် ဇေယျာလင်းရဲ့ ကီလီမန်ဂျားရိုးကို မဖတ်ပါနဲ့လို့ တိုက်တွန်း လိုပါတယ်။ မဟုတ်ရင် စိတ်ရှုပ်ထွေးမှုနဲ့ မောပန်းခြင်းနဲ့ ကျေနပ်မှုမရှိခြင်း တွေသာ ကျန်နေခဲ့ပါလိမ့်မယ်။ ဇေယျာလင်းနဲ့ ဘာသာစကားကဗျာတွေကို တိုက်ခိုက်နေဆဲဖြစ်တဲ့ ပျဉ်းမနားသား ကဗျာဆရာတစ်ချို့ဟာ ဒီလိုအခြေအနေနဲ့ ကြုံတွေ့နေကြတာ ဖြစ်ပါတယ်။

ဇေယျာလင်းရဲ့ ကီလီမန်ဂျားရိုးကို ဖတ်နေတုန်းမှာပဲ ကဗျာစာအုပ် မဟုတ်တဲ့ အခြားသော စာအုပ်တွေကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲကပဲ ကီလီမန်ဂျားရိုးမဟုတ်တဲ့ ကဗျာစာအုပ် တစ်အုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ကီလီမန်ဂျားရိုး မထွက်ခင်ကတည်းက ထွက်ထားခဲ့တဲ့ ကဗျာ စာအုပ် တစ်အုပ်ဖြစ်ပြီးတော့ ၀ယ်ထားပြီး မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ နာမ်ဆိုတဲ့ ကဗျာစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်အကြောင်းကိုတော့ ရေးချင်စိတ် ပေါ်လာတုန်း ကောက်ကြောင်းမျှ ချရေးလိုက်ပါတယ်။

နာမ်ဆိုတဲ့ ကဗျာစာအုပ်ကို Exit Poetry ကနေ ထုတ်ခဲ့ပါတယ်။ ဒီစာအုပ်ကို Exit Poetry ကဗျာ ၀က်ဘ်ဘလော့ကို ရေးသားနေတဲ့ မြေမှုန်လွင် ဆီကနေလည်း ရယူဖတ်ရှုနိုင်ပါတယ်။ ကျပ်ငွေ ၁၀၀၀ တန်ဖိုးသာရှိခဲ့တဲ့ ကဗျာစာအုပ်ဖြစ်တာမို့ ၀ယ်ဖတ်ရင်လည်း တန်ပါတယ်။ အခု ဒီစာအုပ် အကြောင်းကို ပြောကြည့်ပါမယ်။

သီးခြားအမှာစာ မပါ၊ မာတိကာလည်း မပါတဲ့ နာမ်ကဗျာစာအုပ်မှာ သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊  လွန်းဆက်နိုးမြတ်နဲ့ မြေမှုန်လွင်တို့ရဲ့ ကဗျာတွေကို တွဲချိတ် တင်ဆက်ထားပါတယ်။ ကဗျာဆရာ တစ်ယောက်ချင်းစီက သူတို့အကြောင်း သူတို့ကိုယ်တိုင်ရေးသား မိတ်ဆက်ထား တဲ့ စာတိုလေး တွေကိုလည်း စာအုပ်မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ကဗျာဆရာတွေနဲ့ စာအုပ်မှာသူတို့ရေးခဲ့တဲ့ ကဗျာတွေကို စဉ်ကြည့်ပါမယ်။ ကဗျာစာအုပ်မှာ စဉ်ထားခဲ့တဲ့ အတိုင်းပါပဲ။

- လွန်းဆက်နိုးမြတ်

၁။ ဘယ်လို… ဘယ်လို
၂။ အဆင့်မြင့်ကုန်တိုက်
၃။ ကြောင်ပျောက်လို့
၎။ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်
၅။ ဟိုတစ်ပုဒ်ရဲ့ အခြားတစ်ဖက်
၆။ လိုင်စင်ဓာတ်ပုံ
၇။ လျှာနဲ့သွား

လွန်းဆက်နိုးမြတ်ရဲ့ ကဗျာ ၇ ပုဒ် စာအုပ်မှာပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းပြော သူတစ်ယောက်ရဲ့ ဇာတ်လမ်းဆန်ဆန် ကဗျာရေးဟန်တွေကို သူ့ဆီမှာ တွေ့ရပါတယ်။ ကဗျာတွေအားလုံးအား ကဗျာမဆန်ပဲ ဇာတ်လမ်းတင်ဆက်မှု ဆန်တယ်လို့ ခံစားမိပါတယ်။ အရိုးရဲ့ သီချင်းတွေ လိုပါပဲ။ အများ နားလည်လွယ်နိုင်တဲ့ အရေးအသားတွေနဲ့ ကဗျာတွေပါ။

- သစ္စာနီ

၁။ ရှုခင်းများ-၁
၂။ ရှုခင်းများ-၂
၃။ ရှုခင်းများ-၃
၎။ ရှုခင်းများ-၎
၅။ ရှုခင်းများ-၅
၆။ ရှုခင်းများ-၆
၇။ ရှုခင်းများ-၇

သူငယ်ချင်း ချိမ့်ကြီး (အောင်ချိမ့်)ရဲ့ ကဗျာအတွဲတွေ ဖြစ်တဲ့ တေးများ၊ ပြဇာတ်မင်းသား၊ ပုံပြောသူ စတာတွေကို ဖတ်ခဲ့ပြီး အားကျစိတ်နဲ့ ရှုခင်းများကို ရေးခဲ့တယ်လို့ သစ္စာနီက ဆိုပါတယ်။ သစ္စာနီရဲ့ ရှုခင်းများဟာ အောင်ချိမ့်မဆန်ဘဲ သုခမိန်လှိုင်ရဲ့ ဟန်တွေသာဖြစ်တယ် လို့ဆိုရင် ဆရာသစ္စာနီ လက်ခံနိုင်ပါ့မလား။ အဲ့ဒီလိုပဲ ခံစားမိခဲ့ပါတယ်။ ရှုခင်းများ(၄)၊ ရှုခင်းများ(၅)၊ ရှုခင်းများ(၆) ကို ထုတ်နှုတ်ကြည့်ပါမယ်။

ရှုခင်းများ- ၎

သဘောင်္ပျက်တွေ ရတနာတွေ
အရိုးစုတွေကို သိုဝှက်လို့
ပင်လယ်ဟာ…. ။
မေ့လွယ်ပျောက်လွယ်တဲ့ လူတွေ
ကမ်းခြေမှာ
လှိုင်းကို အပျော်စီးကြတယ်။

ရှုခင်းများ- ၅

အများနဲ့တစ်ယောက်တည်း
သူပဲ နိုင်တာပဲ
ယုတ္တိဗေဒတွေ ဘာတွေဘေးဖယ်ထား
ဒါက ကောင်းဘွိုင်ကား။
တစ်ဘ၀လုံးလွဲလည်း
သေနတ်ပစ်မလွဲရင် ပြီးတာပဲ။
ဂျွန်ဝိန်းကြီးအိုပြီ
မင်းသားအဖြစ်က
တစ်ပြားမှ မလျော့ဘူး။

