တစ်နေ့တော့ ကောင်လေးရော ပြင်သစ်မပါ ပျောက်သွားတယ်။
ကျုပ်ပြောချင်တာက ကောင်လေးကို ဟိုမှာဒီမှာမတွေ့ရတော့ဘူး။ ပြင်သစ်မကိုလည်း
ဘယ်သူမှ မတွေ့ကြတော့ဘူး။ ဆံပင်ညှပ်ဆိုင်မှာရော၊ သူမလမ်းလျှောက်နေကြ
ကမ်းခြေဘက်မှာရောပေါ့။ ပထမဆုံး ကျုပ်တို့တွေးမိတာက သူတို့ ခိုးပြေးသွားကြပြီ လို့ပဲ။
ဘာဖြစ်လို့လည်းဆိုတော့ ခိုးပြေးတယ်ဆိုတာက စိတ်ကူးယဉ်ကြည့်စရာကောင်းတယ်လေ။
မြို့က မိန်းမတွေကလည်း အခုတော့ ပြင်သစ်မကို ခွင့်လွှတ်နိုင်သွားကြပြီ။ သူ့အိမ်ထောင်က
အစကတည်းက မှားယွင်းမှုတစ်ခုပဲလို့တောင် ပြောကြတယ်။ ဆာဗီနိုဟာ သူမအတွက်
အသက်ကြီးလွန်းတယ်။ ကောင်လေးကတော့ ရုပ်ကလေးကလည်း ရှိတယ်။
အဲ သူတို့တောင် ဒါမျိုးလုပ်ရင်လုပ်မိမှာလို့ ရယ်သံစွက်ပြီး ပြောကြသေးတယ်။
တစ်နေ့လယ်ခင်းတော့ အဲဒီအကြောင်းပြောနေကြတုံး မုဆိုးမ အက်စ်ပီနိုဇာ ဆိုင်ထဲဝင်လာတယ်။
အဘွားကြီး က ထိန်လန့်အံ့သြဖွယ်အသံမျိုးနဲ့ ပဆိုးဝါးတာတစ်ခုခုဖြစ်ခဲ့တယ်လို့ သူမထင်တဲ့
အကြောင်း ပြောလိုက်တယ်။ ကျုပ်တို့သိထားတဲ့အတိုင်း ကောင်လေးက ရွက်ဖျင်တဲကို
သူမရဲ့အိမ်နားမှာ ထိုးထားတာလေ။ သူမလည်း ကျုပ်တို့လိုပဲ ကောင်လေးကိုမတွေ့ရဘူး။
ဒါပေမယ့် တဲက ဒီအတိုင်းရှိတာ ဆန်းတော့ဆန်းတယ်။ ‘ဆန်းတော့ ဆန်းတယ်’ ဆိုတဲ့စကားကို
သူမက ထပ်ခါထပ်ခါ ပြောတယ်။ သူတို့ရွက်ဖျင်တဲကို ယူမသွားတာ ဆန်းတယ်တဲ့။
တစ်ယောက်ယောက်က ရဲကိုအကြောင်းကြားသင့်တယ်လို့ ပြောလိုက်တယ်။
အဘွားကြီးက ဆာဗီနိုကို စောင့်ကြည့်သင့်တယ်လို့ တတွတ်တွတ် ရွတ်နေတယ်။
ကျုပ်ကတော့ ဒေါသလည်းထွက်၊ ဘာလုပ်ရမှန်းလည်းမသိဖြစ်နေတယ်။ ဈေးဝယ်နှင့် အငြင်းအခုံမလုပ်ဖို့
ကျုပ်က မူချထားတာကိုး။ လေသံခပ်ပျော့ပျော့နဲ့ သက်သေအထောက်အထားမရှိဘဲ ဘယ်သူ့ကိုမှ စွပ်လားစွဲလားမလုပ်သင့်ဘူးလို့တော့ ပြောလိုက်တယ်။ ကျုပ်ရဲ့အမြင်မှာလည်း ဆာဗီနိုလိုလူမျိုးက
ဘယ်လိုမှ ဒီလိုမလုပ်လောက်ဘူးလို့ ထင်တာပဲ။ ဒါပေမယ့် မုဆိုးမကြီးက
