Monthly Archives: October 2009

မြင့်သန်း၏ ဘော(လ)ဇက်နှင့် တွေ့ဆုံခဲ့ခြင်း

6
Filed under စာပေ

untitled

၁)
မှတ်မှတ်ရရ ပြန်ပြောရမယ်ဆို ချင်းတွင်းထဲမှာဖြစ်ပါတယ်။
မြင့်သန်းဘာသာပြန်တဲ့ ဘော(လ)ဇက်နဲ့ အပ်ချုပ်သမကလေးကို တွေ့ရှိခဲ့ပါတယ်။
အခန်းဆက်ဖော်ပြထားခဲ့တာဆိုတော့ ပြတ်တောင်း၊ ပြတ်တောင်းနဲ့ ရှိနေခဲ့ရာက
ပြီးခဲ့တဲ့လထဲမှာ လုံးချင်းအနေနဲ့ ထွက်လာတဲ့အခါမှာတော့ အစက ဆုံးသည်အထိ
ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီမှာပဲ မြင့်သန်းရဲ့ ဘော(လ)ဇက်နဲ့ တွေ့ဆုံခဲ့ရတော့တာပါပဲ။

Balzac_and_the_Little_Chinese_Seamstress

၂)
ဘော(လ်)ဇက်နဲ့ အပ်ချုပ်သမားကလေးဝတ္ထုရဲ့ မူရင်းစာရေးဆရာက Dai Sijie ဆိုတဲ့
စာရေးဆရာဖြစ်ပါတယ်။ မူရင်းနာမည်က Balzac et la Petite Tailleuse chinoise ဖြစ်ပြီး အင်္ဂလိပ်အမည်က Balzac and the Little Chinese Seamstress ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီးတော့ ၂၀၀၀ပြည့်နှစ်က ထွက်ရှိထားခဲ့ပါတယ်။
စာအုပ်နောက်ခံနဲ့ စာရေးသူရဲ့ဘ၀ဟာလည်း ဆက်စပ်လျက်ရှိနေပါတယ်။
ဒီစာအုပ်ဟာ သူ့ရဲ့ semi-autobiographical ဖြစ်နေခဲ့တဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။
၁၉၅၄က စီချွမ်ပြည်နယ်မှာ မွေးဖွားလာခဲ့တဲ့ စာရေးဆရာ Dai Sijie ဟာ လူလတ်တန်းစား
မိဘကနေဆင်းသက်လာခဲ့ရသူဖြစ်ပြီး သူ့ရဲ့အလယ်တန်းကျောင်းသားဘ၀ဖြစ်တဲ့
(၁၉၇၁ခုနှစ်နဲ့ ၁၉၇၄ခုနှစ်ကြားကာလ) အချိန်မှာ တရုတ်နိုင်ငံရဲ့ အလှည့်အပြောင်း
ယဉ်ကျေးမှုတော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း
ပြန်လည်ပညာပေးခံဘ၀နဲ့ ကျေးလက်ကို ရောက်ရှိခဲ့ရပါတယ်။ ဒီကာလကို
ဖြတ်သန်းခဲပြီးတဲ့နောက် ကျောင်းဆက်လက်တက်ခွင့်ရပြီးတော့ ဘွဲ့ရတဲ့ အထိ
ကျောင်းဆက်တက်နိုင်ခဲ့ပါတယ်။ ၁၉၈၄မှာတော့ ပြင်သစ်ပညာသင်ဆုကိုရရှိခဲ့ပြီးြ
ပင်သစ်ကိုရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စာရေးဆရာအပြင် ဇာတ်ညွှန်းရေးဆရာနဲ့
ဒါရိုက်တာတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ပြည့်နှစ်မှာ Balzac and the Little Chinese
Seamstress ထွက်လာခဲ့ပြီးတော့ ၂၀၀၂ခုနှစ်မှာ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။
သူကိုယ်တိုင်ရေးခဲ့တဲ့ စာအုပ်ကို သူကိုယ်တိုင်ကပဲ ဒါရိုက်တာလုပ်ပြီးရိုက်ခဲ့တာပါ။