ရှုခင်းများ- ၆

ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့။
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့။
နာရီထဲမှာ
လက်တံတွေ တရွေ့ရွေ့။
မှန်ထဲမှာ
ငါ့မျက်နှာ တရွေ့ရွေ့။

(ဆရာသစ္စာနီ ခင်ဗျား။ ဆရာပြောခဲ့တဲ့ အောင်ချိမ့်ရဲ့ ကဗျာတွဲတွေထဲမှာ အောင်ချိမ့်ဟာ တစ် ကြောင်း ဖမ်းတဲ့ ဟန်ကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီတစ်ကြောင်းဟာ ဘုရားသခင်က ထည့်ပေး လိုက်တာလို့ ဆရာလည်း တွေးမိမယ်လို့ ထင်ပါတယ်။)

- လူဆန်း

၁။ ဂွေ
၂။ ငါးဆယ့်ငါးသန်းမက ကဗျာ
၃။ မိဘ (အထူးသဖြင့် ရွတ်ဆိုပါရန် မိဘ)
၎။ အခမဲ့ ငွေပေးဖို့မလိုပါ
၅။ သစ်ပုပ် ရုက္ခဗေဒအခေါ် ဒါတစ်စကားစီးလေး(DATISCACEAE)
၆။ ပြန်လည်သန့်စင်အသုံးပြုပါ
၇။ ကျား(တစ်ဖက်ခြား) မနှင့် ဂုဏ်ရည်တူ အစိတ်အပိုင်း
၈။ နွားကလေးများ၊ ဆရာကြီးဇော်ဇော်အောင်၊ ကျွန်ုပ်နှင့် ၀မ်းမြောက်ဝမ်းသာ
ဂိုးဒင်းလန်း

လူဆန်းကဗျာတွေ မဖတ်ခင်မှာ လူဆန်းအကြောင်း စဉ်းစားဖြစ်ပါတယ်။ လူဆန်းရဲ့နောက်ပိုင်း ကဗျာတွေ ဖတ်ရကောင်းလာတာတော့ အမှန်ပဲဖြစ်ပါတယ်။ လူဆန်းလိုပဲ နောက်တစ်ယောက် ရှိပါသေးတယ်။ ခင်အောင်အေး။ ခင်အောင်အေးရဲ့ နောက်ပိုင်းကဗျာတွေဟာ ကဗျာပိုဆန် လာတယ်။ ဖတ်ပြီး သိမ်းထားလို့ရတဲ့ အဆင့်ထိရောက်ခဲ့ပါတယ်။ ကဗျာဖတ်သူရှုထောင့်ကသာ ပြောခဲ့ခြင်းဖြစ်ပါတယ်။ အခြားသော ကဗျာဖတ်သူတွေအနေနဲ့လည်း ဒီလိုပဲ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။

လူဆန်းက သူရဲ့ ကဗျာတွေရဲ့ ရှေ့၊ အမှာစာတိုလေးမှာ ပြောခဲ့ပါတယ်။ ကဗျာတဲ့။ ကဗျာနဲ့ ဆန်တဲ့ အရေးအသားတစ်ခုကို ၁၉၉၇ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရ ဖူးပါ တယ်တဲ့။ ဒီလိုအရေးအသားမျိုးတွေကို ပျော်မွေ့မိပါတယ်တဲ့။ လူဆန်းရဲ့ ဒီလိုရေးဟန်တွေကို စတုန်းကတော့ သဘောမတွေ့မိပါဘူး။ နောက်ပိုင်းမှာတော့ ငြိတွယ်တာ တစ်ချို့ရှိလာခဲ့ပါ တယ်။  ဒီစာအုပ်မှာပါတဲ့ လူဆန်းရဲ့ ကဗျာ(၈)ပုဒ်လုံးမှာ ဒီလိုရေးဟန်တွေပဲ တွေ့ရမှာ ဖြစ်ပါတယ်။ ကဗျာနဲ့ အက်ဆေး(တနည်းအားဖြင့် အရေးအသား) ကြားက နံရံတွေကို လူဆန်းက ကျော်ပစ်လိုက်ချင်တဲ့ အနေအထားရှိပါတယ်။ တားထားတဲ့ စည်းထက်မှာ ဟိုဘက်ဒီမှာ အပြန်အလှန်ကူးလျှောက်နေတဲ့ အရေးအသားတွေလည်း ဖြစ်ပါတယ်။

၁) တစ်ခါက အိမ်ထဲမှကြည့်နေတုန်း ရွယ်တူတွေ မိုးထဲလေထဲ လွတ်လွတ်လပ်လပ် ခွေလှိမ့် သွားကြသည်။ (ဂွေ ကဗျာအဖွင့်)

၂) (တင်္နနွေထောင့်)- ကဗျာလို့ ရိုရိုသေသေ သုံးလိုက်ပါတယ်။ ကဗျာမှာ ဘာစွမ်းအင်တွေရှိလဲ။ အမျိုးမျိုးမေးကြဆဲလိမ့်ပါ။ (ငါးဆယ့်ငါးသန်းမက ကဗျာအဖွင့်)

၃) ကြာငါးသီးသုတ်။ တွန်းလှည်းနဲ့ရပ်ပြီး အော်နေတယ်။ ကိုယ်ကတော့ ဒီလိုပဲ ကြားလိုက်မိ တယ်။ ကြိုးနဲ့ချည်ပေးလိုက်ပြီး တက်သွားတာမြင်ရတယ် မိဘ။ မိုးကုန်ပြီဆို ဒီလိုပဲ ပစ်ချ။ ပစ်ချလို့ အပြစ်မရတဲ့ အပြင် မပစ်ချလို့ လမ်းခရီးမှာ ကျိန်စာမတိုက်တာဘဲ ကျေးဇူးတိုးဆင်း တင်ရမလို ဖြစ်ဖူးပါသလား မိဘ။ မိဘ (အထူးသဖြင့် ရွတ်ဆိုပါရန် မိဘ ကဗျာပထမပိုဒ် )

၎) တောက်လျှောက်ရီပို့တွေပေးနေရအောင် ကျွန်တော့်ထင်မြင်ချက် ဘယ်သူတောင်းနေလို့လဲ ဓာတ်ခဲသုံး ကြော်ငြာ လော်စပီကာ ပေါက်စလေးနဲ့ အသံစမ်းလျှောက် အော်နေတာကြာပြီ။ (အခမဲ့ ငွေပေးဖို့မလိုပါ ကဗျာအဖွင့်)

