Monthly Archives: November 2009

ခမ်းမိုင်ရေ… ငါတော့ လွမ်းတယ် (ဇာတ်သိမ်း)

2
Filed under အရေးအသား

ကျွန်တော်ဟာ ထွက်ခွာလာခဲ့ပြီဆိုတာပါ။ ကျွန်တော်ဟာ ထွက်ခွာလာခဲ့ပြီ။
ထွက်ခွာလာခဲ့ပြီး ဖြစ်တယ်ဆိုတာ တစ်ခုကိုတော့ ကျွန်တော်မှတ်မိနေပါတယ်။
ဘယ်နေရာက ထွက်ခွာလာတယ်။ ဘယ်ဆီကို ဆိုက်ရောက်မယ်။
ဒါတွေကို ကျွန်တော်မသိနိုင်သေးပေမယ့် အခုချိန်မှာတော့။
ကျွန်တော့်ခြေဖျားတွေ အေးစက်လာတာ။ လက်ဖျားတွေ အေးစက်လာတာ။
ဒါတွေကို ကျွန်တော် သိနေတယ်။ ကျွန်တော် ခံစားနေရတယ်။
(ခမ်းမိုင်ရဲ့ ကမ်းလင့်မှုက ကျွန်တော့်ကို နွေးထွေးစေမှာလား…)

ကျောနောက်ဘက်မှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ရှေ့ပို့လိုက်တယ်။
စေ့ထားတဲ့ ဇစ်ကိုဆွဲဖွင့်ရင်း အိတ်ထဲမှာ ဘာများရှိနေဦးမလဲလို့ ကြည့်တယ်။
ဖွာလန်နေတဲ့ စက္ကူကြေတွေနဲ့ အပေါစားဟာသစာအုပ်။ ဒါပဲ ရှိတယ်။
ကျွန်တော့်အဖြစ်ကအဲလို။ အပေါစားစာအုပ်တစ်အုပ်ပဲ ထည့်ခဲ့မိတယ်။
စာအုပ်က မြင်နေရတာထက် ပိုလို့ အပေါစားဆန်နေတယ်။ ကျွန်တော့် ကရော။
အပေါစားဆန်တဲ့ လူတစ်ယောက်ပဲလား။ ခမ်းမိုင်က ပြောဖူးတယ်။
ဒုက္ခတွေပေါပေါ၊ သုခတွေပေါပေါ၊ အတ္တတွေ ပေါပေါ။
တစ်ခုခုတော့ ပေါဖို့လိုအပ်တယ်တဲ့။ ကျွန်တော်က ပြန်ပြောမိတယ်။
ဘာမှ မပေါရင်တောင် ဘ၀ကို ခပ်ပေါပေါနေတာပေါ့လို့။
(ရယ်တယ်၊ ခမ်းမိုင်ရယ် ရင် လှတယ်လို့ ကျွန်တော် ပြောခဲ့သားပဲ…)
ကျောပိုးအိတ်ကို ပြန်ပိတ်လိုက်တယ်။ ပြီးတော့ ရင်ဘတ်နဲ့ ထိကပ်ထားလိုက်တယ်။
မာကျောနေတဲ့ အေးစက်မှုက ရင်ဘက်ကို ဖိစီးထားသလိုပါပဲ။
ရင်တစ်ခုလုံးကျပ်ခဲရင်း ဖိစီးနေမှုကို တွန်းကန်ခြင်း မပြုနိုင်ခဲ့ပါဘူး။

မြေပြင်ပေါ်မှာ ရပ်တည်နိုင်စွမ်းလည်း ကျွန်တော့်မှာ မရှိတော့ဘူး။
ကျွန်တော်ဟာ မြေကြီးပေါ်မှာ ထိုင်နေခဲ့တာလား။ လဲကျနေခဲ့တာလား မဝေခွဲတတ်တော့ဘူး။
ကျွန်တော်ရဲ့ စိတ်က တောင်တန်းတစ်ဘက်ဆီကိုပဲ ပြန်ရောက်နေတယ်။
တောင်တန်းရဲ့ တစ်ဘက်၊ အမှောင်ထုရဲ့ တစ်ဖက်ဆီမှာ အခုလိုမဟုတ်ပဲ
ပျော်စရာအတိပြီးတဲ့ နေရာတစ်ခုရှိနေလိမ့်မယ်။ ကျွန်တော် မျှော်လင့်ကြည့်တယ်။
(အဲဒီနေရာကို ခမ်းမိုင်နဲ့ အတူ သွားဖြစ်လိမ့်မယ်။ အခုတစ်ခေါက် မဟုတ်ရင်တောင်
နောက်တစ်ခါ ဒီမြို့ကို ပြန်ရောက်လာခဲ့ရင် သွားဖြစ်လိမ့်မယ်။
ငါ ယုံကြည်တယ် ခမ်းမိုင်။ ခမ်းမိုင်လည်း ယုံကြည်ထား ပေးပါ)
ဒီမြို့ကို ဖြတ်ပြီး တောင်တန်းရဲ့တစ်ဖက်ဆီကိုလေ။
ကျွန်တော့်မျက်လုံးတွေကို ကျွန်တော် မထိန်းနိုင်တော့ပါဘူး။
ကျွန်တော်ခံစားနေရတာကို ကျွန်တော် မဖယ်ရှားနိုင်တော့ပါဘူး။
ဒီမြို့ကလေးကနေ ရုန်းထွက်ဖို့ ကျွန်တော် မကြိုးစားနိုင်တော့ပါဘူး။
ကျွန်တော့် နားထဲမှာ တေးသွားတစ်စ ကြားနေရတာက လွဲပြီး။
တခြားဘာမှ မရှိတော့ပါဘူး။

~ ~ ~ Imagine there’s no countries ….It isn’t hard to do… Nothing to kill or die for
And no religion too … Imagine all the people…. Living life in peace ~ ~ ~

ငါ ထွက်ခွာလာခဲ့မိပြီ…. ခမ်းမိုင်။
ကျွန်တော် ထွက်ခွာလာခဲ့မိပါပြီ။ ဒီတစ်ခုက လွဲလို့
ဘာတစ်ခုကိုမှ ကျွန်တော် မသိ တော့ ပါ ဘူး။

(နောက်ဆက်တွဲ အခင်းအကျင်း)

ခြောက်ကပ်ကပ်အရေပြားရယ်။ ဖျင်းတွဲတွဲအသားအရေရယ် ။
ခြောက်သွေ့နေတဲ့ ဆံစတွေရယ်။ ကွဲအက်နေတဲ့ နှုတ်ခမ်းတွေရယ်။
ရင်ဘတ်ထဲပေါ်တင်နေတဲ့ စာအုပ်တစ်အုပ်ရယ်။
ပွင့်တစ်ဝက်၊ မှိတ်တစ်ဝက် ဖြစ်နေတဲ့ မျက်လုံးတွေရယ်။
လက်ကိုကိုင်ကြည့်တာနဲ့ အေးစက်တဲ့အထိအတွေ့ကို တန်းရတယ်။
အကြောတွေဟာ တောင့်တင်းနေတယ်။ နှလုံးခုန်သံ တိုးတိုးမျှမကြားရတော့။
မှုခင်းဆရာဝန်က လူသေကောင်ကို အသေအချာစိုက်ကြည့်နေတယ်။