ရှက်သလိုကြောင်သလိုလူမျိုးတွေဟာ အဖိနှိပ်ခံရလွန်းရင် အစွန်းရောက်သွားတတ်တယ်
မဟုတ်လား ဆိုပြီး ဖြတ်ပြောလိုက်တယ်။
ဆာဗီနို တံခါးဝမှာ ပေါ်လာတော့ ကျုပ်တို့ ငြင်းကောင်းတုံးရှိသေးတယ်။
အားလုံးတိတ်သွားတယ်။ သူ့အကြောင်းပြောနေကြတယ်ဆိုတာ ဆာဗီနိုသိလောက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက မျက်လွှာချတဲ့လူချ၊ မျက်နှာလွှဲတဲ့လူလွှဲ ဖြစ်နေတာကိုး။
သူ့ကို ကြည့်ရတာလည်း အရင်ကထက်တောင် ရှက်သွေးရောင်ပြေးနေသလိုပဲ။ ဘယ်တော့မှ
ရင့်ကျက်မလာတဲ့ ကလေးလေး တစ်ယောက်နဲ့တောင် တူနေသေးတော့တယ်။ သူ့ဈေးစာရင်းကို
ကျုပ်ကြည့်လိုက်တော့ ပစ္စည်းက နည်းနည်းလေးရယ်။ နောက်ပြီး ဒိန်ချဉ်လည်း မပါတာတွေ့ရတယ်။
သူပိုက်ဆံချေနေတုံး အက်စ်ပီနိုဇာက ပြင်သစ်မအကြောင်း ဖြတ်မေးလိုက်တယ်။
သူ့မိန်းမရဲ့အဖေနေမကောင်းလို့ သွားကြည့်တယ်လို့ သူက ပြန်ပြောတယ်။ ဒါပေမယ့်
တစ်ပတ်လောက်နေရင် ပြန်ရောက်မှာပါလို့လည်း ဆက်ပြောတယ်။ သူပြန်ဖြေနေ တဲ့အချိန်မှာ
ဘေးက မျက်နှာတွေအားလုံးပေါ်က စိတ်ထက်သန်မှုဟာ စိတ်ပျက်မှုအဖြစ် တဖြည်းဖြည်း
ပြောင်းသွားတယ်။ ဆာဗီနို ပြန်သွားတာနဲ့ အဘွားကြီးက သူ့ဇာတ်လမ်းကို ပြန်စတော့တာပဲ။
ငါတော့ သူနှပ်ချတာ လက်မခံဘူး။ ငါတို့ ပြင်သစ်မကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူးလို့
အဘွားကြီးက ပြောတယ်။ ပြီးတော့ အသံကို နှိမ့်လိုက်ပြီး ပွန်တီဗီဂျိုမှာ
လူသတ်သမားတစ်ယောက်လွတ်နေပြီ။ နောက်တခေါက် ဓားစာခံကတော့ ကျုပ်တို့ထဲက
တစ်ယောက်ဖြစ်မှာပဲလို့ သူက ဆက်ပြောတယ်။
ဒီလိုနဲ့ တစ်ပတ်ကုန်သွားတယ်။ နောက်တော့ တစ်လကုန်သွားတယ်။ ပြင်သစ်မ ပြန်မလာဘူး။
ကောင်လေး ကိုလည်း ဘယ်သူမှ ထပ်မတွေ့ရဘူး။ ကလေးတွေတောင် သူ့တဲမှာ
ကောင်းဘွိုင်နဲ့ အင်ဒီးယန်းတမ်း ဆော့နေကြပြီ။ ပွန်တီဗီဂျိုလည်း နှစ်ခြမ်းကွဲသွားတော့တယ်။