၅) ပြန်လည် ဟုတ်ယောင်ခြင်းများမှ သစ်ပုပ်၊ နှုတ်ဆက်သော် သစ်ပုပ် သဘာဝကျောက်တိုင် သစ်ပုပ်၊ အလကားထိုင်ငေးနေစရာ သစ်ပုပ်၊ အမျိုးအစားခွဲရင် ပုံပြင်ပါးစပ်ထဲက သစ်ပုပ်၊ တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားများ သီဆိုတဲ့ သစ်ပုပ်၊ ချစ်ရည်ရှည်ရှည် အင်းလျားမြေသစ်ပုပ်၊ အပတ်တိုင်း ဘွဲယူသူတွေကြား သစ်ပုပ် (သစ်ပုပ် ရုက္ခဗေဒအခေါ် ဒါတစ် စကားစီးလေး(DATISCACEAE) ကဗျာအဖွင့်)

၆) ဒါတွေဟာ အားလုံပြန်လည် သတ်မှတ်ချက်တွေနဲ့ စတင်လိုက်ပါတယ်။ နာရီအတန်ကြာ လှုပ်ရှားမှုအပြီး ရိုးရိုးချိန်သီး နှစ်လုံး ဖြည့်တင်းစွမ်းအင် လိုအပ်လှပါတယ်။ (ပြန်လည် သန့်စင် အသုံးပြုပါ ကဗျာအဖွင့်)

၇) အတိုင်းသားမြင်နေရလျက် အားထုတ်တူးကော်နေတာ ပြန်ပြောရရင် မသိသားဆိုးတရွားရွား (ကျား(တစ်ဖက်ခြား) မနှင့် ဂုဏ်ရည်တူ အစိတ်အပိုင်း ကဗျာအဖွင့်)

၈) မြက်ကလေးတွေ နုနေသည်( ကျွန်ုပ်နှင့်မဆိုင်ပါ) (နွားကလေးများ၊ ဆရာကြီး ဇော်ဇော် အောင်၊ ကျွန်ုပ်နှင့် ၀မ်းမြောက်ဝမ်းသာ ဂိုးဒင်းလန်း ကဗျာအဖွင့်)

လူဆန်းရဲ့ ကဗျာတွေထဲက အဖွင့်တွေကို ထုတ်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီကဗျာစာအုပ်ကို အရည် အတွက် အားဖြင့် ပေးလိုက်ရတဲ့ ငွေတစ်ထောင်တန် ရသကို လူဆန်းက စပေးခဲ့ပါတယ်။

- ဟိန်းမြတ်ဇော်

၁။ တစ်ထောင့် တစ်နေရာကနေ ၀င်အန်ကြ
၂။ အကျအပေါက်များ
၃။ အမှောင်ဟာ ငါ့သွေးထဲ ရေနက်ထဲ ငရဲလို
၎။ မည်သူ မဆို
၅။ လူအဖြစ် နေထိုင်ခြင်း

မိုးများရွာသွန်းပြီးနောက် ကဗျာစာအုပ်ထွက်ခဲ့အပြီး မဂ္ဂဇင်းပေါ်က ကဗျာတစ်ချို့ကို တွေ့ရှိခဲ့ အပြီး ဟိန်းမြတ်ဇော်ရဲ့ ကဗျာစုကို ဒီစာအုပ်မှာ ပြန်တွေ့ခဲ့ရပါတယ်။ ဟိန်းမြတ်ဇော်ရဲ့ ကဗျာ တွေဟာ ဒီကနေ့ မဂ္ဂဇင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ ကဗျာဟန်တွေကို အများဆုံးတွေ့ရမှာ ပါ။ ပြည်တွင်းက နေအိုရောင် မော်ဒန်ကဗျာခေတ်ထဲက အမြင့်ဆုံး မီးတောက်ကဗျာတွေထဲက ပုံစံတချို့ပေါ့။ ဘာသာ စကားကဗျာဘက်ကို အနည်းငယ် ယိမ်းလာပေမယ့် မော်ဒန်ဟန် အပြည့်နဲ့ ကဗျာတွေ ကို ဟိန်းမြတ်ဇော်ဆီမှာ ရှိနေခဲ့ပါတယ်။ အမှောင်ဟာ ငါ့သွေးထဲ ရေနက် ထဲ ငရဲလို ကဗျာကို မြည်းစမ်းကြည့်စေလိုပါတယ်။

အမှောင်ဟာ ငါ့သွေးထဲ ရေနက်ထဲ ငရဲလို

စိတ်ပစ္စည်းထုတ်လုပ်ရေးဟာ
အသက်အန္တရာယ် ရှိခဲ့မယ်လို့ ဘယ်သူထင်မှာလဲ
အကန်းလိုရောက်တဲ့ နေရာတိုင်း
အကန်းလို ဘယ်ကိုတိုးပြီး ဘယ်ကိုတိုက်မှာလဲ
ဖမ်းယူရရှိမိတဲ့ အသံထဲ မကြာမီ အဲ့ဒီစစ်သဘောင်္ကို ဖျက်ဆီးပစ်တော့မယ်လို့ သိရပါတယ်။
ဒီလောက်အထိ ရှင်းတာကို မရှင်းဘဲ
ပြောစရာမဟုတ်သလိုလို
ငါ စမ်းနေတဲ့ တရားက အကန်း
ငါ ငိုနေတာကို မြေမြုပ်ပစ်ခဲ့တယ်။
ကုတ်ခြစ်သံများ
အိပ်မက်သတင်း၊ သတိရခြင်းများ၊ မီးခိုးဖြူဖြူများ
ကျွန်တော်က ဒီမှာ ငရဲလိုခြစ်ခြစ်တောက်ပူလို့။

ဟိန်းမြတ်ဇော်ဟာ ဟိန်းမြတ်ဇော်အတိုင်း ရှိနေဆဲပဲ ဖြစ်ခြင်းကို နာမ်မှာပါတဲ့ဟိန်းမြတ်ဇော် ကဗျာတွေက ပြောပြနေခဲ့ပါတယ်။

- မြေမှုန်လွင်

၁။ ပြဿနာက ဒီလိုပါ
၂။ အဆင့်မြင့် ဆံသဆိုင်
၃။ ဖိုတိုအယ်(လ)ဘမ်
၎။ Assassin/ အဆဲ့ဆင်(န်)/n.လုပ်ကြံသတ်ဖြတ်သူ
၅။ ကျွန်မကိုတော့ သံသယမဖြစ်လေနဲ့
၆။ ရိုဘော့ကဗျာဆရာ

ဘာသာစကားကဗျာထဲကို လုံးလုံးဝင်ရောက်ထားတဲ့ မြေမှုန်လွင်ရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး ထူးထူးကဲကဲ ပြောစရာမရှိပါ။ သူ့ရဲ့ ၀က်ဘ်ဘလော့ (http://exitpoetry.blogspot.com/) မှာ လည်း သူ့ကဗျာတွေ တင်ထားပါတယ်။