“သူက တစ်ယောက်တည်းနေတာလား..”
ရဲအရာရှိက လှမ်းမေးတယ်။
လူတွေရဲ့ မျက်လုံးတွေက အင်းမလုပ်၊ အဲမလုပ်။
“လွန်ခဲ့တဲ့ ခြောက်လလောက်က….”
လူတစ်ယောက်က မရဲတရဲဝင်ပြောတယ်။
ရဲအရာရှိ မျက်လုံးတွေ တောက်ပသွားတယ်။
“လွန်ခဲ့တဲ့ ခြောက်လက ဘာဖြစ်လဲ….”
“သူ ဒီအခန်းကို ရောက်လာတာ။ အဲ့ဒီတုန်းကတော့ အမျိုးသမီးတစ်ယောက်နဲ့”
“ဟုတ်လား… နောက်တော့ ရော… ”
“အဲ့ဒီတစ်ခါပဲ… နောက်ပိုင်းမှာတော့ သူတစ်ယောက်တည်းပဲ တွေ့တယ်”
“အဲတာတော့ ကျွန်တော်လည်း မသိဘူး”
“ရပ်ကွက်ထဲမှာတော့ သူဟာ လူစိမ်းတစ်ယောက်လိုပဲ”
အဖြူရောင်ခပ်နွမ်းနွမ်းအကျီင်္ဝတ်လူတစ်ယောက်က ၀င်ပြောတယ်။
“ခင်ဗျားက ဘယ်သူတုန်း”
“ဒီရပ်ကွက်က…. ဆယ်အိမ်မှူး”
အခြားတစ်ယောက်က ၀င်ပြောတယ်။
“သူက ဧည့်သည်လား”
“ဧည့်သည်တော့မဟုတ်ဘူး။ ဒါပေမယ့် လူစိမ်းတစ်ယောက်လိုပဲ”
“ဘယ်သူနဲ့မှ စကားမပြောဘူး… ”
“ရပ်ကွက်ထဲက လူတွေနဲ့လည်း သိပ်ရောလေ့မရှိဘူး”
“အဲတာကြောင့်ပေါ့ ရပ်ကွက်ထဲမှာ သူ့နာမည်ကို သိတဲ့လူတောင် မရှိဘူး”
မှတ်ချက်စကားလိုလို၊ တစ်ကိုယ်တည်း ရေရွတ်သလို။
အခြားတစ်ယောက်က ၀င်ပြောပြန်တယ်။
“ခုနက ခြောက်လဆိုတာ။ ဟာ ဟိုလူဘယ်ရောက်သွားတုန်း…”
“ဒီမှာ ဒီမှာ”
“သူ့ကို သိလား..”
“သူနဲ့ မခင်ဘူး”
“ခင်ဗျားကို မေးတာက သူ့ကိုသိလားလို့…”
“မသိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်လလောက်က သူ့ကို တွေ့ခဲ့တာ”
” ဒီအခန်းကို ပြောင်းလာတဲ့ နေ့တုန်းကလား..”
“ဟုတ်တယ်”
“အမျိုးသမီးတစ်ယောက်နဲ့”
“ဟုတ်တယ်”
“နောက်တော့ရော…”
“ကျွန်တော် အဲ့လောက်ပဲ သိတယ်”

အခန်းထဲမှာ ရှုပ်ပွနေတယ်။
အိပ်ရာခင်း အစုတ်ဘေးက သစ်သားခုံပေါ်မှာ ဖန်မီးအိမ်တစ်လုံး ရှိနေတယ်။
နံဘေးမှာတော့ ဖယောင်းတိုင် တစ်တို နှစ်တို။
ကြမ်းပြင်မှာ ဆေးလိပ်တိုတွေ။ ဖင်ဆီခံအထိ လောင်ကျွမ်းထားတယ်။
စာအုပ်တွေလည်း ပြန့်ကျဲနေတယ်။ စာရွက်တွေ။ ဘာစာလုံးမှတော့ ရေးမထားဘူး။
ထမင်းပန်ကန်က မှိုတက်နေတယ်။ တစ်ခန်းလုံး ရှုပ်ပွနေတာပဲ။
” နေရာမရွေ့နဲ့နော်”
ဆရာဝန်က ပြောလိုက်တယ်။

“ခင်ဗျား ဘယ်လိုထင်သလဲ”
ရဲအရာရှိက လှမ်းမေးတယ်။
ဆရာဝန်က စီးကရက်ကို မီးငြိလိုက်တယ်။
“ကျွန်တော်လည်း အဲတာကို တွေးနေတာ… ”
ဆရာဝန်က ပြောတယ်။ နောက်….
ဆေးလိပ်မီးခိုးတစ်ချို့မှုတ်ထုတ်လိုက်ပြီး စကားဆိုလိုက်တယ်။
“ကားဘယ်တော့ ရောက်မလဲ….”
ဆရာဝန်က မေးတယ်။
ရဲအရာရှိက ပုခုံးတွန့်ပြလိုက်တယ်။
အခန်းတံခါးဝမှာ ချိတ်ထားတဲ့ ကြေးခေါင်းလောင်းငယ်လေးတွေက။ အသံတရွှင်ရွှင်။
အရှေ့လေအေးရဲ့ ထိတွေ့မှုကို နှစ်ဦးစလုံးခံစားလိုက်ရတယ်။
“ဆောင်းဝင်တာ သုံးရက်တောင်ရှိသွားပြီ…”
ပြိုင်တူ ဆိုသလို၊ နှစ်ဦးသား မတိုင်ပင်ပဲ ပြောလိုက်ကြတယ်။
အကြည့်ချင်းဆုံသွားတယ်။ မရယ်ဖြစ်ကြဘူး။ မျက်နှာကို လွဲလိုက်ကြရင်း။
ရောက်လာမယ်ဆိုတဲ့ကားကို စောင့်နေလိုက်ကြတယ်။

တောကျောင်း
၂၀၀၉၊ နိုဝင်ဘာ။

တကယ့်ပြဿနာ

7
Filed under ကဗျာ

တကယ့်ပြဿနာက
ကမ္ဘာကြီးပူနွေးလာတာပဲ
အနောက်နိုင်ငံများက ဇလဗေဒပညာရှင်များ ဆိုတယ်
တကယ့်ပြဿနာက
အကြမ်းဖက်/အသေခံဗုံးခွဲ/အယ်လ်ကိုင်ဒါနဲ့ ဂျီဟဒ်တွေပဲ
အမေရိကန်နိုင်ငံခြားရေးမူဝါဒက ဆိုတယ်
တကယ့်ပြဿနာက
အမေရိကန်နိုင်ငံခြားရေးမူဝါဒပဲ
အရှေ့အလယ်ပိုင်းနဲ့မွတ်ဆလင်နိုင်ငံတချို့က ဆိုတယ်
တကယ့်ပြဿနာက
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းပဲ
စင်ကာပူက ဆိုတယ်
တကယ့်ပြဿနာက
လိင်ကုန်ကူးမှုတွေပဲ
မက္ကဆီကန်နဲ့ယိုးဒယားနေ ပြည်သူတွေကဆိုတယ်
တကယ့်ပြဿနာက
အရွယ်မရောက်သေးတဲ့သူတွေ စစ်ထဲလိုက်ရတာပဲ
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ဒေသက အိမ်ရှင်မတွေကဆိုတယ်
တကယ့်ပြဿနာက
မိုက်ကယ်ဂျက်ဆင်လား၊ ဘရက်တနီစပီးယားလား၊ လင်ဆေးလိုဟန်လား
အမေရိကန်ဂျာနယ်တစ်စောင်က ဆိုတယ်
တကယ့်ပြဿနာက
တကယ့်ပြဿနာကောင်တွေကြောင့်ပဲ
အဆင်မပြေတဲ့မြန်မာနိုင်ငံသားတစ်ဦးက ဆိုတယ်
တကယ့်ပြဿနာက
မီးပျက်တာ ရေမလာတာ (ဘတ်စ်)ကားစီးရတာ
ရုံးပြင်ကနားသွားရတာ
အလုပ်အကိုင်နဲ့ပိုက်ဆံက ကြာလေရှာရခက်လေဖြစ်လာတာ
ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုတယ်
တကယ့်ပြဿနာက
ဆင်းရဲခြင်းကမလွတ်ကင်းနိုင်ခြင်းကြောင့်ပဲ
ရိုးရိုးကျင့်မြင့်မြင့်ကြံ မှန်တာလုပ်ဟုတ်တာပြော
အရိုးတစ်ချောင်းသာကျန်တော့တဲ့ မိတ်ဆွေက ဆိုတယ်
တကယ့်ပြဿနာက
မီးဘေးအန္တရာယ်ပဲ
ရပ်ကွက်အတွင်းရှိလုပ်သူပြည်သူအပေါင်းက ဆိုတယ်
တကယ့်ပြဿနာက
ဟိုတရားက ဒီတရားလောက် နည်းလမ်းမမှန်တာပဲ
တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့က
(တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်)ဆိုတယ်
တကယ့်ပြဿနာက
ဖြောင့်ထားတဲ့ဆံပင် ပြန်ကောက်ဖို့ ကိုယ့်မျက်နှာနဲ့လိုက်ရဲ့လားမသိတာပဲ
သူငယ်ချင်းမော်ဒယ်မတစ်ယောက်က ဆိုတယ်
တကယ့်ပြဿနာက
မင်းတို့ အယ်လ်ပီတွေပဲ
အယ်လ်ပီမဟုတ်တဲ့ ကဗျာရေးသူအားလုံးက ဆိုတယ်
တကယ့်ပြဿနာက
ကောင်မလေးက အခုမှ အလယ်တန်းကျောင်းသူရှိသေးတာပဲ
ငြိမ်းချမ်းက ဆိုတယ်
တကယ့်ပြဿနာက
ဘုရားသခင်တွေ ပေါင်မုန့်တွေ ရိုးမတွေ ပင်လယ်တွေ
သမိုင်းတွေ ပြည်သူတွေ သူရဲကောင်းတွေ ဒဏ္ဍာရီတွေပဲ
ကိုမျိုးခိုင်က ဆိုတယ်
တကယ့်ပြဿနာက
ငရဲတို့ နတ်တို့ မြင့်မိုရ်တောင်တို့ဆိုတာ
လူ့စိတ်ရဲ့သဏ္ဍာန်ကို တင်စားထားတာတွေပဲ
ဦးခင်မောင်လေးက ဆိုတယ်
တကယ့်ပြဿနာက
ဆန်အိုးထဲမှာ ဆန်မရှိတာပဲ
သူမက ဆိုတယ်
တကယ့်ပြဿနာက
အဖေ့အရင်းအနှီးရယ် အဖေ့ယုံကြည်မှုရယ်
အဖေ့မျက်နှာရယ် သူလုပ်တတ်တာရယ် သူလုပ်သင့်တာရယ်
သူ မလုပ်ချင်တာရယ် အမြဲရှုပ်နေတာပဲ
ငါ့အစ်ကိုက ဆိုတယ်
တကယ့်ပြဿနာက
ငါ့တစ်ယောက်ထဲ ရှာနေရတာပဲ
အဖေက ဆိုတယ်
တကယ့်ပြဿနာက
နင်ပဲ
အမေက (ကျွန်တော့်ကို)ဆိုတယ်