ဆာဗီနိုကို ရာဇ၀တ်သားလို့ ယူဆတဲ့ဘက်နဲ့ ပြင်သစ်မပြန်လာမယ်လို့ ထင်တဲ့ ကျုပ်တို့ဘက်ပဲ။
ကျုပ်တို့ဘက်က ကာလေအင်အားနည်းလေဖြစ်လာတယ်။ လူတွေက ဆာဗီနိုဟာ
ကောင်လေးကို ဆံပင်ညပ်ပေးနေတုံး လည်ပင်းကို သင်တုံးဓားနဲ့လှီးလိုက်တာဆိုပြီး ပြောကြတယ်။
အမေလုပ်သူတွေကလည်း သူတို့ကလေးတွေကို ဆံပင်ညှပ်ဆိုင်နားက လမ်းမှာတောင်
ပေးမကစားတော့ဘူး။ သူတို့ယောက်ျားတွေကိုလည်း မယ်ချောဆိုင်ကိုပဲ သွားဖို့ နားချကြတယ်။
ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ဆာဗီနို့ဆီမှာ ဆံပင်ညပ်တဲ့သူတွေ ရှိနေတာပဲ။
မြို့ထဲက ကောင်လေးတွေက ချောက်ခြားစရာ ဆံသခုံမှာ သွားထိုင်ပြီး သင်တုံးဓားနဲ့
ခေါင်းရိတ်ဖို့ ပြောပြီးသတ္တိပြိုင်ကြတယ်။ စပရေး ဖြန်းထားတဲ့ ဆံပင်ထောင်ထောင်ဟာ
ရဲရင့်မှုရဲ့ သင်္ကေတ ဖြစ်လာတယ်။
ပြင်သစ်မအကြောင်း ကျုပ်တို့က မေးလိုက်ရင် ယောက္ခမနေမကောင်းတဲ့အကြောင်းပဲ
ဆယ်ဗီနိုက ပြန်ဖြေတယ်။ လူတွေက သူ့ကိုနှုတ်တွေဘာတွေ မဆက်ကြတော့ဘူး။
မုဆိုးမ အက်စပီနိုဇာက ဆယ်ဗီနိုကို ဖမ်းဖို့ ရဲကိုသွားပြောတယ်။
ရဲက အလောင်းမတွေ့ရဘဲ ဘာမှလုပ်လို့မရဘူးလို့ ပြန်ပြောလိုက်တယ်။
မြို့ထဲမှာ အလောင်းတွေနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်တွေ ထွက်လာတယ်။
တချို့က ဆာဗီနို့အိမ်အောက်မှာ မြှပ်ထားတယ်လို့ ဆိုကြတယ်။ အလောင်းတွေကို
အပိုင်းပိုင်းခုတ်ထစ်ပြီး ပင်လယ်ထဲ ပစ်လိုက်ပြီလို့ ပြောတဲ့သူလည်းရှိတယ်။
တဖြည်းဖြည်းနဲ့ မြို့ကလူတွေရဲ့ အာရုံထဲမှာ ဆာဗီနိုဟာ တကယ့်မကောင်းဆိုးဝါး
တစ်ကောင်လို ဖြစ်လာတော့တယ်။
ဆိုင်ထဲမှာ တစ်နေ့တစ်နေ့ ဒါကိုချည်းကြားနေရတော့ ကျုပ်လည်း
ကြောက်ကြောက်လန့်လန်ဖြစ်လာတယ်။ မုဆိုးမ အက်စပီနိုဇာကတော့ စိတ်ဖောက်သွားပုံရတယ်။
ငန်းပြားလေးတစ်လက်နဲ့ ဟိုးနားတူးလိုက် ဒီနား တူးလိုက် ဖြစ်နေတယ်။
အလောင်းတွေမတွေ့မချင်း လက်မလျှော့ဘူးဆိုပြီး ကြုံးဝါးလိုက်သေးတယ်။
အဲလိုနဲ့ တစ်နေ့တော့ သူမ တွေ့သွားတယ်။