နာမ်ကဗျာစာအုပ်မှာပါတဲ့ ကဗျာတွေက ဖတ်သူအတွက် တော်/ကောင်း/သင့်/ညံ့ လို့ အဆင့် တွေခွဲကြည့်ရင် ကောင်း/သင့် အဆင့်ရှိတယ်လို့ ဆိုပါရစေ။ ကောင်းတဲ့ အဆင့်ကို လူဆန်း၊ ဟိန်းမြတ်ဇော်နဲ့ မြေမှုန်လွင်တို့ရဲ့ ကဗျာတွေက ရောက်ရှိခဲ့ပြီး လွန်းဆက်နိုးမြတ်နဲ့ သစ္စာနီရဲ့ ကဗျာတွေကတော့ သင့် ဆိုတဲ့ အဆင့်မှာရှိပါတယ်။ မဂ္ဂဇင်းကဗျာတွေကို အီနေတဲ့ သူတွေ အတွက် တနည်းတဖုံ အပျင်းပြေစေမယ်လို့ ယူဆရပါတယ်။

တောကျောင်းဆရာ

- ဒီဆောင်းပါးကို ကောင်းကင်နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှာလည်း ဖော်ပြထားပါတယ်။

ဖတ်မိခဲ့သော စာအုပ်များ – ၂

2
Filed under စာပေ

book 1

မိန်းမနဲ့ နိုင်ငံရေး
‘ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ’ ရေးသူ-တင်ညွန့်
တရားသစ္စာစာပေ၊ ၂၀၁၀ ဖေဖော်ဝါရီ

သင်္ကြန်ရက်မှာ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်ပါ။ နိုင်ငံရေးအရှုပ်တော်ပုံလို့ နာမည်တပ်ထား ပေ မယ့် စာအုပ်တစ်ဝက်လောက်က နိုင်ငံရေးလောကက လူတွေရဲ့လူမှုရေး အရှုပ်တော်ပုံတွေပဲ ဖြစ်ပါတယ်။ အရှုပ်တော်ပုံ (scandal) နာမည်တပ်ပြီး လူအများက စိတ်ဝင်တစားရေးသား ဖတ်ရှုကြတယ်ဆိုတာ ပါဝင်ပတ်သက်သူတွေရဲ့ ထင်ရှားကျော်ကြားမှု၊ အရေးပါမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ သာမန်လူတွေရဲ့ scandal တွေကတော့ လက်ဘက်ရည်ဆိုင်နဲ့ ဥပုသ်ဇရပ်တွေမှာပဲ နှုတ်အားဖြင့်သာ ပြောဆိုနာကြားမှု ပြုကြတာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ scandal တွေကတော့ ပါဝင်ပတ်သက်သူတွေသာမက အစိုးရနဲ့ နိုင်ငံအဆင့်အထိ သက်ရောက်မှုတွေ ဖြစ်စေခဲ့တာတွေ့ရပါတယ်။ စာ-၁၅၅က ချားပါနဲလ် (အိုင်ယာလန်ခေါင်းဆောင်)နဲ့ ကစ်တီအိုရှီး တို့ရဲ့ ဇာတ်လမ်းဟာ အိုင်ယာလန်နိုင်ငံရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိခဲ့တာတွေ့ရ သလို စာ-၄၇က ပရိုဖူမို (ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီး)ရဲ့ ဇာတ်ရှုပ်ကြောင့် ကွန်ဆာဗေးတစ် အစိုးရတစ်ခုလုံးကို ထိခိုက်စေခဲ့တာ စတာတွေကို တွေ့ရပါတယ်။ မိန်းမကိစ္စကြောင့် တစ်ဦး တစ်ယောက်ချင်းဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေ (စတုန်းဟောက်စ်၊စာ – ၁၈၃)အကြောင်း သာမက မိန်းမက ယောက်ျားထက် သြဇာထက်ခဲ့လို့ (အီဗာပီရွန်၊ စာ – ၁၃၁)၊ မိန်းမက ပါဝင် စွက်ဖက်လို့ (အီမယ်လ်ဒါမားကို့စ်၊ စာ – ၂၁၉)နိုင်ငံအတိုင်းအတာနဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရ တာတွေကိုလည်း ဖော်ပြထားပါတယ်။

မှတ်ချက်။ ဒီစာမှာ ဖော်ပြတဲ့ မိန်းမဆိုတဲ့ စကားလုံးဟာ wife သို့မဟုတ် partner ကိုညွှန်းခြင်း ဖြစ်ပြီး female ကို ဆိုလိုခြင်းမဟုတ်ပါ။

ကျင့်ဝတ်နှင့် ဆရာဝန်
‘နွယ်မြက်ရှင်’၊ အတွဲ (၁) အမှတ် (၄)
Family Publishing House

ခေါင်းစဉ်ကတော့ လူအများ စိတ်ဝင်စားမယ့် ခေါင်းစဉ်ပေးထားတာပါ။ အဓိက ပြောချင်တာက ထူးခြားတဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်တဲ့အကြောင်းပါ။ Circulation Price က ကျပ် ၅၀၀ လို့ ဖော်ပြထား (တစ်အုပ်လုံး ကြွေစက္ကူနဲ့ ရိုက်ထား)ပြီး Subscription Rate က ၁၂အုပ်စာကို ကျပ် နှစ်သောင်းလို့ ဖော်ပြထားတာမို့ subscribe လုပ်ဖတ်ရင် ဈေးပိုကြီးတဲ့ ကမ္ဘာ့တစ်ခုတည်းသော မဂ္ဂဇင်းလည်း ဖြစ်နိုင်ကြောင်းပါ။ ကြော်ငြာတွေကို စာဖတ်သူတွေကို သတင်းအချက်အလက် ပေးနိုင်မှ၊ အထဲမှာပါတဲ့ စာတွေနဲ့ ကိုက်ညီမှုရှိမှ လက်ခံမယ်လို့ ဆိုထားပါတယ်။ ဒီနေ့လို ကြော်ငြာနဲ့ marketing ကို အယ်ဒီတာက ဦးထိပ်ပန်ဆင်နေရတဲ့အခါမှာ ဒီမူကတော့ ထူးတယ် လို့ပဲ ဆိုပါရစေ။ (တကယ်လည်း အထဲမှာ ဆေးကြော်ငြာတွေပဲ ပါပါတယ်) စာအုပ်ဖြန့်ချိမှုနဲ့ ပတ်သက်လို့ကတော့ ‘a controlled circulation for medical professionals and healthcare professionals throughout Myanmar’လို့ ဆိုထားတဲ့ အတွက် စာအုပ်ဆိုင်တွေမှာ ၀ယ်လို့ရမယ့်ပုံမပေါ်ပါ။ ဆောင်းပါးအများစုက ပညာရပ်ဆိုင်ရာဆောင်းပါတွေသာ ဖြစ်ပါတယ်။ အနှီမဂ္ဂဇင်းဟာ ဆေးကောင်စီက ဒေါက်တာလှမြင့် နာယကလုပ်ထားတဲ့ မဂ္ဂဇင်းဖြစ်ပြီး အထဲမှာ Ethical Principles for Medical Professionals ဆိုတဲ့ ဆောင်းပါး(ဒေါက်တာချစ်စိုးရေး) ပါနေ လို့ တလောက ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ် ဖြစ်ခဲ့ရတဲ့ ကိစ္စမှာ ဆေးလောကရဲ့ ethics ဆိုတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် သိချင်တဲ့လူ၊ သိဖို့လိုတဲ့လူတွေ ရှာဖွေဖတ်ရှု သင့်ကြပါတယ်။