တကယ့်ပြဿနာက
တကယ့်ပြဿနာက
တကယ့်ပြဿနာဖြစ်ခြင်း အစစ်အမှန်က
ပြောနေဖို့လိုသေးလား
ဤကမ္ဘာမြေပြင်တလွှားဝယ် သူငါများတို့ရယ်
နာမရူပ အရူပ
“သူ” “ငါ” များတို့ရယ်
ကျွန်တော်က ဆိုချင်ပါတယ်။    ။

မောင်ယုပိုင်
နှစ်ထောင့်ကိုးနှစ်ဦးပိုင်း

ခမ်းမိုင်ရေ… ငါတော့ လွမ်းတယ် (အပိုင်း ၃)

1
Filed under အရေးအသား

ကျွန်တော့်စိတ်ထဲထင်နေတဲ့ နီယွန်ရောင်တွေက အရောင်ပြောင်းသွားတယ်။
ကျွန်တော့်မျက်လုံးကို ပိတ်လိုက်မိပြီ။ ကျွန်တော့် စိတ်တွေက ထွက်ခွာလာရာဆီ
ပြန်ရောက်သွားတယ်။ လမ်းကိုနောက်ပြန်။ ဘူတာက ဘွားခနဲ။ ရထားကို ပြန်တွေ့လိုက်သလို။
ကျွန်တော်ဟာ နောက်ကို တရွတ်တိုက် ပြန်ဆုတ်နေတယ်။
အနှေးပြကွက်တွေ။ အနှေးပြကွက်တွေ။ ကျွန်တော့် အာရုံမှာ လာထင်တယ်။
နောက်ပြီး… ခေါ်သံ။ ခေါ်သံ။ ကျွန်တော့်ကို ဘယ်သူခေါ်နေသလဲ။
(ခမ်းမိုင်က လှမ်းခေါ်နေတဲ့ အသံလား… )
ကျွန်တော် မသိဘူး။

ဖျတ်ခနဲပဲ။ မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။
အရာအားလုံးဟာ ဘာမှမပြောင်းလဲဘူး။ ကျွန်တော်ဟာ မြို့ထဲမှာရှိနေဆဲပဲ။
ဒီမြို့ကနေ ကျွန်တော်ပြေးထွက်လို့ မရတော့ဘူး။
ဒီမြို့ကို ကျွန်တော်ဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာ။
(ခမ်းမိုင်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာ . . .)
အမှန်တော့ ကျွန်တော့်ကို ဘယ်သူမှ မခေါ်ပါဘူး။
ကျွန်တော့်ကို ကျွန်တော် အတော်ပင်ပန်းနေပြီလို့ ထင်နေတယ်။
ခြေတွေ၊ လက်တွေက လေးလေးလံလံ။

ကျွန်တော့်ရင်တွေ ပူနေတယ်။ ရေငတ်သလို ခံစားနေရတယ်။ အာခေါင်တွေက ရှတတ။
နှုတ်ခမ်းတွေက ခြောက်သွေ့နေတယ်။ အောက်နှုတ်ခမ်းပေါ်က လန်နေတဲ့
အရေးပြားကို အပေါ်သွားနဲ့ခြစ်ယူကြည့်မိတယ်။ ကွာထွက်။ ပြီးတော့ ပါးစပ်ထဲ။
ကျွန်တော့် ထိတ်လန့်သွားတယ်။ အရေးပြားဟာ အစာအိမ်ထဲရောက်သွားတယ်။
မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့တာ မဟုတ်ဘူး။
ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ငြင်းဆန်တယ်။ ပြီးတော့… ဘေးဘီကို ကြည့်တယ်။
လမ်းပေါ်မှာ လူတစ်အုပ်နှစ်အုပ်။ နောက်တော့ တစ်ယောက်နှစ်ယောက်။

“ရှင့်ကို ကျွန်မတွေ့ခဲ့တဲ့ ညတုန်းက …”
(နောက်ပိုင်း တစ်ချိန်ချိန်မှာ ခမ်းမိုင်က ဒီလို ပြန်ပြောလိမ့်မယ်)
“ရှင်က ကျွန်မကို မသိဘူး။ ကျွန်မကလည်း ရှင့်ကိုမသိဘူး။ ဒါပေမယ့် ကျွန်မတို့ဆုံခဲ့တယ်”
ဒီလိုပဲ သူပြောလိမ့်မယ်။ လမ်းပေါ်မှာ လူတွေ တစ်ယောက်မှ မရှိတော့ဘူး။
ကျွန်တော် အခုမှ သတိထားမိတယ်။ လူတွေဟာ ကျွန်တော့်ရှေ့ မျက်နှာချင်းဆိုင်က
ပေါ်ထွက်လာကြတယ်ဆိုတာ။ သူတို့နဲ့ ကျွန်တော်ရဲ့ ဦးတည်ချက်က ဆန့်ကျင်ဘက်ပဲ။
ကျွန်တော် တွေးမိတယ်။ သူတို့က အပြန်လား။ ကျွန်တော်က အလာ လား။
ဒါမှမဟုတ်။ ကျွန်တော်က အပြန်လား။ သူတို့က အလာ လား။
ဒီလိုဆိုရင် ခမ်းမိုင် ကရော။

ခမ်းမိုင်ရေ… ခမ်းမိုင်ရေ…. လို့ ကျွန်တော့် စိတ်က ခေါ်နေမိတယ်။
နောက်တစ်ခေါက်ကို မြို့ကို ရောက် ခမ်းမိုင်နဲ့အတူ လျှောက်သွားမယ်။
အမှောင်ညထဲမှာ ခမ်းမိုင်နဲ့ ကျွန်တော် နှစ်ယောက်ထဲဖြစ်နေလိမ့်မယ်။
ပျော်တယ်ဆိုတဲ့အရသာကို ကျွန်တော်ခံစားရလိမ့်မယ်။
(ခမ်းမိုင်လည်း ပျော်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်)
ဒါပေမယ့် နင်ပျော်သလားလို့တော့ ကျွန်တော်မေးမိမှာ မဟုတ်ဘူး။
ပျော်စရာဆိုတာက မေးစရာမလိုတဲ့ ခံစားမှုဆိုတာ ခင်ဗျားတို့လည်း သိမှာပဲ။