စာအုပ်ကိုတော့ ပြင်သစ်လိုစတင်ရေးသားခဲ့တာဖြစ်ပြီးတော့ ၂၀၀၁ခုနှစ်မှ အင်္ဂလိပ်လို
ထွက်လာခဲ့ပါတယ်။ မြင့်သန်းကတော့ ဘယ်မူကနေ ဘာသာပြန်ခဲ့သလဲ ဖော်ပြမထားခဲ့ပါဘူး။
အင်္ဂလိပ်လိုရေးသားထားတဲ့ စာအုပ်ကနေပြန်ဆိုခဲ့တယ်လို့ ယူဆရဖွယ်ရှိပါတယ်။
ဘာသာပေါင်း ၂၅မျိုးအထိ ပြန်ဆိုထုတ်ဝေခဲ့တဲ့ ဒီဝတ္ထုဟာ အောင်မြင်မှုရရှိခဲ့သလို
ရုပ်ရှင်ကလည်း အောင်မြင်ခဲ့ပါတယ်။

ဒီစာအုပ်နဲ့နာမည်ကြီးသွားခဲ့တဲ့ Dai Sijie ဟာ ၂၀၀၃ခုနှစ်မှာ Le Complexe de Di စာအုပ်
ဆက်လက်ရေးသားခဲ့တယ်။ Mr. Muo’s Traveling Couch အမည်ရပြီး အင်္ဂလိပ်လို
ထွက်ထားပါတယ်။ ၂၀၀၇မှာတော့ Par une nuit où la lune ne s’est pas levée စာအုပ်
ထွက်ထားခဲ့ပြီး အင်္ဂလိပ်လို မထွက်ထားခဲ့သေးပါဘူး။ အင်္ဂလိပ်လိုတော့ By night the
moon has not risen လို့ အမည်ရမလား မပြောတတ်ပါ။ တတ်သိသူများ ပြင်နိုင်ပါတယ်။
သူရဲ့စာအုပ်တွေရဲ့ အသွားအလာကိုကြည့်ရင် မော်ခေတ်ကို ဖြတ်သန်းခဲ့သူတစ်ယောက်က
ရှိနေခဲ့ခေတ်အခြေအနေကို အသောဖောက်ပြီး ပြန်ပြောထားခဲ့တာမျိုးတွေတွေ့ရပါတယ်။
တစ်ချိန်တုန်းကတော့ စိတ်ညစ်စိတ်ပျက်စရာ အခုပြန်ပြောတော့ ရယ်မောစရာ ဆိုသလိုမျိုး။

Balzac_and_the_Little_Chinese_Seamstress_poster

၃)
ဒီစာအုပ်ရဲ့ မြန်မာဘာသာပြန်မှာပါတဲ့ မြင့်သန်းရဲ့အမှာစာကို
အနည်းငယ်ဖတ်ကြည့်ဖို့တော့ လိုပါတယ်။ စာအုပ်ဘာသာပြန်နဲ့ပတ်သက်ပြီး
စိုးရိမ်စိတ်သိပ်မရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပေမယ့် မလိုလားအပ်တဲ့ အချေအတင်ပြောမှုမျိုးကို
မဖြစ်စေဖို့ ကြိုတားခဲ့တယ်လို့ ထင်ရပါတယ်။

တရုတ်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ဖြစ်ခဲ့တာတွေထဲက
အမှီးအမှောက်မတည့်မှုတွေ စာအုပ်မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်းဖြစ်ပါမယ်။
နောက်တစ်ချက်က မြင့်သန်းက သူရဲ့လက်ရှိရပ်တည်နေမှုအနေအထားကို သူဘာသာပြန်လိုက်တဲ့
စာအုပ်အနေအထားနဲ့ ရောနှောပစ်မှာကိုလည်း မလိုချင်ခဲ့ဘူးလို့ထင်ပါတယ်။

‘ စာဖတ်သူများအနေဖြင့် သဘောထားကြီးကြီး ဖတ်မိရန်လည်းလိုပါမည်။
ကာလတရားအခြေခံကာ မှန်ကန်ခဲ့သည့်အမြင်များကို နင်ပဲငဆဟု သဘောထားကာ
အပြစ်မမြင်စေချင်ပါ…. ‘လို့ မြင့်သန်းက ဆိုပါတယ်။

