
(၁)
တွေ့နေကြ၊ မြင်နေကြ ဇာတ်လမ်းတွေထဲက ခွဲထွက်မှုလမ်းကြောင်းတစ်ခုကို ပီတာဂျက်ဆင်က စမ်းသပ်ပြလိုက်ပါပြီ။ အောင်မြင်နိုင်မလား၊ မအောင်မြင်နိုင်လား ဆိုတာထက် The Lovely Bones ဇာတ်ကားရဲ့ ဦးတည်ချက်နဲ့ ပြကွက်တွေကတော့ သိပ်ကောင်းလွန်းခဲ့ပါတယ်။ ပီတာဂျက်ဆင်အနေနဲ့ ဒီလိုဇာတ်ကားမျိုးကို ရိုက်ပြနိုင်ခဲ့တာဟာ The Lord of the Rings ဇာတ်ကားတွေကိုဖန်တီးခဲ့တဲ့ အချိန်ကထက် ပိုပြီးတော့ လူကြီးဆန်မှုကို ပြခဲ့တာ လည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရိုင်းဆန်တဲ့ ဖြစ်ရပ်တစ်ခုကို သိမ်သိမ်မွေ့မွေ့နဲ့ လိုရင်း ရောက်အောင် ပြောပြသွားနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Titanic ဇာတ်ကားနဲ့ ဂျိမ်းစ်ကင်မရွန်က အော်စကာဆု (၁၁) ဆုထားခဲ့ပါတယ်။ ပီတာဂျက်ဆင်ကလည်း The Lord of the Rings: The Return of the King ဇာတ်ကားနဲ့ အော်စကာ (၁၁) ဆုရထားခဲ့ပါတယ်။ ၂၀၀၉ခုနှစ်နှောင်းပိုင်းကာလမှာ ဂျိမ်းကင်မရွန်ရဲ့ Avatar ဇာတ်ကားထွက်လာတယ်။ သူ့နောက်မှာတော့ The Lovely Bones ဇာတ်ကား ထွက်လာ ခဲ့ပါ တယ်။ ဂျိမ်းစ်ကင်မရွန် ဇာတ်ကား လောက် လူကြိုက်မများနိုင်၊ ၀င်ငွေမများနိုင်ပေမယ့် ပီတာဂျက်ဆင်ရဲ့ ဇာတ်ကားကို ပိုကြိုက်ခဲ့၊ ပိုသဘောကျမိခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
(၂)
အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား ပီတာဂျက်ဆင်ရဲ့ဇာတ်ကားတွေကို သိပ်မကြိုက်ခဲ့တာမို့သူ့ဇာတ်ကားတွေကိုအဝေးကြည့်၊ကြည့်မြင်အနေနဲ့ပဲ ကြည့်လေ့ရှိပါ တယ်။
ဒီနှစ်ပိုင်းထဲမှာတော့ ပီတာဂျက်ဆင်နဲ့ သက်ဆိုင်တဲ့ ဇာတ်ကားနှစ်ကား ထွက်လာခဲ့ပါတယ်။ ပထမ ဇာတ်ကားကတော့ ထုတ်လုပ်သူအနေနဲ့ စီစဉ်ခဲ့တဲ့ District 9 ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ် ကားလည်း ကောင်းခဲ့ပါတယ်။ လိုရင်း ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနောက် မှာတော့ ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ထုတ်လုပ်သူလုပ်ပြီး The Lovely Bones ဇာတ်ကား ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီအနေအထားကို ပြန်ကြည့်မယ်ဆိုရင်တော့ ပီတာဂျက်ဆင် အနေနဲ့ ၁၉၉၆ ခုနှစ်မတိုင်ခင်က အနေအထားကို နည်းပညာနဲ့ပေါင်းစပ်ပြီး ပြန်သွားနေပြီ လား လို့ တွေးတောစရာ ဖြစ်စေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် မတိုင်ခင်ကာလတွေမှာ ပီတာဂျက်ဆင်ဟာ The Lord of the Rings ဇာတ်ကားသုံးကားနဲ့ King Kong ဇာတ်ကား၊ Crossing the Line ဇာတ်ကား စုစုပေါင်း (၅) ကား ထွက်ထားခဲ့ပေမယ့် ဈေးကွက် ကြိုက်ဇာတ်ကားတွေအဆင့်မှာပဲ တ၀ဲလည်လည် ဖြစ်နေခဲ့တာဖြစ်ပါတယ်။