ကျွန်တော့်စိတ်တွေ ပြန်တည်ငြိမ်လာသလိုပဲ။ နွမ်းနယ်မှုကတော့ ရှိနေတုန်းပဲ။
ဒယီးဒယိုင် ဖြစ်နေတဲ့ ကျွန်တော်ကိုယ် ကျွန်တော် ဘာဖြစ်နေမှန်း မသိတော့ဘူး။
ကျွန်တော့်အရေပြားတွေ အေးစက်လာတာ ကျွန်တော်သိတယ်။
အိမ်ပြန်ရင် အနွေးဓာတ်ရမယ်ဆိုတာ စိတ်ထဲ သိနေခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ အိမ်ပြန်ချင်စိတ်မရှိတာတော့ အမှန်ပဲ။
အိမ်။ ကျွန်တော့် အိမ်မှာ ဘယ်မှာလဲ ။ အတွေးထဲပေါ်ပြီး ပျောက်သွားတယ်။ ဘာမှ မရေရာ။
ကျွန်တော့်မျက်လုံးမှိတ်လိုက်မိတုန်းက အိမ်ကို ပြန်သွားခဲ့သလိုပဲ။
ဒါပေမယ့် အိမ်ကို ကျွန်တော် ပြန်မရောက်တော့ဘူး။ ဒါကို သိလာခဲ့သလိုလို။
ကျွန်တော်ဟာ အိမ်က ထွက်ခွာလာခဲ့တာ။ အဲဒီလိုလည်း မဟုတ်ဘူး။
(ခမ်းမိုင်ကရော… ဒီမြို့ကို ဘယ်လိုရောက်လာခဲ့တာလဲ)

စမ်းချောင်းနေဘေးကို ရောက်နေတယ်ဆိုတာ ကျွန်တော်သတိထားမိတယ်။
စမ်းချောင်းရေပြင်ထက်က ကြယ်တွေကို ကျွန်တော် ငေးနေမိတယ်။
ကြယ်တွေအောက်မှာ ငါးတွေ ကူးခတ်နေတယ်။ ကျွန်တော် လှမ်းမြင်နေရတယ်။
ရေငတ်နေတဲ့ ကျွန်တော်။ ရေသောက်လိုက်ဖို့ စိတ်မကူးဖြစ်ခဲ့ဘူး။
စမ်းချောင်းအစပ်ကလေးမှာ။ ကျွန်တော်ထိုင်ချလိုက်တယ်။
ရေထဲက ကြယ်တွေဟာ ကောင်းကင်ပေါ်က ကြွေကျလာတာလို့ ခင်ဗျားတို့ထင်လား။
(ခမ်းမိုင်ကတော့ စမ်းချောင်းထဲကို ကြယ်တွေကြွေလာခဲ့တာလို့ ယုံကြည်နေတယ်)
ခမ်းမိုင်ထင်နေတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်ဘယ်လို ပြောပြရပါ့မလဲ။
မပြောပြတတ်ပါဘူး။ ဒီတော့ တိတ်ဆိတ်စွာနဲ့ပဲ ကျွန်တော် နေနေရလိမ့်မယ်။

ရှေ့မှာ ရှိနေတဲ့ တောင်တန်းကြီးကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။
ဘယ်လောက်မြင့်သလဲလို့ စိတ်ထဲက မှန်းဆကြည့်လိုက်တယ်။
အမှောင်ထုနဲ့ ရောထွေးနေတော့ တောင်တန်းကြီးရဲ့ အမြင့်ကို မှန်အောင်
မမှန်းတတ်တော့ဘူး။ စိုက်ကြည့်နေရင်းက အမှောင်ထုပဲ လွှမ်းမိုးထားသလို။
ပိန်းပိတ်မှောင်နေတဲ့ မြင်ကွင်းက ရှေ့ခရီးကို ပိတ်ဆို့နေတယ်။
ကျွန်တော်ဟာ တောင်ခြေကို ရောက်ရှိနေခဲ့တာလား။
တောင်ထဲကိုဝင်ရောက်နေခဲ့ တာလား။ မြို့အပြင်ဘက်ကို ရောက်လာခဲ့တာလား။
တောင်တန်းရဲ့ တစ်ဖက်မှာ မြို့တစ်မြို့ ရှိနေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။
(အဲ့ဒီမြို့ဆီကို ခမ်းမိုင်နဲ့ အတူ သွားကြည့်ဖို့ ကျွန်တော် စိတ်ကူးကြည့်တယ်)

စိတ်ကူးယဉ်တာ မကောင်းဘူးလို့ ခမ်းမိုင်က ပြောဖူးတယ်။
အဲတာ ဟုတ်တယ်။ မြို့တစ်မြို့ကို ကျွန်တော်ရောက်လာတယ်။ မြို့ကို ကျွန်တော်မသိဘူး။
မြို့က လူတွေကိုလည်း ကျွန်တော်မသိဘူး။ မြို့ထဲကနေလည်း မထွက်ခွာနိုင်သေးဘူး။
ကျွန်တော်ဟာ မြို့ထဲမှာရှိနေဆဲပါပဲ။ မြို့ရဲ့ ထွက်ပေါက်ကို ကျွန်တော် ရှာမတွေ့သေးဘူး။
ဒီမြို့ကို ရောက်မလာခင်က အခြေအနေတွေကို ကျွန်တော် တွေးကြည့်တယ်။
ဘာဖြစ်လို့များ အိမ်ကနေ ကျွန်တော်ထွက်လာတာလဲ။ ဘာအတွက်ကြောင့်လဲ။
ဘယ်လိုထွက်လာခဲ့တာလဲ။ ကျွန်တော် နာမည်ကရော ဘယ်သူလဲ။
အခုချိန်မှာ ကျွန်တော်မှတ်မိနေခဲ့တာ တစ်ခုပဲရှိတယ်။

ဆက်လက်ဖော်ပြပါမည်။
- နောက်တစ်ပိုင်းဟာ ဇာတ်သိမ်းပိုင်းဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေ။

မြိတ် ၁၁၀၉

4
Filed under ကဗျာ

ဂုဏ်မှာ `တောင်သမန်သစ္စာ`ရုံတင်ဆဲ
ဇီဝဇိုးတွေကို ဒီဗွီဒီစက်နဲ့ခေါ်ပြီး ငှက်သိုက်ထုတ်ကြတယ်
တစ်ကျွန်းလုံးပတ်မယ့် ကမ်းနားလမ်းလည်းမပီးသေး
ကဏန်းအရေခွံလဲတာ စောင့်ရတဲ့ ကောင်မလေးရဲ့ အိပ်မက်တွေလည်းမပီးသေး
ကန်ဖျားတဲ့ကန်ချောင်းတဲ့
ဒေါင်းပုံသဏ္ဍာန်ရှိခဲ့ဖူးတယ်တဲ့
နာရေးမကူရရင်သာရေးကူမယ်တဲ့
မုန့်ဟင်းခါးရောင်းတဲ့
ဖရီးဒမ်းဆိုတဲ့လက်ဘက်ရည်ဆိုင်ရှိတယ်
ကပ်ကြေးကိုက်မရောင်းတဲ့
ဂျီနိုင်ဒူး၊ဂျီအာပရောင်းဆိုတဲ့လက်ဘက်ရည်ဆိုင်တွေရှိတယ်
ဆိုင်ကယ်တက္ကစီခက
ရန်ကုန်ဘတ်စ်ကားခသာသာပဲရှိတယ်
ညဘက်ဆို
မြစ်ထဲ ကင်းမွန်ဖမ်းတဲ့လှေတွေရဲ့ မီးလုံးတွေလင်းလို့
စမ်းချောင်းဘက်မှာ ဓနိရည်ဆိုင်ထိုင်ရင်း
sex with child is illegal ပိုစတာစာသားကို သတိရမိရဲ့

မိုးဆတ်

ကျွန့်တော်ထိုင်ခုံကုတင်ကနေ လှမ်းမြင်ရတဲ့ ခေါင်မိုးနီအိပ်မက်တွေ

1
Filed under ကဗျာ

(၀င်း) မြစ်ထဲမှာ ကာရန်စီပုံစီနည်း၊ လှိုင်းတွေဟာ စိတ်ခံစားမှုဆိုတဲ့အဆင်နဲ့
ကျွန်တော့်ရဲ့ ဂြိုလ်ခုံပေါ်ကနေ လက်ဖ၀ါးပေါ်ကနေတဆင် ကိုယ့်ကိုယ်ကို
တင်ကြည့်တယ် တဟူးဟူးတိုက်ခတ်နေတဲ့ အနုပညာမုန်တိုင်းတွေကြားမှာ
‘ ခက်ထန်ပိုင်စိုး’ လို့ နာမည်ပြောင်းလိုက်ချင်တယ် ကိုရွေးမိတဲ့လမ်းပေါ်
မီးပွိုင့်မောင်စိမ်းနီရှိတယ် ဒါတွေကို ကိုယ်ကုတင်ပေါ်က ထိုင်ခုံပေါ်မှာ
ထိုင်ရင်းအိပ်မက်ခဲ့တာမျိုး အပေါ်ဖက်အပိုင်းကိန်းမှာ ခေတ်တွင်း ထပ်မံ
ထည့်ဝင်သည့် အိပ်မက်သုံးပစ္စည်း အဆောင်အယောင်ထားပြီး အောက်ခြေက
ယခင်ရှိပြီးသား ယဉ်ကျေးမှုနဲ့စားပါက ရလဒ်ဟာ လှမ်းမြင်နေရတဲ့ခေါင်မိုးနီအိပ်မက်တွေ