ကျွန်တော် အရက်ဝယ်ကြက်ဖမ်း (စီနီယာ)
‘နိုင်ငံရေး အတွေ့အကြုံများ’၊ ကိုသန်း (ကြည့်မြင်တိုင်)
ပင်ဝါးရုံစာပေ၊ ၂၀၀၉ နိုဝင်ဘာ

ဒီစာအုပ်ထဲမှာ ပါတဲ့ဆောင်းပါအများစုကို မဂ္ဂဇင်းတွေထဲမှာ ဖတ်ပြီးဖြစ်ပါတယ်။ အဲဒီလို ဖတ် ရစဉ်က ကြိုက်ခဲ့ပါတယ်။ ကိုသန်းရဲ့ စာတွေ ရိုးဂုဏ်ရှိတယ်လို့ ထင်မြင်ခဲ့သလို ရသပါတယ်လို့ လည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုလို စာအုပ်အနေနဲ့ တစုတစည်း ဖတ်လိုက်တဲ့အခါမှာ အဲဒီအမြင်တွေ ပြောင်းသွားပါတယ်။ အဓိကကတော့ အီသွားတာပါပဲ။ ငယ်ငယ်က ကျွန်တော့် အတွေ့အကြုံတစ်ခုနဲ့ ယှဉ်ပြောရရင်တော့ ငါးမုန့်ကြော်ကို ထမင်းလွတ်စားသလိုပါပဲ။ ငယ်ငယ်က သူငယ်ချင်းရှင်ပြုမှာ ငါးမုန့်ကြော်တွေကို နေ့လည်စာ အလွတ်စားလိုက်မိလို့ ကျွန်တော် နောက်နှစ်တော်တော်ကြတဲ့အထိ ငါးမုန့်ကြော် စားလို့မရတော့ပဲ ဖြစ်ဘူးပါတယ်။ အခုလည်း စတိုင်သစ်တို့၊ မိုးတို့မှာ ရေနွေးကြမ်းအမြည်း လုပ်ခဲ့တဲ့ ကိုသန်းရဲ့ဆောင်းပါးတွေ ဟာ စာအုပ်အနေနဲ့ ကိုင်ဖတ်လိုက်တော့ ဆုံးအောင်ဖတ်ဖို့ ခက်တဲ့အထိဖြစ်သွားပါတယ်။ ဒီလို ဖြစ်ရတဲ့အထဲမှာ အရင်တစ်ပုဒ်ချင်းဖတ်စဉ်က မသိသာခဲ့တဲ့ ကိုသန်းရဲ့ ‘ငါကတော့ လွတ်လပ် ရေး ကြိုးပမ်းမှုမှာ အရက်ဝယ်ကြက်ဖမ်းနေရာက ပါခဲ့တာကွ၊ အေးဒါပေမယ့် အထင်တော့ မသေးနဲ့၊ ငါက အရက်ဝယ်ကြက်ဖမ်း(စီနီယာ)ကွ´ဆိုတဲ့ လေကြီးက အပုဒ်တိုင်း နီးပါးမှာ ပါနေ တာကြောင့် တစ်ကြောင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း စာရေးသူရဲ့ အပြစ်လို့တော့ မဆိုလိုပါ။ နဂိုကတည်းက ဆောင်းပါအဖြစ် ရေးရတာမို့ တစ်ပုဒ်ချင်းမှာ မိတ်ဆက် သဘောမျိုး ထည့်ခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလ နိုင်ငံရေး နောက်ခံတွေရေးရင် မပါမပြီးတဲ့ ဗိုလ်ချုပ်ရဲ့ sketch တွေ (ညီလာခံတွင် ပုဆိုးကျွတ်ကျသည့် ဥက္ကဌကြီး၊ အမှုဆောင်များ ၀ါးလုံးထဲဝင်ကြပါ၊ ဗိုလ်မှုးသူရ) ပါသလို ယောက်ဖကို ခေါ်ခဲ့ဦး၊ နှုတ်ခမ်းမွေးနဲ့ ဗိုလ်ချုပ်လို ရသပါတဲ့ ဆောင်းပါး တွေ၊ ၁၉၆၃ ထောင်ထဲမှာ ဦးကျော်ငြိမ်း သတ်သေဖို့ကြံစည်တဲ့ အကြောင်းလို တွေးစရာတွေ ချန်ထားပေးတဲ့ အရေးအသားတွေလည်း ပါပါတယ်။ ဖတ်ခွင့်ရှိတဲ့ စာအုပ်ကိုပဲ ဖတ်ရမယ်ဆိုရင်တော့ ဖတ်သင့်တဲ့ စာအုပ်လို့ပဲ ဆိုရပါမယ်။

မိုးဆတ်

နိုင်ဝင်းဆွေရဲ့ နွေတည ပြန်ထွက်လာခဲ့ပြီ

4
Filed under စာပေ

Untitled-3

ထုတ်ဝေခွင့် ပိတ်ပင်ထားခဲ့တာ ကြာပြီဖြစ်တဲ့၊ စာအုပ်အဟောင်းတန်းတွေမှာ မိတ္တူစာအုပ်ကိုတောင် ဈေးကြီးပေးဝယ်ရတဲ့ နိုင်ဝင်းဆွေရဲ့ စာအုပ်တွေထဲက နာမည်ကြီး စာအုပ်တစ်အုပ်ဖြစ်တဲ့ နွေတညတော့ ပြန်ထွက်လာခဲ့ပါပြီ။ ကံ့ကော်ဝတ်ရည်က ထုတ်ခဲ့ပါတယ်။ တန်ဖိုးက ၁၅၀၀။ မောင်မောင်သိုက်ရဲ့ ပန်းချီနဲ့။ ဆင်ဆာကလည်း တစ်ကြောင်းပဲ ထိတယ်။

သိပ်မကြာသေးခင်ကပဲ ဒီဝတ္ထုကို ကိုငြိမ်းဝေရဲ့ ဘလော့ မှာ အစအဆုံးပြန်တင် ပေးထားခဲ့ ပါသေး တယ်။ မသိန်းရှင်ဆီပို့ပေးပါဆိုတဲ့ ဆက်တင်နေပါတယ်။ နိုင်ဝင်းဆွေနဲ့ပတ်သက်လို့ အခြားသောအကြောင်းအရာများစွာကိုလည်း ကိုငြိမ်းဝေဆီမှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