နိုဝင်ဘာလဆန်း တစ်နေ့ခင်းမှာပေါ့။ အဘွားကြီး ဆိုင်ထဲဝင်လာပြီး
ငန်းပြားတွေ ရှိလားမေးတယ်။ ပြီးတော့ သူမကို ရဲအင်စပိတ်တော်က ငန်းပြားတွေနဲ့
သဲတောင်ကုန်းတွေကိုတူးဖို့ ဗော်လန်တီယာတွေရှာရအောင် လွှတ်လိုက်တာဖြစ်တဲ့အကြောင်း
လူတိုင်းကြားလောက်တဲ့အသံနဲ့ အော်ပြောတယ်။ ပြီးတော့ သူမဘာတွေ မြင်ခဲ့ရတယ်ဆိုတာ
တစ်လုံးချင်း ပြောပြတယ်။ လူလက်တစ်ဖက်ကို ကိုက်နေတဲ့ ခွေးတစ်ကောင်ကို မျက်စိနဲ့
တပ်အပ်မြင်ခဲ့ရတာ ဆိုပဲ။ ကျုပ်ဖြင့် ကြက်သီးတောင် ထသွားတယ်။ ငန်းပြားတွေ
လိုက်ရှာနေတုံးမှာရော၊ ဆိုင်ကို သော့ခတ်နေတုံးမှာရော ကျုပ်နားထဲမှာ ‘ခွေး’ ၊’အလောင်း’ ၊
‘လက်တစ်ဖက်’ဆိုတဲ့ စကားလုံးတွေကိုပဲ ကြားနေမိတယ်။
အဘွားကြီးက လူအုပ်ကို ဦးဆောင်သွားတယ်။ ဆိုင်မှာ မုန့်ကြွပ်လေး၊
လက်ဘက်ခြောက်လေး ၀ယ်ဖို့ ရောက်နေတဲ့သူတွေလည်း ပါလာတယ်။ ပတ်ဝန်းကျင်ကို
ကျုပ်လိုက်မကြည့်ဘူး။ လေကလည်း မတိုက်ဘူး။ တိတ်ဆိတ်နေတယ်။ တခြားနေ့ခင်းတွေလိုပဲ။
နေ့လယ်နေ့ခင်း တရေးနိုးပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတဲ့ အချိန်မျိုးပေါ့။
အောက်ဘက်မှာ အိမ်တွေက အနိမ့်ပိုင်းကို စီတန်းပြီး ဆောက်ထားတယ်။ ပင်လယ်ပြင်ကလည်း
ငြိမ်သက်နေတယ်။ ရုတ်တရက် ကျုပ်ဖြင့် ယုံကိုမယုံနိုင်ဘူးဆိုတဲ့ ခံစားချက်မျိုးပေါ်လာတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုဟာမျိုးက ဒီမှာ မဖြစ်နိုင်လို့ပဲ။ ပွန်တီဗီဂျိုမှာပေါ့။
သဲတောင်ကုန်းတွေဆီ ကျုပ်တို့ရောက်သွားတော့ အင်စပိတ်တော်လည်း
ဘာမှ ရှာမတွေ့သေးပါဘူး။ အင်္ကျီဗလာနဲ့မြေတူးနေတဲ့ သူ့ရဲ့ ငန်းပြားဟာ မြောက်တက်လာလိုက်
ပြန်ကျသွားလိုက်ဖြစ်နေတယ်။ သူက ဘေးပတ်လည်ကို အမူအယာနဲ့ပြတယ်။ ကျုပ်က
ငန်းပြားတွေ ဝေပေးလိုက်တယ်။ ကျုပ်ကိုယ်တိုင်လည်း ဘေးကင်းမယ်ထင်တဲ့ တစ်နေရာကို
ရွေးပြီး စတူးတယ်။ အချိန်တော်တော်ကြာတဲ့အထိ သဲနဲ့ ငန်းပြားနဲ့ ထိသံပဲထွက်လာနေတယ်။