‘အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တမဟုတ်ခြင်း ပြောင်းလဲရန် အားထုတ်နေသည့်
ကာလအတွင်းက ပြန်လည်ပညာပေးရေးအစီအစဉ်များကို အဆိုးမြင်ရှုထောင့်က မမြင်မိရန်
လိုသည်။ စင်စစ် ထိုအခါကာလက ရင်ဆိုင်ခဲ့ရသော အခက်အခဲများမှာ ယနေ့ကာလ၏
တိုးတက်ဖွံ့ဖြိုးမှုအစုစုအတွက် အရင်းအနှီးမြုပ်နှံခဲ့မှုများသာ ဖြစ်ပါသည်’
မြင့်သန်းက ရေးထားခဲ့တာဖြစ်ပါတယ်။ ဟုတ်ကဲ့။ မြင့်သန်းက သူဟာ ခြံစည်းရိုးခွထိုင်ထားသူ
မဟုတ်ဘူးလို့ ပြောထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

၎)
အလယ်တန်းကျောင်းသားအဆင့်သာရှိသေးတဲ့ လူးဆိုတဲ့လူငယ်တစ်ယောက်နဲ့
ကျွန်တော်လို့နာမ်စားခံထားတဲ့( မူရင်းစာရေးသူ Dai Sijie ဖြစ်ပါတယ်) တို့ ကျေးလက်ကို
ပညာပေးခံခဲ့ရတဲ့ အနေအထားနဲ့ ဇာတ်လမ်းကို စဖွင့်ပါတယ်။

တယောတလက်နဲ့ လူငယ်နှစ်ဦးဟာ လယ်သမားကြီးတွေရဲ့ ပညာပေးမှုကို စတင်ခံစားခဲ့ရပါတယ်။
တယောကို တယောမှန်းမသိတဲ့ လယ်သမားတွေဟာ အပြန်ပြန်အလှန်လှန်ကြည့်ရှုစစ်ဆေးပြီးတဲ့
နောက်မှာတော့ တယောဆိုတဲ့ ဒီတူရိယာဟာ ဘူဇွာတွေရဲ့ ကလေးကစားစရာလို့ သတ်မှတ်ပြီး
မီးရှို့လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ လူးက ၀င်ပြောပြရပါတော့တယ်။
‘ရဲဘော်ကြီး ဒါဟာ တူရိယာ ပစ္စည်းတစ်ခုပဲ ‘တဲ့။ သူ့သူငယ်ချင်းဟာလည်း ဂီတပညာရှင်လို့
ဆက်ရွှီးပါတယ်။ သူတို့အဖို့တော့ တယောဘာမှမဖြစ်ရေးဟာ အဓိက အချက်ဖြစ်နေပါတယ်။
သေချာအောင် မိုးဇတ်ရဲ့ဆိုနာတာကို တီးပြမယ်ဆိုတော့ လယ်သမားကြီးတွေက
မိုးဇတ်ဆိုတာမသိ၊ ဆိုနာတာ ဆိုတာ မသိ။ အခက်တွေ့တော့တာပါပဲ။ ဒါကိုလည်း လူးကပဲ
ဖြေရှင်းပေးလိုက်ပါတယ်။

‘ဥက္ကဌကြီးမော်အား မိုးဇတ်က သတိတရရှိနေခြင်း’တဲ့။
မိုးဇတ်က မော်ကိုအမြဲတမ်းပဲသတိတရရှိနေသလားလို့ လယ်သမားကြီးကမေးတော့
လူးက အမြဲတမ်းပဲလို့ ပြန်ဖြေပါတယ်။ သီချင်းကိုတီးပြတော့ နားမလည်ပေမယ့် သဘောကျပြီး
တယောပြန်ရသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့အလုပ်ကြမ်းတွေလုပ်ကြရပါတယ်။ သူတို့ပါလာတဲ့
နှိုးဆက်နာရီကလည်း လယ်သမားတွေအတွက် အတော်အထူးအဆန်းဖြစ်နေခဲ့ပြီးတော့
နောက်နေ့တွေမှာ တရွာလုံးကလူတွေ သူတို့တဲထဲက နာရီကြည့်ပြီးမှ လယ်ထဲဆင်းတတ်တာကလည်း
အလေ့အကျင့်ဖြစ်သွားခဲ့ပါတယ်။