(ယု) သူပေးခဲ့တဲ့ ‘ ခေါင်မိုးနီအိပ်မက်တွေ’ (ခေါင်းစဉ်စာသား)ကို ငါလှမ်းမြင်နေရတာတော့ ဟုတ်ပါပြီ၊ ငါဘာပြောရမလဲ၊ ဘာဝင်ပြောနိုင်မလဲ၊ ငါ့ထဲဘာဝင်ပြောသွားသလဲ၊ မြောက်ဒဂုံဖလားဝါးဒရီး လုံးချင်းအိမ်ယာဒေသ ကာလအားဖြင့် မွန်းလွဲမိုးသားအုံ့ဆိုင်းလာချိန်လောက်၌ ကဗျာဆရာ ဆိုလည်းဟုတ် အင်္ဂလိပ်စာပြဆရာဆိုလည်း ဟုတ်သည့် အမည်မဖေါ်လိုသူ မိတ်ဆွေကြီး၏ အိမ်ဂေဟာခြံဝင်းအတွင်း ဘေးဂိုဒေါင် တိုက်ခန်းမှာ နောက်ထပ် ကဗျာဆရာဆိုလည်းဟုတ် ပါကေးဆရာဆိုလည်းဟုတ် သူ့အပြောအရဆို ဂျေးလည်းအောင်းဖူး စစ်လည်းတိုက်ဖူး ပင်လယ်ပြင်လည်း (သူ့နှစ်ကာလပေါက် ပေါင်းသင်းလာသည့် သူငယ်ချင်းများဖြည့်စွက် ပြောပြချက်အရ သူ့ဇနီးမယားနှင့်တကွ) ထွက်ဖူးသူဆိုလည်း ဟုတ်သည့် မိတ်ဆွေတစ်ယောက်နှင့်တကွ ကဗျုပဒေသအခြေအတင်စကားလုံးများ အပါအ၀င် မနက်စာမှာပါသည့် ၀က်သားမျှစ်ချဉ်ဟင်းအပြင် ကာပူစီနိုရယ်ဒီမိတ်ထုပ်အပါအ၀င် ဆေးပေါ့လိပ်အရေခြုံပစ္စည်းက မနက်လင်းကတည်းက မနားတမ်းဝင် အသံဗလံဟူ၍လည်း ဂျပန်ပုံစံဧည့်ခန်းဆိုနီစောင်းဘောက်မှလာသည့် နယူးအေ့ခ်ျဂီတနောက်ခံနှင့် မိုးတဖေါက်ဖေါက် အသံသာကြားရသော အခိုက် ၌/မှာ/တွင်/ ၀ယ်/က ကို ဘေး-ဖယ်-ထုတ်ပြီး ငါ ဘာစကားမှ ပြောလို့ရမှာမဟုတ်၊ အနှီ အီ(လည်းအီ) မူး(လည်းမူး)ရှင်း (လည်းရှင်းလင်း) စိတ်အခြေအနေကို ဖယ်ခွာပြီး သန့်စင်သည့်အင်္လကာများ ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်၊ (ဥပမာ ခေါင်မိုး/အိပ်မက်/ အနီအပေါ် သိမှုမသေချာနိုင်)မဖယ်လည်းမဖယ်ခွာနိုင်၊ ငါမပြောနိုင်၊ ကျွန်တော်မပြောတတ်၊ တော်ပြီ ကျွန်တော်ဘာမှ မပြောရသေးခင် ဘာ=သာ=စ=ကား ကျွမ်းကျင်ရာ လိမ္မာသည့်ဆရာထံ လွှဲပြောင်းပေးလိုက်ပြီ၊

(ဇေ) တကယ်တော့ ပြောင်းကိုလွှဲပေးလိုက်တာပါ ပြောင်းဖူးမှာ ပြောင်းစေ့လေးတွေ
ညီညီညာညာစီထားတာဟာ ဒီဇိုင်းတစ်ခု ပြုလုပ်တာပါ
အချို့အပင်တွေမှာ အရွက်၅ရွက်အပြိုင်ထွက်တာ
အချို့ညကောင်းကာင်တွေမှာ ဘယ်ကြယ်နဲ့ဘယ်ကြယ်တွဲထွက်တာ
အချို့ထမင်းပန်းကန်ထဲမှာ ထမင်းစေ့နဲ့မျှော်လင့်ချက် ရွေးစားရတာ
ဒီဇိုင်းတွေပါပဲ ထိုင်ရင်ထိုင်တယ် အိပ်ရင်အိပ်တယ်
ထိုင်ပြီး အိပ်နေလို့ရတယ် အိပ်ပြီးထိုင်နေလို့ရလား
ဒီက လှမ်းမြင်နေရတဲ့ ခေါင်မိုးနီအိပ်မက်တွေဟာ
အိပ်အိပ်ကြီး ထိုင်နေကြပြီး ထိုင်ထိုင်ကြီးနဲ့
ကြည့်နေကြတယ် အိပ်မက်ရဲ့ဟောင်းလောင်းကြီးထဲဆီ
ရုတ်တရက် မီးပြန်လာတယ်
ရုတ်တရက် ရှင်တယ် ရုတ်တရက်သေတယ်
ရုတ်တရက်ပဲ နောက်တစ်ရက်ကို ရုတ်သွားတယ်
အမှုန့်ကြိတ်ထားတဲ့ ညကို မျက်စိထဲ ဖြူးလိုက်တယ်
အချို့အတွက် နက္ခတ်တာရာဟာ မြည်သံစွဲအလင်္ကာဖြစ်ပါတယ်
ပြောင်းဖူးပင်မှာ ပြောင်းဖူးသီးတွေ ပြွတ်ခဲနေတာပဲ။ ။