နိုင်ဝင်းဆွေကို ကြည်အေးတို့၊ ဂျူးတို့ထက် ကျွန်တော်ပိုကြိုက်ခဲ့ပါတယ်။ သူရေးခဲ့သမျှ စာအုပ်တွေထဲမှာ ဘ၀စာမျက်နှာ၊ မဟူရာမေတ္တာ၊ နွေတည၊ မသိန်းရှင်ဆီပို့ပေးပါ၊ ရေဆန်လမ်း၊ မြစပယ်ရုံ၊ စတဲ့ စတဲ့ ၀တ္ထုတွေကတော့ နှစ်သက်သဘောကျခဲ့ဖူးတဲ့၊ စွဲလန်းခဲ့ဖူးတဲ့ စာအုပ်တွေဖြစ်ခဲ့ပါတယ်။ အချစ်ဝတ္ထုတွေထဲဆိုရင်လည်း ဆရာဘုန်းနိုင်ရဲ့ ၀တ္ထုတွေ၊ ငြိမ်းကျော်ရဲ့ ၀တ္ထုတွေ၊ နိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေဟာ ခေတ်တွေပြောင်းသွား၊ စနစ်တွေပြောင်း သွားခဲ့ပေမယ့် ဘယ်အချိန် ကောက်ဖတ်သည်ဖြစ်စေ ဖတ်လို့ကောင်းတုန်း စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက နိုင်ဝင်းဆွေရဲ့အကြောင်းကို မဂ္ဂဇင်းစာမျက်နှာတစ်ချို့မှာတွေ့ရတော့ သူ့စာအုပ်တွေများ ပြန်ထွက်လာမလားလို့ မျှော်ကြည့်ဖူးတယ်။ ကြားထဲမှာ ကံ့ကော်ဝတ်ရည်က မ၀ိုင်းနဲ့တွေ့တော့ နိုင်ဝင်းဆွေစာအုပ်နှစ်အုပ် သူ့ဆီပြန်ထွက်မယ်တဲ့။ နွေတညနဲ့ မဟူရာမေတ္တာ၊ နောက်… ကိုစန်းဦးတို့ရဲ့ စိတ်ကူးချိုချိုကလည်း နိုင်ဝင်းဆွေရဲ့ စာအုပ်တွေ ပြန်ထုတ်ဖို့ ရုံးတင်တယ်ဆိုတာ ကြားရတယ်။

နိုင်းဝင်းဆွေကို အခုမှဖတ်ဖူးသူတွေ အတွက်တော့ သူ့စာအုပ်တွေဟာ တနည်းတဖုံအားဖြင့် စိတ်ထဲ အလိုမကျတာတချို့ဖြစ်နိုင်စရာရှိပေမယ့် နိုင်ဝင်းဆွေကို စွဲလန်းခဲ့သူတွေအတွက်တော့ သူ့စာအုပ်တွေဟာ လွမ်းဆွတ်မှုတွေကို ပြန်နှိုးဆွစေမှာပါ။

နိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေ၊ နိုင်ဝင်းဆွေရဲ့ အကြောင်းတွေကို ကျွန်တော့်ထက်သိသော၊ တတ်သောသူများက ပြောထားခဲ့ပြီး ဖြစ်တာမို့ ထပ်မပြောလိုတော့ပါဘူး။ ပြန်ထွက်လာတဲ့ နွေတညမှာ ဖော်ပြခဲ့တဲ့ နိုင်းဝင်းဆွေရဲ့ ကိုယ်ရေးအကျဉ်းကို ပြန်ဖော်ပြလိုက်ပါတယ်။

Untitled-1

နိုင်ဝင်းဆွေ (၁၉၄၁-၁၉၉၅)

နိုင်ဝင်းဆွေအား အဘ ဦးဖိုးမြိုင် အမိ ဒေါ်ဖွားဆိုင်တို့မှ ၁၉၄၁ ခုနှစ်တွင် တောင်ငူအပိုင်၊
ကျွန်းကုန်းတိုက်နယ်၊ ချင်းကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။
မိဘများမှာ လယ်သမားများ ဖြစ်ကြပြီး မွေးချင်းငါးဦးအနက်စတုထ္ထသားဖြစ်သည်။ အမည်ရင်းမှာ ဦးမောင်ကျော်ဖြစ်သည်။

ချောင်းဖြူကျေးရွာ(မန္တလာကျောင်း)၌ ၄တန်းအထိ ပညာသင်ကြားခဲ့ပြီး၊ အလယ်တန်းပညာကိုကျွန်းကုန်းရွာ၊ စက်ရုံအလယ်တန်းကျောင်းတွင်
၇ တန်းအထိ ဆက်လက်သင်ယူခဲ့ပြီး ရေတာရှည်မြို့ အ.ထ.က. ကျောင်းမှ ၁၀တန်းအောင်မြင်ခဲ့သည်။ ၁၀တန်းအောင်မြင်ပြီးနောက် မြန်မာ့မီးရထားဌာန၊ ညောင်လေးပင်ဘူတာ၌၀င်ရောက် အမှုထမ်း ခဲ့သည်။

ာပေနယ်သို့ ၁၉၆၆ ခုနှစ် ဧပြီလ ရှုမ၀မဂ္ဂဇင်း၌
မဟူရာမေတ္တာ အခန်းဆက်ဝတ္ထုရှည်ဖြင့် စတင် ၀င်ရောက်ခဲ့ပြီး
ထိုစာမူဖြင့်ပင် ကျော်ကြားသောပင်ကိုဟန် ၀တ္ထုရေးဆရာတစ်ဦး ဖြစ်ခဲ့သည်။

သူ၏ထင်ရှားသော စာပေလက်ရာများမှာ မဟူရာမေတ္တာ၊ နွေတည၊
မသိန်းရှင်ဆီပို့ပေးပါ၊ မြစပယ်ရုံ၊ ညအင်္သေချေ၊ နိုးတစ်ဝက်အိပ်မက်၊
အချစ်ည၊ ရေဆန်လမ်း၊ ဘ၀စာမျက်နှာများ (၁)၊ (၂) စသည်တို့ဖြစ်ကြသည်။

ဘ၀သရုပ်ဖော် စာပေဖြင့် ကျော်ကြားခဲ့သော သူ၏ စာပေလက်ရာများမှာ
၁၉၇၅ခုနှစ် နောက်ပိုင်းတွင် အဆက်ပြတ်ခဲ့ပြီး ၁၉၉၅ခုနှစ်တွင်
ရပ်ဝေးတစ်နေရာ၌ ကွယ်လွန်သွားကြောင်း သတင်းရရှိခဲ့သည်။

သူ၏စာပေလက်ရာများကို ပြန်လည်ရှာဖွေဖော်ပြရန်
သူ၏စာပေရောင်းရင်းများမှ ဆက်လက် ကြိုးပမ်းလျက်ရှိပါသည်။

ပြန်ထွက်လာခဲ့တဲ့ နွေတညမှာ ပါလာခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ ကိုယ်ရေးအကျဉ်း ဖြစ်ပါတယ်။ ပြန်ထွက် စာအုပ်မှာ အမှာစာတစ်စုံတရာမပါရှိခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။ နွေတညကို ၁၉၇၁ ခုနှစ်က ပန်းစုံမြိုင်စာပေကနေ ပထမအကြိမ်ထုတ်ဝေထားခဲ့ပြီး ၁၉၇၅ခုနှစ်မှာတော့တမာမြိုင်စာပေကနေ ဒုတိယအကြိမ်ထွက်ထားခဲ့ပါတယ်။ ဒီစာအုပ်ကတော့ တတိယအကြိမ်ပြန်ထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။