ရွာကလူတွေက အနုပညာတော့ဝါသနာပါတယ်။ လူငယ်နှစ်ယောက်ပြောပြတဲ့ ရုပ်ရှင်တွေ
နားထောင်ပြီး သဘောကျလို့နေတယ်။ တစ်နေ့တော့ ရွာကနေ အသွားအပြန်လေးရက်ကြာမယ့်
မြို့ဆီကို စေလွှတ်ပြီးရုပ်ရှင်ကြည့်ခိုင်းတယ်။ ပြန်လာရင် ကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းပြန်ပြော။
ဒီအချိန်ဆို တစ်ရွာလုံးကလူတွေက တစ်နေရာမှာစုပြီး လူငယ်နှစ်ယောက်ပြောပြတဲ့
ရုပ်ရှင်အကြောင်း နားထောင်ကြရစမြဲ။ ငိုစရာရှိငို၊ ရယ်စရာရှိကြရင်း။
ဒီလိုသက်သာရာလေးတွေလုပ်နေရသလို မစင်ပုံးထမ်းရသလိုအလုပ်တွေလည်း လုပ်ရမြဲ။

ဒီလိုနေရင်းက အပ်ချုပ်သမကလေးနဲ့တွေ့တယ်။ လူးက ကောင်မလေးကို သဘောကျတယ်။
ဒါပေမယ့် ယဉ်ကျေးမှုနဲ့အလှမ်းဝေးတယ်လို့ သူကယူဆတယ်။ သံယောဇဉ်တော့ စဖြစ်သွားတယ်။

လေးလုံးနဲ့ ဆက်တွေ့တယ်။ လေးလုံးစီက ဖွက်ထားတဲ့ သေတ္တာဟာ လူငယ်နှစ်ယောက်အတွက်
စိတ်ဝင်စားစရာ။ ဒီသေတ္တာထဲမှာ တားမြစ်ထားတဲ့ စာအုပ်တွေရှိမယ်လို့ သူတို့ထင်နေတယ်။
စာနဲ့ ပေနဲ့ ဝေးနေတဲ့သူတို့နှစ်ယောက်အတွက် စာအုပ်ဟာ ငတ်မွတ်စရာ။
လေးလုံးဆီမှာရှိနေခဲ့တာတွေကလည်း စာအုပ်တွေပါပဲ။ ဒီစာအုပ်တွေကို ရနိုင်ဖို့ကြိုးစားရာက
ပြင်သစ်စာရေးဆရာ ဘော(လ)ဇက်နဲ့ တွေ့ခဲ့ကြရတော့တာပါပဲ။ လေးလုံးဆီမှာရှိနေတဲ့
စာအုပ်တွေထဲက ဘော(လ)ဇက်တစ်အုပ်သာ ရခဲ့တယ်။ ဘော(လ)ဇက်ရဲ့ ၀တ္တုလေးငါးအုပ်၊
ဗစ်တာဟူးဂိုး၊ စတန်ဒါးလ်၊ ဒူးမားစ်၊ ဖလော်ဘဲ၊ ဘော်လဒဲ၊ ရိုမိန်းရောလင်န်၊ ရူးဆိုး၊
တော်စတွိုင်း၊ ဂိုဂိုးလ်၊ ဒေါ့(စ)တို ယက်စကီး၊ ဒစ်ကင်စ်၊ ကစ်ပလင်နဲ့ အယ်မလီ ဘရွန်တီ တို့ရဲ့
စာအုပ်တွေ လေးလုံးဆီမှာရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့အဖို့တော့ ဘော(လ)ဇက်ရဲ့
စာအုပ်တစ်အုပ်နဲ့တင် အရာရာဟာ ပြောင်းလဲသွားစေနိုင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်အတွက်လည်း မမျှော်လင့်တဲ့အခြေအနေတွေကို ဘော(လ)ဇက်ဆီကနေ
ရသွားခဲ့ပါတယ်။ အပ်ချုပ်သမကလေးလည်း ယဉ်ကျေးတဲ့မြို့သူတစ်ယောက်ဖြစ်ဖို့
အဝေးကို ထွက်သွားခဲ့ပါတယ်။ ဘော(လ)ဇက်ကြောင့်ပါပဲ။ မိန်းမတစ်ယောက်ရဲ့အလှဟာ
တန်ဖိုးဖြတ်မရဘူးဆိုတာကို ဘော(လ)ဇက်ဆီက နားလည်ခဲ့တယ်လို့ အပ်ချုပ်သမကလေးက
ပြောစကားကို လူးက ပြန်ပြောပြခြင်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားခဲ့ပါတယ်။