ဇေယျာလင်း၊ ၀င်းမြင့်၊ မောင်ယုပိုင်
၂၀၀၉ သြဂုတ်လ။

ဒီလိုနဲ့ ဒီတစ်ခေါက်

2
Filed under ကဗျာ

ဒီလိုနဲ့ ဒီတစ်ခေါက်လည်း
အသက်ဘေးက လွှတ်မြောက်လာခဲ့ပြန်ပြီပေါ့
ခွေခေါက်ပြိုလှဲရာက ဖုတ်ဖက်ခါပြန်ထ
ငါမသေဘူး ရေကူးတတ်ကြောင်းက ပြန်စမယ်
လူမသေတာ သေချာပြီဆိုတော့ ငွေရှားကြောင်းက ပြန်စမယ်
စိပ်ပုတီးလေးလက်က ခဏချ၊ လည်နေတဲ့တရားခွေရပ်သွားတဲ့အထိ အရေးဆိုမယ်
ရှေ့နေကောင်းကောင်းရှာမယ်၊ သက်ဆိုင်ရာကနေပြောမယ်
နဂါးမှန်းသိအောင် အမှောက်ထောင်ပြမယ်
စေတနာက စားလို့ရသလား မေးမယ်
ငါ့အသီးဘယ်သူ ခူးသွားလဲ၊ ငါ့ဖိနပ်ဘယ်ကောင် မ,သွားလဲ
တွေ့လို့ကတော့ အသေသတ်မယ်
ရေစိုလက်နဲ့ ပလပ်ပေါက်ကိုင်မယ်၊ ခေါင်းရင်းပြတင်းပေါက် ဖွင့်အိပ်မယ်
သောက်မယ်စားမယ်ပျော်မယ်ပါးမယ်
ဘယ်သူသေသေ ငတေမာရင်ပြီးမယ်
ငရဲဆိုတာ ဂျိုနဲ့လားမေးမယ်
ဆံပင်အရောင်တွေပြန်တင်မယ်၊ မိတ်ကပ်တွေပြန်ဖို့မယ်
ရပ်ကွက်ထဲလှည့် ကိုယ်တွေ့ဖြစ်ရပ်တွေ ပို့ချမယ်
ဘေးထိုင်မယ် ဘုပြောမယ်
မုသားစကား၊ သေးနုပ်သိမ်ဖျင်းသောစကားနဲ့ ယုတ်ရင်းကြမ်းတမ်းသောစကားကို ဆိုမယ်
မသူတော်လက္ခဏာတွေ ပြမယ်
မတရားဈေးဆက်မယ်၊ အဆက်တောင်းမယ်၊ (ငွေစက္ကူ)အစုတ်ကို ရွေးပေးမယ်
တူသားမြေးမြစ်များနောင်ရေးအတွက် ရင်လေးမယ်
ကလေးချင်ပြိုင် အနိုင်ချဲခိုင်းမယ်
ဗေဒင်လက္ခဏာမေးမယ်၊ ယတြာချေမယ်၊ နတ်ပွဲသွားမယ်
လာဘ်ရွှင်မရွှင် ဂဏန်းလေးတွေ စမ်းကြည့်မယ်
အမွေနဲ့စာရွက်စာတမ်းကိစ္စ နောင်ရှင်းသွားအောင် အခုရှုပ်ကြမယ်
လူဆိုတာဘယ်လို ကမ္ဘာကြီးမှာဘယ်လို ဘ၀ဆိုတာဘယ်လို
လောကဆိုတာဘယ်လို အနုပညာဆိုတာဘယ်လို နိုင်ငံရေးဆိုတာဘယ်လို
“ငါ”ပြောပြမယ်(မင်းနားထောင်)
(နေ့စဉ်)ကြောင်တစ်ကောင်နဲ့ နပမ်းလုံးမယ်၊ ခိုတစ်ကောင်ကို ကျိန်ဆဲမယ်
ဂျပိုးတစ်ကောင်နဲ့ပူးသတ်မယ်၊ ကြက်တစ်ကောင်ကို အဆိပ်ခပ်မယ်
(တခါတရံတော့လည်း) နောင်တရမိမယ်၊ သံဝေဂရမိမယ်
လူ့ဘောင်ကြီးကို ငြီးငွေ့စိတ်ကုန်မိမယ်
(အများအားဖြင့်တော့) အသက်နဲ့ဇယာကို မေ့ထားမယ်
သင်္ချိုင်းထဲရောက်နေတဲ့ ခြေတစ်ဖက်ကို ပြန်ရုတ်
ငါ့ရှေ့က ဘယ်သူတွေအရင်သွားကြသလဲ
သင်္ခါရအတုနဲ့အရသာခံမယ်
ဒီလိုနဲ့
နောက်တစ်ခေါက် ရောက်မလာခင်
မေ့လျော့ပေါ့ဆ နေထိုင်သွားကြမယ်။ ။

မောင်ယုပိုင်
၂၀၀၇ ဒီဇင်ဘာ

ဒါပဲ

2
Filed under ကဗျာ

နောက်ဆုံးတော့
ဇာတိမြို့က တစ်လထက်ပိုမခွာနိုင် ရူးချင်ယောင်ဆောင်တစ်မျိုး ခပ်တည်တည်တစ်ဖုံ
ပြန်လည်အခြေချ ငါဟာ မိဘအရိပ်ပြန်ခို၊ အဆူအပူပြန်ခံ၊ စိတ်ဒဏ်ရာပြန်ရ၊
ညီမ၊ မရီး၊ အဒေါ်အပျိုကြီးသုံးယောက်၊ အဖွားသုံးယောက်နဲ့ အရှုပ်တော်ပုံကြားပြန်ရောက်
နောက်တစ်ခေါက် ရန်ကုန်သားအနုပညာသည်ဘ၀ကို စိတ်ကူးမယဉ်မိသရွေ့ ဒေသခံပြန်လုပ်၊
ဒေသစကားဆက်ပြော၊
အဆိုးအကောင်းအကျိုးအကြောင်းကို ဒေသယဉ်ကျေးမှု
ဘောင်အတွင်းမှသာ မလွဲသာမရှောင်သာတုံ့ပြန်နေထိုင်ရင်း ဒီမြို့ဒီလိပ်စာမှာပဲနေပြီး
သူရို့လိုဝင်ငွေမကောင်းမှတော့ မေးနေဖို့လိုသေးလား သေချာတာပေါ့ အလကားကောင်
တစ်ကောင်ပဲဖြစ်လာရင်း အငြိုးတကြီးရွံရှာမုန်းတီးအထီးကျန်ငြီးငွေ့လာရင်း အပျင်းပြေ
ရုပ်ရှင်လေးဘာလေးကြည့်ပြီးရင်း ကြည့်ရင်း ကလဲ့စိစ်၊ ဖိုက်စတား၊ အော်စကာ၊ ရွှေအုန်းခက်၊
တော့ပ်တင်း၊ ကြာလေ ကြည့်စရာများလာရင်း၊ နားထောင်စရာကျတော့ ပြည်ပမှာ
ရေဒီယိုဟဲ့ထ်၊ စင်စတမ်အော့ဖ်အေဒေါင်း၊ နယူးအေ့ခ်ျစုဆောင်းရသမျှနဲ့
ပြည်တွင်းဖြစ် စိုင်းခမ်းလိတ်၊ ငှက်ကြီး၊ ဒိုးလုံး၊ အမ်အိပ်ခ်ျအေ၊ ရော့ခ်စတားတို့ကလွဲရင် ဘယ်သူရှိသေးလို့လဲ၊
ဖတ်စရာမှာလည်း မြန်မာပြန်ပြီး ဂျွိုက်စ်ကာဖကာဂါဇီယာမားကွက်စ်နိုင်ပေါလ်၊ မြင့်သန်း၊ မင်းခက်ရဲ၊ အောင်ချိမ့်၊
ဇေယျာလင်း၊ ၀င်းမြင့်၊ လူဆန်းနဲ့ Kid Zone ပဲ ကျန်ရင်း

အခု Rich ကော်ဖီပဲ သောက်၊ အားအားရှိအွန်လိုင်းပဲတက်၊ ယမ်းဇီလာဒေါ့ကွန်းပဲဖွင့်၊
နေ၀ိုင်ဝိုင်ဆီပဲ မေးလ်ပြန်၊ ငြိမ်းချမ်းကိုပဲ လှမ်းဆဲ၊ ချူးချူးနဲ့ပဲ စကားပြော၊ အိဖြူအိမ်ပဲ ညစဉ်သွား၊
အိမိုးတစ်ယောက်ပဲ ဒို့အခင်ဆုံး၊ ရွှေဘုတ်ကိုပဲ ကိုယ်အတည်ပြော၊ ဆလမားနဲ့ပဲ စကားပြောလို့ရ
ပင်စိမ်းရွက်မှုန့်ပဲ ပလိန်းကြီးမျှောချမှီဝဲရင်း၊ နေဗီရာမန်းပဲ သုံးစွဲရင်း၊ ၀က်ခြံပဲ ထိုင်ညစ်ရင်း၊
ကိုက်ကြီးကိုက်ပဲ စားရင်း၊ စပွန်ဆာပဲ သောက်ရင်း၊ ကိုမျိုးခိုင်နဲ့ပဲ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊
နှစ်ကာလများဆီပဲ ဖုန်းလှမ်းဆက်ရင်း၊ လက်သန်းကြွယ်ပေါ်က ကြွက်နို့သီးပဲ ဖဲ့ကစားရင်း၊