ကျုပ်လည်း ကြောက်စိတ်လျော့လာတယ်။ အဘွားကြီးတော့ လွဲပြီလို့ ထင်လာတယ်။
ရုတ်တရက် ခွေးဟောင်သံတစ်သံ ထွက်လာတယ်။ စောစောတုံးက အဘွားကြီး တွေ့ခဲ့တဲ့ခွေးနေမှာပဲ။
အားနည်းနေပုံရတဲ့ ခွေးလေးဟာ ကျုပ်တို့ကို ပတ်ပြီး ပြေးနေတယ်။
အင်စပိတ်တော်က လှန့်တဲ့အနေနဲ့ အုတ်ခဲနဲ့ ပစ်လိုက်တယ်။ ဒါပေမယ့် ခွေးက ပြန်ပြန်လာတယ်။
တချက်ဆို အင်စပိတ်တော်ရဲ့ လည်ပင်းကို ဟပ်လိုက်ပြီတောင် ထင်မိတယ်။
ဒီနေရာအမှန်ပဲလို့ ကျုပ်တို့ သိလိုက်တယ်။ အင်စပိတ်တော်က စပြီးပြန်တူးတယ်။
ခပ်မြန်မြန်တူးတယ်။ သူ့ရဲ့ တက်ကြွမှုက ပျံ့နှံ့သွားတယ်။ ငန်းပြားတွေဟာ တညီတညာထဲ
လှုပ်ရှားနေတယ်။ အင်စပိတ်တော်က ရုတ်တက်ရက်အော်ဟစ်လိုက်တယ်။ သူတစ်ခုခုကို ထိမိတယ်။ သူနည်းနည်းထပ်တူးလိုက်တာနဲ့ ပထမဆုံး အလောင်းတစ်လောင်း ထွက်လာတယ်။
တခြားလူတွေက ကြည့်ရုံလှမ်းကြည့်ပြီး ဆက်တူးကြတယ်။ စိတ်ထက်သန်မှုအပြည့်နဲ့။
ပြင်သစ်မကို ဆက်ရှာကြတယ်။ ကျုပ်က ခုဏကအလောင်းဆီသွားပြီး အနီးကပ်ကြည့်လိုက်တယ်။
သဲတွေပြည့်နေတဲ့ မျက်လုံးနှစ်လုံးအလယ်မှာ အနက်ရောင် အပေါက်တစ်ပေါက်တွေ့ရတယ်။
ဒါကောင်လေးအလောင်းမဟုတ်ဘူး။
အင်စပိတ်တော်ကို သတိပေးဖို့ ဘေးကိုလှည့်ကြည့်လိုက်တယ်။ အိပ်မက်ဆိုးတစ်ခုထဲကို
တစ်လှမ်းချင်း လှမ်းဝင်နေရသလိုမျိုးပဲ။ လူတိုင်းလူတိုင်း အလောင်းတွေ တူးမိကြတယ်။
အလောင်းတွေဟာ မြေကြီးထဲက ထိုးထိုးထွက်လာနေသလိုပဲ။ ငန်းပြားတစ်ချက်စိုက်လိုက်တိုင်း
ခေါင်းတစ်လုံး ဒါမှမဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပေါ်ထွက်လာတယ်။
ကြည့်လိုက်တဲ့နေရာတိုင်း အလောင်းတွေချည့်ပဲ။ ခေါင်းတွေ။ ပြီးတော့ နောက်ထပ်ခေါင်းတွေ။
တစ်နေရာကနေ တစ်နေရာ ကြောက်ကြောက်နဲ့ လျှောက်နေမိတယ်။
ဘာမှလည်း မစဉ်းစားနိုင်တော့ဘူး။ ဘာမှလည်းနားမလည်နိုင်တော့ဘူး။ ကျည်ဆံရာတွေမွနေတဲ့
ကျောကုန်းတစ်ခုကို မတွေ့ခင်အထိပေါ့။ နောက်တော့ မျက်လုံးကို အ၀တ်နဲ့စည်းထားတဲ့