၅)
ဇာတ်လမ်းကလေးကတော့ အဲတာပါပဲ။ တကယ်ဖြစ်ခဲ့တာတွေကို အရေးအဖွဲ့ကောင်းတဲ့
စာရေးဆရာတစ်ယောက်က ပြန်ရေးပြတဲ့အခါမှာ စိတ်ပျက်စရာတွေ၊ ကြည်နူးစရာတွေ၊
ဟာသဖြစ်စရာ၊ ကြေကွဲစရာ၊ လွမ်းဆွတ်စရာတွေကို တွေ့ခဲ့ရပါတယ်။
မြင့်သန်းကြိုပြောထားခဲ့သလို နှစ်ဦးသားညားကြလေသတည်းဆိုတဲ့ မူကိုအခြေခံပြီးရေးတဲ့
အပျော်ဖတ်ဝတ္ထုပုံစံမျိုးကို စာအုပ်မှာ တွေ့ရမှာမဟုတ်ပါဘူး။

ဘာသာပြန်စာအုပ်အနေနဲ့ အတော်ဖတ်ကောင်းတဲ့ ၀တ္ထုဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ တရုတ်စာရေးဆရာက ပြင်သစ်လိုရေးထားပြီး အင်္ဂလိပ်ဘာသာပြန်ကတဆင့်
မြန်မာဘာသာပြန်ခဲ့တဲ့အထဲမှာ ဒါပေတဲ့တို့ လိုမြင့်သန်းရဲ့လေတွေကို
သည်းခံဘေးဖယ်ပြီး ဇာတ်လမ်း၊ ဇာတ်သွားအနေနဲ့ မဖတ်နိုင်ဘူးဆိုရင်တော့….

ပြောသမျှ အောချကာမှ သြကာသ သြကာသ လည်း ထရွတ်နေစရာမလို

2
Filed under ကဗျာ

သတိရလို့ထကြည့်လိုက်တာ သတိတရရှိပါစေ
မိမိကိုယ်ကို အရောင်းမြှင့်တင်ရေးကာလ ဖြစ်ပါနေသောကြောင့်
အစရှိသဖြင့် . . . ကြုံရာ အစကို ဆွဲထုတ်လိုက်ပါ
အဆံမရှိသောနေရာ အသံလည်းရှိချင်မှ ရှိနေပါမယ်
မရှိချင်လည်း မရှိချင်ဘူးဆိုတော့ မသိချင်လည်း မသိချင်ဘူးဆိုပါတော့
သြဇာရှိချင်သလား သြဇာသီးစားပါ
ပြောစရာမရှိဘူးဆိုရင် လောကကြီးလည်း ပျင်းစရာ
အခုကလေးတင် ကောက်လိုက်တာ အခုကလေးတင် ဈေးပြောင်းသွားတယ်
တစ်ရာ ရာခိုင်နှုန်းအထူးလျော့ဈေး ဈေးအတက်အကျအတွက်
စတော့ပါးစပ်က အရင်လျာထား
အရေးအကြောင်းမှာ ဈေးပြောင်းသွားတဲ့အခါ
အရင်လို အရင်ကဖြစ်ခဲ့တာတွေ အလျဉ်မလိုပါနဲ့ အရင်လိုပဲနေပါ
သွင်မပျက်စီးဆင်းစေ ဘာပဲယူယူ ဘာပဲယူယူပေါ့
ရီကာဗာအပျိုလေး ချစ်စရာလေးပေါ့ကွယ်
လန်းလန်းဆန်းဆန်း စံပယ်ပန်းပါပဲ ဆိုရင်တော့
စံပယ်တွေရမယ် စံပယ်တွေရမယ် စံပယ်တွေရမယ် ပေါ့။