Untitled-4

မောင်လူအေးသို့ အမှတ်တရ၊ သိပ္ပံမောင်ဝ လက်ရေး

3
Filed under စာပေ

IMG_0140

IMG_0137

IMG_0136

- photo by တောကျောင်းဆရာ

ဖတ်မိခဲ့သော စာအုပ်များ

3
Filed under စာပေ

တောကျောင်းဘလော့မှာ စာအုပ်တွေအကြောင်း မရေးဖြစ်တာ အတော်ကြာပါပြီ။ ကျွန်တော့် အနေနဲ့ တစ်ပတ်ကို အနည်းဆုံး စာအုပ်လေးငါးအုပ်တော့ ဖတ်ဖြစ်ပါတယ်။ အချိန်ပြဿနာ ကြောင့် ပြန်မရှဲနိုင်ခဲ့တာပါ။ ဒီလိုနေရာက ကိုမိုးဆတ်ရဲ့ ဘလော့မှာ Booknotes ဆိုပြီး ပို့စ်လေးတစ်ခုတက်လာတာကို သတိထားမိလိုက်ပါတယ်။ သူလည်း စာအတော်ဖတ်တဲ့သူပါ။ သူရေးထားတဲ့ ပိုစ့်ကို ကျွန်တော် သဘောကျသွားပါတယ်။ တွေ့သမျှလူတွေကို စာဖတ်ပါလား။ စာမှမဖတ်တာကိုးလို့ ပြောနေမယ့်အစား ကျွန်တော်တို့တော့ ဒီစာအုပ်တွေဖတ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်တွေအပေါ် ဒီလိုမြင်တယ်။ ခင်ဗျားတို့လည်း စိတ်ဝင်စားရင် ဖတ်ကြည့်ပါလားဆိုတဲ့ ကဏ္ဍလေးလုပ်ဖို့ စဉ်းစားမိပါတယ်။ ဖတ်နေသမျှ အားလုံးမဟုတ်တောင် စိတ်ထဲရောက်လာတဲ့ စာအုပ်တွေ အကြောင်းပေါ့။ အမြည်းအနေနဲ့ပဲ ရေးပါမယ်။ စိတ်ပါရင် အရှည်ရေးပါမယ်။ အခုဒီပိုစ်မှာတော့ ကိုမိုးဆတ်တင်ထားတဲ့ Booknotes ဆိုတဲ့ ပိုစ့်က စာအုပ်သုံးအုပ်အကြောင်း အရင်တင်ပေးလိုက်ပါမယ်။ စာဖတ်ခြင်းဖြင့် ပျော့်မွေ့သူများ အဆာပြေနိုင်ကြပါစေ။

- တောကျောင်းဆရာ

ဌေးဦးကျော် `အနာဂတ်သမိုင်း´

(ပ-ကြိမ်၊ ၂၀၀၅ဇွန်၊ မုံရွေး၊ ၇၀၀)

သိပ္ပံ ၀တ္ထုတွေရဲ့ အားသာချက်၂ခု အဖြစ် ကြိုက်တဲ့ကိစ္စကို ကြိုက်သလိုသရော်နိုင်တယ်။

(ရောဘတ်ရှက်ကလေးရဲ့ ၀တ္ထုတွေကို သတိရမိတယ်) ထူးခြားတဲ့အတွေးကို ဖော်ပြနိုင်တယ်လို့ ဆိုထားပါတယ်။ ၀တ္ထုတွေအားလုံးကို သိပ္ပံ ၀တ္ထုတွေချည်းပဲလို့တော့ သတ်မှတ်လို့ မရလောက်ပါဘူး ခေတ်ဟောင်း ဇာတ်လမ်းတစ်ပုဒ်ဟာ စိတ်ပညာဝတ္ထု ဖြစ်ပြီး ရွှေဆည်းဆာဟာ အနာဂတ္ထိံ ၀တ္ထုလို့ပဲ သတ်မှတ်ရမှာပါ။ မုံရွေးအနေနဲ့ သိပ္ပံရောဂါ ထတာကို ခဏဖယ်ထားပြီး တခြားကျယ်ပြန့်တဲ့ခေါင်းစဉ်တပ်ခဲ့ရင် ဒီထက်ပိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်မယ်ထင်ပါတယ် (ကျွန်တော်တောင်ကျော်အပေါ် စာပေလောက မုံရွေးစာအုပ်ပြပွဲမှာ ၂၀၀ ပုံထဲက ရလို့ ဖတ်ဖြစ်တာပါ)

ဝတ္ထုတစ်ပုဒ်ခြင်းအနေနဲ့တော Chicken Soup for Soul လိုစာမျိုး (ဘယ်သူနေသင့်သလဲ)နဲ့ Sci-fi ဆရာကြီးတွေဖြစ်တဲ့ ရောဘတ်ရှက်ကလေးနဲ့ အဆီမော့တို့ရဲ့ သရော်စာကောင်း ၂ ပုဒ်လည်း ပါတာတွေ့ရပါတယ်။

ဦးနု`ငါးနှစ်ရာသီ ဗမာပြည်`(ဘမော်နဲ့မောင်နု)

(တ-ကြိမ်၊ ၂၀၁၀ ဇန်န၀ါရီ၊ ရတနာပုံ၊ ၂၀၀၀)

ဘမော်ကြိုမသိနိုင်ခဲ့တာက နောက်ငါးနှစ်ကြာရင် မောင်နု ၀န်ကြီးချုပ်ဖြစ်မယ်ဆိုတာပဲ။ ၀န်ကြီးချုပ်တောင်မှ တကယ်လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ၊ ဘမော်လို နာမည်ခံမဟုတ်ပဲ တကယ့်အာဏာရှင်ဖြစ်ခဲ့တယ် ဘမော်ကပြောတယ် `နိုင်ငံရေးဆိုတာ အဖျက်နဲ့ ကြီးပဲ ပြီးတာမဟုတ်ဘူး၊ အလုပ်ကရှိသေးတယ်၊ ကိုယ်တို့တတွေဆိုတာလည်း နောက်ကို အကြာကြီးလုပ်နိုင်တော့မယ် မဟုတ်ဘူး၊ နောက်ဆိုရင် ဗိုလ်အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်နုတို့ပဲရှိတော့တယ်´ဆိုတဲ့စကား(စာ-၈၂)အရတော့ ဘမော်ရဲ့ အနာဂတ် ဗမာ့နိုင်ငံရေးvision က တော်တော်ကောင်းတယ်လို့ ဆိုရမယ်။