ခေါင်းတစ်လုံး။ ဒါဘာလဲဆိုတာ ကျုပ်သိလိုက်တယ်။ အင်စပိတ်တော်ကို လှမ်းကြည့်လိုက်တော့
သူလည်း သဘောပေါက်သွားပုံပဲ။ သူကကျုပ်တို့ကို ငြိမ်ငြိမ်လေးနေဖို့ ပြောပြီး မြို့ထဲကို
ပြန်သွားတယ်။ ဘာလုပ်ရမလဲဆိုတာ သူ့အထက်လူကြီးတွေကို သွားမေးတာဖြစ်မယ်။
သူပြန်မလာခင် ကျုပ်မှတ်မိနေတာကတော့ အဆက်မပြတ်ထွက်နေတဲ့ ခွေးဟောင်သံနဲ့
လူသေတွေရဲ့ အနံ့ပဲ။ အဘွားကြီးကတော့ သူ့ရဲ့ ငန်းပြားကို ထောက်ရင်းရပ်ပြီး
ပြင်သစ်မကို မတွေ့မချင်း ဆက်တူးကြဖို့ ကျုပ်တို့ကို ပြောနေတယ်။ အင်စပိတ်တော
ပြန်ရောက်လာတယ်။ သူခါးကိုမတ်ထားပြီး တည်တည်ငြိမ်ငြိမ် ပုံစံမျိုး ဖြစ်နေတယ်။
တစ်ခုခု အမိန့်ပေးတော့မယ့် ပုံမျိုး။
သူက ကျုပ်တို့ရှေ့မှာ ရပ်ပြီး အလောင်းတွေကို ပြန်မြှပ်ဖို့ ပြောတယ်။
ကျုပ်တို့ငန်းပြားတွေကို ပြန်ကောက်ကိုင်ကြတယ်။ ဘယ်သူမှ စကားတစ်ခွန်းမဟကြဘူး။
အလောင်းတွေကို သဲနဲ့ဖုံးနေရင်း ကျုပ်ကိုယ်ကျုပ် မေးခွန်းထုတ်မိတယ်။
ကောင်လေးဒီမှာရှိနိုင်လားဆိုတာ။ ခွေးကတော့ ဆက်ဟောင်နေတယ်။ ရူးသွားသလိုပဲ
ခုန်ပေါက်နေတယ်။ အင်စပိက်တော်က ဒူးထောက်ထိုင်လိုက်ပြီး သေနတ်ကိုထုတ်လိုက်တယ်။
တစ်ချက်ပဲပစ်လိုက်ရတယ်။ ခွေးငြိမ်ကျသွားတယ်။ သေနတ်ကိုင်ထားရင်း ခွေးသေကို
ခြေထောက်နဲ့ ကန်ထုတ်လိုက်တယ်။ အဲဒါကိုပါ မြပ်ပစ်လိုက်ဖို့ ကျုပ်တို့ကို အမူအယာနဲ့ပြတယ်။
မြို့ကိုမပြန်ခင် ကျုပ်တို့မြင်ခဲ့တာတွေ ဘယ်သူ့ကိုမှ မပြောဖို့ ကျုပ်တို့ကို မှာတယ်။
ရှိနေတဲ့လူအားလုံးရဲ့ နာမည်ကို ရေးမှတ်တယ်။
ရက်နည်းနည်းကြာတော့ ပြင်သစ်မ ပြန်လာတယ်။ သူမရဲ့ဖခင် နေပြန်ကောင်းလာပြီလို့ပြောတယ်။
ကောင်လေးအကြောင်းတော့ ဘယ်သူမှ မပြောကြတော့ဘူး။ အားလပ်ရက်ရာသီရောက်တာနဲ့
တစ်ယောက်ယောက်က ရွက်ဖျင်တဲကို ခိုးသွားတော့တယ်။
ပြီးပါပြီ။
မြန်မာပြန်သူ- မိုးဆတ်
Vast Hell
by Guillermo Martínez
April 27, 2009 Newyorker