မေ့လျော့ခြင်းဖြင့် ပျောက်ဆုံးသွားသည်

3
Filed under အက်ဆေး

မိုးက ခပ်ဖွဲဖွဲ။ အပြင်ဖက်ထွက် ရပ်နေလိုက်တယ်။ မိုးစက်တစ်ချို့။
မြစ်ဟိုဖက်ကမ်းက တိုက်လာတဲ့ လေအေးတွေကို ခပ်ပြင်းပြင်း ရှိုက်လိုက်တယ်။
ခေါင်းက ပိုနောက်သွားသလို။ ပုပ်အဲ့အဲ့ အနံ့တစ်ချို့။
အခန်းထဲ ပြန်ဝင်ထိုင်နေလိုက်ရင် ကောင်းမလား။ မိုးက တိတ်တော့မှာ။
ကောင်းကင်အောက်ခြေမှာလင်းနေတာ တွေ့လား။ အဲတာဆို မိုးက ခဏနေတိတ်တော့မှာ။
ဒီနေ့ ဘာနေ့လဲဟင်။ အရေးပြားတွေက အေးစက်နေတာပဲ။ နယ်ပြန်သွားတာလေ။
ဒီလကုန်ရင် အိမ်ကလာလည်မယ်ပြောတယ်။ သိသာသိစေ မမြင်စေနဲ့တဲ့။
ဘယ်လိုပြော ရမလဲနော်။  ရန်ကုန်မှာ သုံးရက်နေတာ ခုနှစ်သောင်း။ ကုန်ရောပဲ။
ဟိုးမှာ ဒိုက်တွေ မျောလာတယ်။ ဒါတောင် ဟင်းစားဖိုးပဲ။ လက်မှာလည်း သံချေးရည်တွေနဲ့။
အရမ်း ပင်ပန်းတယ်။ ဗြူတီပါလာ ဖွင့်ရင် ကောင်းမလား။ ဘာ ပြောတယ်။
ရုပ်ရှင် သွားကြည့်ရအောင်။ မောင့်ဘလက်တစ်ချောင်းက ဆယ့်တစ်သိန်း တန်တယ် တဲ့။
အမေက နေမကောင်းဘူး။ ဘာလို့ ဖုန်းမကိုင်တာလဲ။  အထဲဝင်နေရင် ကောင်းမယ်။
လပြည့်ကျော် တစ်ရက်နေ့ ရောက်မှာ။ ခင်ဗျားနဲ့ မလွတ်ကင်းတာ မရှိတော့ပါလား။
ဟား၊ ဟား၊ ဟား။ အောက်ဆင်း အိပ်နေတာ။ သွားပွတ်တံ ကျိုးသွားတာလေ။
ခြေထောက်မှာ ကျွတ်တွယ်နေတယ်။ ဘာဖြစ်လို့လဲ။ စာအုပ်တစ်အုပ် ပြစရာရှိတယ်။
နောက် တစ်နာရီလောက်ဆို ရောက်တော့မှာ။ ဒါ ဘယ်လောက်လဲ။
အရင်အတိုင်းပဲ။ အရင်အတိုင်းပဲ။ အရင်လူတွေနဲ့ အရင်အလုပ်တွေလုပ်နေတုန်းပဲ။
အရင်လိုပဲ စိတ်ညစ်စရာတွေနဲ့ပဲပေါ့။ ဘာမှလည်း အသစ်မထွက်ဘူး။ ဘာကျန်ခဲ့လို့လဲ။
သူတို့ကို ထည့်ကိုမစဉ်းစားတာ။ စာပို့လိုက်မယ်။ ဒုတိယရွေးချယ်မှု သီအိုရီ။
အချိန်တွက်နေတာလေ။ လှိုင်ဦးမော် အသစ်ထွက်တော့မယ်။ ရေတွေကလည်း နောက်လိုက်တာ။
ဆေးပါးပါးပဲ ထည့်ပါ။ မီးပြတ်သွားပြီ။ ညစ်ပတ်နေတာပဲ။ ဘာထူးသေးလဲ။ သူတို့ လွဲနေတယ်။
ရှစ်ထောင်ပဲ ပေးပါ။ လိုက်မနေပါနဲ့ တော့။ နောက်နေ့ကျ ပြောပေးထားမယ်။
Nothing, But the Truth ကြည့်ဖူးတယ် မဟုတ်လား။ ပယ်လိုက်တယ်တဲ့။
ညိုညိုဆိုင်မရှိတော့တာ မသိလိုက်ဘူး။  ဘာမှ မကျန်ခဲ့စေနဲ့။
ကျွတ်ကျွတ်အိတ် မယူတော့ဘူး။ စိတ်ပေါ့သွားတယ် မဟုတ်လား။ ဒါနောက်ဆုံးပဲ။
86 ဆိုရင် နှစ်ယောက်ပဲရှိတာ။ နောက် နှစ်ပတ်ဆို ပြန်ရောက်မယ်။
သုံးနေရာ သုံးမျိုးဆိုတော့ ပြန်စစ်ပေးပါဦး။ လိုချင်ရင် ၀ယ်ထားလေ။ မတွေ့တာကြာပြီ။
ကျွန်းကလေးပေါ်မှာ တစ်ယောက်တည်း။ ပုံမှန်တော့ သောက်ဖြစ်နေတယ်။
ဘာတစ်ခုမှလည်း မသိဘူး။ ရောဘင်ဆင်ကရူးဆိုး ဈေးကွက်ပဲ။ စနေနေ့ကျ ထပ်လာခဲ့မယ်။
သွားဦးမယ်။ သွားပြီ။ နောက်တစ်တပတ်ကျလာလာခဲ့မယ်။ မနက်ဖြန် ဆိုင်ပိတ်တယ်။
သံယောဇဉ် ကျန်ခဲ့တာ။ ထားခဲ့လိုက်ပြီးရော။ ရေဝေး။ အေးလာ လိုက်တာ။ သုံးထောင့်ငါးရာ။
ပုံမှန်သွားနေကြ။ လူကြီးတွေကို လာကန်တော့မှာ။ အော်.. ဟုတ်သားပဲ။
သူ့ကို တနင်္လာနေ့ မနက်ပိုင်းက နောက်ဆုံးတွေ့လိုက်ရတာပါပဲ ကိုအေးဝင်း။