တရုတ်လုပ်ဆိုနီအမ်ပီသရီး၊ တရုတ်လုပ်စားပွဲတင်ပန်ကာတစ်လုံး၊ လေးပေမီးချောင်းတစ်ချောင်း၊
ခေါင်းအုံးတစ်လုံး၊ ဖက်အုံးတစ်လုံး၊ ကချင်ဂွမ်းစောင်တစ်ထည်၊ တရုတ်မွေ့ယာတစ်လုံး၊
ခြင်လုံဇကာတပ်တစ်ကိုယ်စာလှည့်သာရုံအခန်းတစ်ခန်း၊ စာသင်တိုက်သံဃာသားသုံးပုံစံစားပွဲခုံနိမ့်တစ်လုံး၊ အိန်တီးမှာတစ်ဝက်ပဲအကောင်းကျန်ဟဒစ်တပ်ပီဖိုး ဒီဗွီဒီရိုင်တာပါ အယ်လ်စီဒီတစ်စုံ၊ ဘီးတပ်စားပွဲငယ်တစ်လုံး၊
သုံးဆင့်စာအုပ်စင်တစ်စင်၊ ပလတ်စတစ်ဗူးခွံတပ်ဒီဗီဒီအခွေစင်သုံးဆင့်၊ အနာဆိုဆရာခိုတစ်ဗူး၊
ချောင်းဆိုးဖျားနာခြင်းများအတွက် ဒီကိုဂျင်တစ်ကဒ်၊ ၀ါးစားရုံ အစာအိမ်ဆေးတစ်ကဒ်၊
ဆီးဝမ်းလေအတွက် အာမခံဆရာမိုး၊ မျက်စိရောနားရောအစက်ချထည့်စရာ ဆေးရည်တစ်ဗူး၊
သွားကိုက်ပျောက်လေညှင်းဆီတစ်ဗူး၊ ယိုးဒယားလုပ်သွားတိုက်ဆေးတစ်ဗူး၊
အိန်ဒီးယားလုပ် ပွေးဆေးတစ်ထောင့်၊ ရေညှိအားဆေးတစ်ဗူး၊ ပလပ်စတစ်ထွေးခံတစ်လုံး၊
အ၀တ်အဟောင်းဆယ်စုံ အသစ်သုံးလေးစုံ၊ အောကတ္တီပါတစ်ရံ၊ မီးသတ်ယူနီဖောင်းတစ်စုံ၊
ဗီရိုဟောင်းတစ်ခြမ်း၊ ရပြီ၊

တော်လောက်ပြီ၊ ပိုင်ဆိုင်မှုတွေ ဒီလောက်ဆို”
ဒီလောက်ပဲ အ-တိ-အ-ကျ-ဒီလောက်ပဲ
ယနေ့နောက်ဆုံးထားပြီးပြောရရင်တော့ ငါ့ဘိုင်အိုဂရပ်ဖီဟာ ဤမျှသာပဲ။ ။

မောင်ယုပိုင်
၂၀၀၉ စက်တင်ဘာ

မောင်ယုပိုင် ရောက်လာတယ်

2
Filed under ပြန်ကြားချက်

မောင်ယုပိုင် ရောက်လာတယ်။ ညဦးပိုင်းက ။ ကိုးနာရီလောက်က။
မောင်ယုပိုင် ရောက်လာခဲ့တယ်။ ရော့… အင့် ဆိုပြီး ကဗျာတစ်ထုပ်ပေးသွားတယ်။
စုစုပေါင်း ၂၇ ပုဒ်။ ပြီးတော့။ ကဗျာတွေပို့ကြည့်တယ်။ fount ပြောင်းရမယ်
ကြိုက်တဲ့ပုဒ်ကို ကြိုက်တဲ့နေရာမှာသုံးနိုင်တယ်။ ပြောသွားတယ်။

တောကျောင်း ဘလော့ကို ကျွန်တော် စခဲ့မိတယ်။
နောက်တော့… ကိုဂျိမ်းစ် ရောက်လာတယ်။
နောက်တော့… ကိုမိုးဆတ် ရောက်လာတယ်။
နောက်တော့… ကိုပီမို ရောက်လာတယ်။
နောက်တော့… ကိုနေ၀ိုင် ရောက်လာတယ်။
အခုတော့ …. ကိုယုပိုင် ရောက်လာတယ်။

သူတို့ရှိသင့်တယ်။ ကျွန်တော် ဖိတ်ခေါ်ခဲ့တယ်။
အုပ်ဖွဲ့ချင်တာ မဟုတ်ဘူး။
အုံဖွဲ့ချင်တာ မဟုတ်ဘူး။
အုံကြွချင်တာ မဟုတ်ဘူး။

ကြားဖြတ်အနေနဲ့ မောင်ယုပိုင် တက်ဆက်မှု
အခုပဲ သိပ်မကြာခင် စတင်ပါမယ်။
မောင်ယုပိုင်ရဲ့ ကဗျာ ၂၇ ပုဒ်ကို လမ်းအိုလေး နဲ့ တောကျောင်း
ချိတ်ဆက် တင်ဆက်ပါမယ်။

ရယ်စရာကောင်းသောဘဝ

0
Filed under ကဗျာ

အားလုံးနဲ့အတူ မတ်တပ်ရပ်နေတယ်
ပြတင်းပေါက်နေ အပြင်ကို လှမ်းကြည့်နေတယ်
ကြိုးတန်းက အ၀တ်တွေကို လိုက်ရုပ်နေတယ်
သတင်းစာတစောင်ကို သူများပခုံးပေါ်က ကျော်ဖတ်နေတယ်
ခေါ်သံကြားလို့ နောက်ကိုရုတ်တရက် လှည့်ကြည့်လိုက်တယ်
စက်ဘီးလေး ဖြည်းဖြည်းနင်းပြီး ဈေးဘက်ကို သွားနေတယ်
လက်ကျန်ငွေတွေကို ရေတွက်နေတယ်
မှောင်ထဲမှာ ပက်လက်လှန်ပြီး အပေါ်ကို ကြည့်နေတယ်
ရုတ်ချည်းနေမကောင်းဖြစ်လာတယ်
မြက်ခင်းတွေပေါ် ဖြတ်သွားတယ်
ချွေးတွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်တယ်
ဆိုးရွားတဲ့ အနံအသက်တွေကို ရှုရှိုက်နေရတယ်
ထွက်ခွာစပြုနေတဲ့ ရထားပေါ် ခုန်တက်လိုက်တယ်
ပါးပေါ်က ၀က်ခြံတွေကို ကုတ်ဖဲ့နေတယ်
စူးရှတဲ့ မီးရောင်ကြောင့် မျက်စိကို ပိတ်လိုက်တယ်
ခရမ်းချဉ်သီးခပ်လတ်လတ်ရအောင် ရွေးနေတယ်
အရပ်နည်းနည်းပိုရှည်လာတယ်
ရေတခွက်သောက်ပြီး ဆာလောင်မှုကို ဖြေဖျောက်လိုက်တယ်
ဆိုင်ထဲဝင်သွားပြီး ဟိုဟာလိုချင်ဒီဟာလိုချင်ဖြစ်နေတယ်
‘စောင့်နေရတာကြာပြီ၊ မလာနိုင်သေးဘူး’လို့ တွေးနေတယ်
အင်္ကျီအိပ်ကပ်ထဲ လက်နှိုက်ပြီး တခုခုကို စမ်းနေတယ်
အကြွေအမ်းလိုက်တဲ့ သကြားလုံးကို ဖောက်ပြီးငုံလိုက်တယ်
တီဗွီခလုတ်ကိုပိတ်ပြီး အိမ်သာထဲဝင်သွားတယ်

မိုးဆတ်

- ကမ်းယံ မှ ပြန်လည်ဖော်ပြသည်။

ခမ်းမိုင်ရေ… ငါတော့ လွမ်းတယ် (အပိုင်း ၂)

8
Filed under အရေးအသား

ဟိုလူက တုံ့ခနဲဖြစ်သွားပြီး အလန့်တဖြန့်ကြည့်တယ်။ ကျွန်တော်က ရယ်မပြတတ်ဘူး။
သူကလည်း ရယ်မပြဘူး။ ဆွဲထားတဲ့ လက်ကိုဖြုတ်လိုက်ရင်း ကျွန်တော်မေးလိုက်တယ်။
ဒါနဲ့ ပြောရဦးမယ်။ ကျွန်တော်လက်ဆွဲမိလိုက်တဲ့ လူမှာလည်း နာမည်မရှိဘူး။
တော်တော်ထူးဆန်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒီမြို့ကလူတွေမှာ နာမည်မရှိကြဘူးတဲ့။
(ဒီတစ်မြို့လုံးမှာ ကျွန်တော်နဲ့သိခဲ့တဲ့ ခမ်းမိုင်ဆီမှာပဲ နာမည်ရှိတယ်။ ခမ်းမိုင် တဲ့)