ပိုစိတ်ဝင်စားဖို့ကောင်းတာက `အဲဒီတော့ အလုပ်သဘောကို ခုထဲက စပြီး အခွင့်ရတဲ့အခါ သင်ကြစမ်းပါ၊ ကိုယ်ကောင်းကောင်း လက်ထပ်သင်ပေးစမ်းပါရစေ´ (စာ-၈၂)ဆိုတာပါပဲ မောင်နုက ဘမော်ရဲ့ ကက်ဘိနက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး (Secretary of State ဆိုတာနိုင်ငံရေးမှာ ၀န်ကြီးချုပ်ပြီးရင် အမြင့်ဆုံးလို့ ယူဆကြ)၀င်လုပ်ရင်း ဘာတွေသင်ဖြစ်၊ consciously or unconsciously observe လုပ်ဖြစ်ခဲ့သလဲ၊ နောင်အထွတ်အထိပ်ရောက်တဲ့အခါ ဘာတွေများ ပြန် apply လုပ်ခဲ့လေမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။

ဘမော်ရဲ့ လူမှုဆက်ဆံရေး ပရိယာယ် (စာ-၇၆)၊ နိုင်ငံရေးပရိယာယ် (စာ-၁၇၅)တွေသာမက ဘမော်ရဲ့ စွတ်တရွက်နိုင်တာ (စာ-၁၂၃နဲ့ စာ-၁၄၀)၊ လွယ်လွယ်နဲ့ အလျှော့မပေးတတ်တာတွေ လေးစားသဘောကျကြောင်း မောင်နုရဲ့ စာထဲမှာ ပေါ်လွင်သလို သူ့အပေါ် influence ဖြစ်ခဲ့မှာလည်း အသေအချာပါပဲ။

Myanmar: Life After Nargis (Pavin Chachavalpongpun & Moe Thuza)

(First ed., 2009, ISEAS)

နာဂစ်အသေအပျောက်စာရင်းနဲ့ ပတ်သက်လို့ ပွန်ဂျာကိုပဲ ကိုးကားထားတယ် သေ=၈၄၅၃၇ ၊ပျောက်=၅၃၈၃၆ (Restoring Family Link တို့ ၊ Tracing တို့ လုပ်တဲ့ အင်ဂျီအိုတွေက ပျောက်စာရင်းထဲက ဘယ်လောက်တော့ ပြန်တွေ့ပြီဆိုတာလေးတော့ စူးစမ်းသင့်ကြတယ် )

ကျပ်ဘီလီယံပေါင်း ၄၅၀၀ ပျက်စီး ဆုံးရှုံး(damage & losses)တယ်လို့ ၂၀၀၈ မေ ၂၅ ဆီဒိုးနားမှာလုပ်တဲ့ Pledging Conference မှာ PM ပြောတာကို ကိုးကားပြီး ဖော်ပြထားတယ် (damage ကရုပ်ဝတ္ထုပျက်စီးသွားတာဖြစ်ပြီး lossesက စီးပွားရေးလုပ်ငန်းတွေ့ လျော့ကျသွားတာလို့ ရှင်းထားတယ်)

World Bank က ၁၉၈၀ တည်းက လုပ်လာတဲ့ Paddy I နဲ့ II ပရောဂျက်တွေ နာဂစ်ထဲပါသွားတယ်လို့ ဖော်ပြထားတယ်။

တိရိစ္ဆာန်ကောင်ရေ ၂ သိန်းသေတယ် (ရှိတဲ့ ကျွဲတ၀က်နဲ့ နွားလေးပုံတစ်ပုံ လျှောသွားတယ်) အမိုးအကာ ၅၇ရာနှုန်းလုံးဝပျက်စီးတယ် ဘာမှမဖြစ်တာ ၂ရာနှုန်းပဲရှိတယ် အိမ်ထောင်စု လေးသိန်းခွဲရဲ့ အမိုးအကာကို ပြန်ပြင်ဖို့လိုတယ်။

ပွန်ဂျာဆိုတဲ့ နာဂစ်စစ်တမ်းကြီးလုပ်တာ ဒေါ်လာတစ်သန်းကုန်တယ် လူ ၃၀၀ ကျော်သုံးတယ် ၂၀၀၈ ဇွန် ၅ကနေ ၂၉ထိ ကြာတယ်။

စာအုပ်မှာ အဓိက ဖော်ပြထားတာက GOM နဲ့ အလှူရှင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ (UN အပါအ၀င်) ပူးပေါင်းဆောင်ရွက် (Coalition of Mercy လို့သုံးထားတယ်) နိုင်အောင် ၀င်လှော်ပေးရတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲ ၊ သူတို့လည်း လှော်သာလှော်တာ စစချင်း ဒေါ်လာသွင်းခွင့်မရလို့ ထိုင်းသံရုံးကနေ ပိုက်ဆံချေးပီး အလုပ်စခဲ့ရတယ် (စာ-၇၄-၇၅)

ယူအင်န်ဒီပီက ကယ်ဆယ်ရေးအချိန်ကို ၂၀၀၉ဧပြီထိ သတ်မှတ်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကာလကို လေးနှစ်သတ်မှတ်ခဲ့တယ်

နာဂစ်က အာဆီယံအတွက် အကျိုးရှိခဲ့တယ် စာအုပ်နိဂုံး(စာ-၁၀၆)မှာ Perfect Storm လို့တောင် ဆိုထားသေး နာဂစ်ကြောင့် အာဆီယံဟာ Disaster Management နဲ့ ပတ်သက်လို့ လုပ်နိုင်ကိုင်နိုင်ရှိတယ်ဆိုတာ ပြနိုင်ခဲ့တယ် Coordinating Response နဲ့ ပတ်သက်လို့ အတွေ့အကြုံအများကြီးရတယ် သူ့ရဲ့ AHA (ASEAN Humanitarian Assistance) ရုံးကိုလည်း အသက်ဝင်အောင် လုပ်နိုင်ခဲ့တယ်။

GOM အနေနဲ့လည်း နာဂစ်မှာ အခွင့်အရေးကောင်းတွေကို လက်လွတ်ခဲ့တယ်လို့ ဝေဖန်ထားတယ် (စာ-၈၁) သတင်းစာတွေမှာ မုန်တိုင်းပြီးပြီးချင်း နာဂစ်ဒေသတွေကို သွားးပြီး လှူဒါန်းမှုတွေ လုပ်ခဲ့တဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို မဖော်ပြပဲထားခဲ့တာဟာ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့အမြင်မှာ တော်တည့်မှန်ကန်စွာ သရုပ်ဆောင်ပြနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့တာပဲလို့ သုံးသပ်ထားတယ်။

ပြည်သူတွေအနေနဲ့ GOM ဟာ ကယ်ဆဲရေးလုပ်ငန်းတွေကို mismanage လုပ်နေတယ်လို့ ထင်မြင်ခံစားမိစေခြင်းဖြင့် သူ့ရဲ့ legitimacy ကို တောက်ပစေမယ့် အခွင့်အရေးကိုလည်း လက်လွတ်ခံခဲ့တယ်လို့ ထပ်ပြီး သုံးသပ်ထားတယ်။

- ကိုမိုးဆတ်ရဲ့ ကမ်းယံ ဘလော့မှ ပြန်လည်ဖော်ပြသည်။