မော်စီတုန်းကို မမေ့ကြသေး

2
Filed under ရုပ်ရှင်

၁)
“အရှေ့တစ်ခွင် နေလုံးနီ
တရုတ်ပြည်သည်
မော်စီတုန်းကို မွေးဖွားခဲ့လေသည်. . . “

၂)
တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်နိုင်ငံသစ်ထူထောင်ခဲ့ခြင်းဟာ
ဒီကနေ့မှာပဲ အနှစ်ခြောက်ဆယ်ပြည့်သွားခဲ့ပါပြီ။
ယနေ့တရုတ်ပြည်ဟာ အရင်ကနဲ့မတူတော့ပါဘူး။ တိုးတက်လာခဲ့တယ်ဆိုပေမယ့်
စီးပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေ၊ နိုင်ငံရေးပြဿနာတွေ
ကြုံတွေ့နေရဆဲပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံသစ်ပေါ်ပေါက်ခဲ့တာ
နှစ်ခြောက်ဆယ်ကြာခဲ့ပြီဆိုပေမယ့် တရုတ်တွေရဲ့ ရင်ထဲမှာ
မော်စီတုန်းကိုတော့ မမေ့ကြသေးတာ အမှန်ပါပဲ။
ဒီအချက်ကိုတော့ ဟောင်ကောင်နဲ့ ပြည်မက သရုပ်ဆောင်တွေပါဝင်ခဲ့ကြတဲ့
The Founding of a Republic (Jianguo Daye) ဇာတ်ကားက သက်သေပြခဲ့ပါတယ်။

“ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားဟာ ပေါ်လစီဇာတ်ကားဆိုရင်
ကြည့်တဲ့ပရိသတ်ဒီလောက်များပါ့မလား…”
အငြင်းပွားဖွယ်ဝေဖန်မှုတွေကြားထဲကမှ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ Huang Jianxin ကပြောခဲ့တာပါ။
တရုတ်က ရုပ်ရုင်ရုံပေါင်း ၁၇၀၀ ကျော်မှာ ဇာတ်ကားကို စက်တင်ဘာ ၁၆ရက်က
စတင်ပြသခဲ့ပါတယ်။ ပြည်တွင်း Boxoffice မှာ ၀င်ငွေအများဆုံးရသွားတဲ့
ဇာတ်ကားလည်းဖြစ်သွားပါတယ်။

” သမိုင်းစာအုပ်တွေ မဖတ်နိုင်တော့တဲ့ ကျွန်မတို့တွေ ဒီဇာတ်ကားကို ကြည့်ခဲ့မိမှ
လူကြီးတွေရဲ့ ကြိုးပမ်းမှုကို ကျေးဇူးတင်နေခဲ့မိတယ်။
သူတို့သာ မကြိုးစာခဲ့ရင် ကျွန်မတို့အခုလို ပျော်ရွှင်စွာနေနိုင်ပါ့မလား”
ဇာတ်ကားကို လာကြည့်ခဲ့တယ် တရုတ်ဆယ်ကျော်သက်တစ်ဦးက ပြောခဲ့ပါတယ်။