“ဒီမြို့မှာ ခဏတည်းခိုစရာ နေရာတစ်နေရာလောက် ဘယ်မှာရှိလဲ ”
ကျွန်တော့် စိတ်ထဲမှာ ဘီလို့ သတ်မှတ်ထားတဲ့ လူကို မေးလိုက်မိတယ်။
ဘီက သူ့လက်ကို ပွတ်သပ်လိုက်ရင်း ကျွန်တော့်ကိုမေးတယ်။
“ခင်ဗျား ဘယ်က လာခဲ့တာလဲ”
ဘယ်ကလာခဲ့တာလဲတဲ့။ အဲတာမှ ပြဿနာပဲ။
ကျွန်တော်ဘယ်ကလာခဲ့သလဲဆိုတာ ကျွန်တော်ကိုယ်တိုင် မသိဘူး။
“ခင်ဗျားဘယ်ကလာခဲ့သလဲဆိုတာသိမှ နေစရာကို ပြောပြလို့ရမှာ … ”
တွေဝေနေတဲ့ ကျွန်တော့်ကို ကြည့်ရင်း ဘီက ပြောတယ်။ ကျွန်တော့်မှာ ဖြေစရာမရှိ။
တွေတွေကြီးဖြစ်နေတဲ့ ကျွန်တော့်ကို ဘာမှဆက်မမေးမနေတော့ပဲ ဘီကထွက်သွားတယ်။

ဒုက္ခပဲ။
(အဲ့ဒီတုန်းက တစ်ကယ်ကို ဒုက္ခပဲလို့ ငါထင်နေခဲ့တယ် ခမ်းမိုင်)
ကျွန်တော့်အဖြစ်က တစ်ကယ်ကို ဒုက္ခပဲ။ ဘယ်ကလာခဲ့သလဲမသိ။ ဘယ်ကို သွားရမယ်မသိ။
နာမည်မသိတဲ့ မြို့ကိုရောက်နေတယ်။ မြို့ကလူတွေကလည်း နာမည် မရှိကြဘူး။
နာမည်။ နာမည်။ ကျွန်တော့် နာမည်ကရော။ ကျွန်တော့်နာမည်ကို ခမ်းမိုင် သိမှာပေါ့။

လမ်းပေါ်မှာ လူတွေသိပ်မရှိတော့ဘူး။ ကျွန်တော်လည်း ဆက်လျှောက်လာမိတယ်။
အဲ့ဒီတုန်းက ခမ်းမိုင်နဲ့သာ သိနေခဲ့ရင် ခမ်းမိုင်ရေ နင့်ဆီငါလာနေပြီလို့ တွေးနေမိမှာ။
ခမ်းမိုင်ကလည်း သူ့အိမ်တံခါးဝကနေ ကျွန်တော့်ကို မျှော်နေချင် မျှော်နေမှာပေါ့။
ဟို ၀တ္ထုဇာတ်လမ်းတွေထဲက အတိုင်းလေ။ အခုတော့ အဲလိုမဟုတ်ပဲ ဖြစ်နေခဲ့တယ်။
ဒါပေမယ့် စိတ်ချင်းဆက်နွှယ်မှုဆိုတာကို ကျွန်တော်ယုံကြည်တယ်။
ကျွန်တော်ယုံကြည်သလို ခမ်းမိုင်လည်း ယုံကြည်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ တွေ့ခဲ့ကြတာ။
(ခမ်းမိုင်ရေ အခုချိန်ထိ ငါယုံကြည်နေဆဲပါပဲ ဟာ… )

ခမ်းမိုင်တို့ မြို့ကလေးရဲ့ အလယ်မှာ စမ်းချောင်းကလေးရှိတယ်။
သစ်တောအုပ်အုပ်ကလေးတွေလည်းရှိတယ်။
စိမ်းညို့တဲ့ တောင်တန်းကြီးတွေလည်း ရှိတယ်။
နောက် ခမ်းမိုင်လည်း ရှိတယ်။
(အဲ့ဒီညက ကောင်းကင်မှာ ကြယ်တွေစုံနေခဲ့တယ်မဟုတ်လား ခမ်းမိုင်)
ကိုအောင်ရဲ့ သီချင်းတွေကို ကျွန်တော်ကြိုက်တတ်တာ ခမ်းမိုင် သိလို့နေမှာပေါ့။
ဒီမြို့ကလေးမှာ အလင်းဆိုင်တွေရှိရင် သိပ်ကောင်းမှာပဲ ခမ်းမိုင် . . . ရေ။

လမ်းပေါ်မှာ။ ကျွန်တော်တစ်ယောက်တည်း လျှောက်လာလိုက်တာ
စီလို့သတ်မှတ်မိတဲ့ လူတစ်ယောက်နဲ့ ထပ်တွေ့တယ်။ မထူးပါဘူး။ ဘာမှမထူးပါဘူး။
အေရယ်၊ ဘီရယ်၊ စီရယ်။ သူတို့သုံးယောက်ဆီက တုံ့ပြန်မှုတွေဟာ အတူတူပဲ ဖြစ်နေခဲ့တယ်။
နှိုင်းရသီအိုရီအရဆို ကျွန်တော့်ထွက်ပေါက်ပိတ်သွားခဲ့တဲ့ သဘောပါပဲ။
(ဒီလိုအပြောမျိုးတွေဆို ခမ်းမိုင်က သဘောမကျဘူး . . .)
ဖြစ်နေတဲ့ အခြေအနေမှာ အကြောင်းပြချက်ထုတ်နေတာမျိုးကို ခမ်းမိုင်က မကြိုက်ဘူး။

ကျွန်တော့်အတွက်တော့ ခဏလေးလို့လည်း ပြောလို့ရတယ်။
အကြာကြီးလည်းဖြစ်နေတယ်။ ညနေက ဒီမြို့ကို ရောက်လာခဲ့တယ်။
ညရောက်လာတဲ့အထိ ကျွန်တော့်အခြေအနေက ဘာမှ မရေရာသေးဘူး။
အချိန်တွေကြာလာတယ်။ စိတ်ဓာတ်ကျလာ သလိုပဲ။ မြို့ခံလူတွေနဲ့
ကျွန်တော့်ကြားမှာ  နားလည်မှုပျောက်ဆုံးနေသလို။ ဘာသာစကားလည်း
ပျောက်ဆုံးနေတယ်။ ဟုတ်တယ်။ ဘာသာစကား။ နားလည်မှု။
(ခမ်းမိုင် ရယ် .. နင်နဲ့ငါ့ကြားမှာတော့ ဘာသာစကားရော၊
နားလည်မှုရော တူခဲ့တယ်မဟုတ်လား…)

ကြယ်တွေလေ။ ရုတ်တရက် ပျောက်သွားတယ်။ ကျွန်တော့်ရင်တွေ ပူလာတယ်။
လူတစ်ချို့က ကျွန်တော့်ကို စူးစူးရဲရဲကြည့်တယ်။ သူတို့မျက်လုံးတွေ။ မျက်လုံးတွေက
ရန်လိုနေကြတယ်လို့ ကျွန်တော်ထင်တယ်။
မိုက်နေအောင်ကို ညက မှောင်လာတယ်။ မည်းလာတယ်။
တခြားသူတွေကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။
ပြောရရင်။ ကျွန်တော် ငိုချင်လာမိတယ်။ မဟုတ်ဘူး။ ကျွန်တော် ငိုခဲ့တာ။
အဲ့အချိန်တုန်းက ခမ်းမိုင်သာ ကျွန်တော့်ကို ကြည့်နေမယ်ဆိုရင် ဘယ်လိုထင်မလဲ။

ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိတော့သလိုပဲ။
မြို့ကိုရောက်စက ဘယ်သွားရမလဲ မသိဖြစ်နေရာကနေ
ကျွန်တော့်ကို ကျွန်တော် ပျောက်ဆုံးလာသလိုဖြစ်လာတယ်။
မြို့ခံလူတွေရဲ့ အကြည့်ဒဏ်ကို ကျွန်တော်မခံနိုင်တော့တဲ့ အထိဖြစ်လာတယ်။
ကျွန်တော့်ပါးစပ်က စကားလုံးတွေ အထွေးလိုက် အထွေးလိုက်။
လည်ချောင်းထဲ ပြန်ပြန်ဆင်းနေတယ်။ ကျွန်တော့်မျက်စိတွေ ပိတ်လိုက်ချင်ပြီ။
ဒီမြို့မှာ ကျွန်တော် ပျောက်ဆုံးရတော့မယ်။ ပျောက်ဆုံးရလိမ့်မယ်။
(ခမ်းမိုင်သာ ရောက်မလာခဲ့ဘူး ဆိုရင်ပေါ့ . . .)

ဆက်လက်ဖော်ပြပါမည်။