“ဟိုးတုန်းကခေါင်းဆောင်တွေ ကြိုးပမ်းခဲ့ကြသလောက်
ဒီနေ့ကောင်တွေကတော့ ခြစားအကျင့်ပျက်မှုတွေနဲ့ ပျက်စီးနေကြတယ်”
တရုတ်အဘိုးအိုတစ်ဦးရဲ့ စကားရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ဇာတ်ကားမှာ ပြသခဲ့တာက ၁၉၄၅ခုနှစ်နဲ့ ၁၉၄၉ တရုတ်ပြည်တွင်းစစ်ကာလအခြေအနေ…
ချန်ကေရှိတ်နဲ့ မော်ရဲ့ တပ်တွေကြားက ပဋိပက္ခ၊ ချန်ကေရှိတ်ကို တိုက်ထုတ်ခဲ့ခြင်း၊
၁၉၄၉ အောက်တိုဘာ ၁ရက်နေ့မှာ တီယန်မင်ရင်ပြင်ကနေ မော်စီတုန်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံသစ်ကို ထူထောင်လိုက်ြပီဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

၃)
“မော်ဟာ အမှားတစ်ချို့ကိုလုပ်ခဲ့ပါတယ်။
အမှားမရှိတဲ့ ရလဒ်ကောင်းဆိုတာ ဘယ်မှာရှိနိုင်ပါမလဲ”
မော်စီတုန်းရဲ့ ဇာတိမြို့ Shaoshan ကို လာရောက်လည်ပတ်ခဲ့သူ တစ်ဦးက ပြောခဲ့တာပါ။
ဟုတ်ပါတယ်။ မော်စီတုန်းဟာ အမှားတစ်ချို့ကို လုပ်ခဲ့ပါတယ်။
တရုတ်ပြည်သူတွေအတွက် မော်စီတုန်းလုပ်ခဲ့တာ မှန်ပါတယ်။
၆၅သန်းသော လူတွေ သေကြေခဲ့ကြတာကို မေ့ထားလိုက်မယ် ဆိုရင်ပေါ့။
တရုတ်တွေကတော့ မော်စီတုန်းလုပ်ခဲ့သမျှထဲမှာ အမှားက သုံးဆယ်ရာနှုန်း
အမှန်က ခုနှစ်ဆယ်ရာနှုန်းရှိခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။
“Great Leader,” “Great Teacher,” “Great Helmsman” လို့ တင်စားခဲ့ကြပါတယ်။

” မော်သည် သူတည်ထောင်ခဲ့သော ကွန်မြူနစ်ပါတီ သို့မဟုတ် နိုင်ငံတော်အပေါ်
အရာရာ စိတ်တိုင်းကျကျေနပ်မှု လုံးလုံးလျားလျား ရှိခဲ့သည်တော့ မဟုတ်ပါ။
သူအမြဲပင် တစ်စုံတစ်ရာကို ပြုပြင်ရန် ကြိုးစားတတ်သည်။ ဤသည်ပင်
သူ ယဉ်ကျေးမှုတော်လှန်ရေးကို စတင်ရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ပါမည်။
တရုတ်နိုင်ငံအဖို့ကား ဤ သူပြုလုပ်ခဲ့သော တစ်စုံတစ်ရာ သည်ပင်
ဆယ်နှစ်မျှဒုက္ခပင်လယ်ဝေစေခဲ့သည့် အမှားကြီးတစ်ခုဖြစ်ခဲ့ပါသည်။
ဤသည်ပင် မော်၏အဆုံးစွန်သော ၀မ်းနည်းကြေကွဲမှု ဖြစ်ခဲ့ပါသည်။
သမိုင်း၏ ၀မ်းနည်းကြေကွဲဖွယ်ရာ တစ်ခုလည်းဖြစ်ပါသည်…”
(ဟိန်းလတ်-မော်စီတုံး နတ်သကြားမဟုတ် လူသား စာအုပ်မှ…)

ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံသစ်ထူထောင်ခြင်း နှစ် ၆၀ ပြည့်မှာ တရုတ်ပြည်သူတွေ
မော်စီတုန်းကို တန်ဖိုးထားဆဲ ရှိတာကတော့ အားရစရာလို့ မြင်ပါတယ်။

See also Link:
- Mao Zedong
- In his hometown, Mao a source of pride
- The Founding of a Republic film

ရှမ်းပဲပုတ်