The Lovely Bones ဇာတ်ကားမှာတော့ ပီတာဂျက်ဆင်ရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေ ပြောင်းသွားခဲ့ပြီလားလို့ မေးစရာရှိလာပါတော့တယ်။
(၃)
အမှန်တော့ ဒီမေးခွန်းဟာ သိပ်ပြီး သေချာလှတဲ့မေးခွန်းတော့မဟုတ်ပါဘူး။ အကြောင်းကတော့ ဇာတ်ကားထက် ဇာတ်လမ်းမူရင်းဖြစ်တဲ့ဝတ္ထုက ပိုအောင်မြင်ထားခဲ့တဲ့အတွက်ကြောင့် ပဲဖြစ်ပါ တယ်။ စာရေးဆရာမ Alice Sebold ရဲ့ The Lovely Bones ၀တ္ထုဟာ ၂၀၀၂ ခုနှစ်က ထွက်ရှိထားခဲ့ပါတယ်။ မှုခင်းဇာတ်လမ်း၊ ဒီလိုမှမဟုတ် လူသတ် ဇာတ်လမ်း အဖြစ်အပျက် တစ်ခုကို ကျောရိုးယူခဲ့တဲ့ ဒီဇာတ်ကားဟာ နံပါတ်(၁) အနေနဲ့ ဇာတ်လမ်းပိုင်း စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နံပါတ်(၂) အချက်ကတော့ ဇာတ်လမ်းမှာ ဆင်ခဲ့တဲ့ ဇာတ်ကွက် အနေ အထား တွေပဲ ဖြစ်ပါတယ်။ လွယ်မလိုနဲ့ နက်နဲခက်ခဲမှုတစ်ခုကို ဆွဲကိုင်လိုက်တာဖြစ်ပါတယ်။ သိပ်ကို အန္တရယ်ကြီးတဲ့ တင်ပြမှုကို မကြောက်မလန့်ဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။ စာအုပ်မှာ ပုံဖော်မှုအရ ဇာတ်လမ်းပိုင်းမှာ အောင်မြင်ခဲ့ပေမယ့် ပြဿနာတွေ၊ မေးခွန်း ထုတ်မှုတွေ၊ အငြင်းပွားဖွယ်ရာတွေနဲ့ စာအုပ်ထွက်ပြီးစမှာပဲ ပွက်လောရိုက်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကတော့ ရောင်းအားစာရင်းဝင် စာအုပ်တစ်အုပ် ဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ။
အသက်(၄၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်စာရေးဆရာမ Alice Sebold ဟာ Lucky (1999)၊ The Lovely Bones (2002) ၊ The Almost Moon (2007) စာအုပ်သုံးအုပ် ရေးသားထားခဲ့ပြီး သုံးအုပ်လုံး နာမည်ကျော်ထားခဲ့ပါတယ်။
The Lovely Bones မူရင်းဝထ္တုစာရေးသူက ဆွဲဆောင်ထားခဲ့တဲ့ ဖမ်းစားမှုကိုပဲ ပီတာဂျက်ဆင်က အာရုံကျခဲ့ပုံ ရပါတယ်။ မှုခင်းဇာတ်လမ်း၊ လူသတ်ဇာတ်လမ်း စတာတွေက သာမန်ပရိသတ်အများစုရဲ့ သည်းခြေကြိုက်ပါပဲ။ ဒီအချက်အပြင် နောက်ထပ် စိတ်ဝင် စားစရာတစ်ခုနဲ့ ဇာတ်လမ်းကို ချိတ်ဆက်တယ်။ မူရင်းစာရေးဆရာရဲ့ ဖန်တီးမှုကတော့ အရေးအသားမှာ အားသာချက်ယူခဲ့ပုံရပါတယ်။ ပီတာဂျက်ဆင်ကတော့ မူရင်းစာရေးသူ တင်ပြခဲ့တဲ့ အားသာချက်ကို အပြနဲ့ အသစ်မြင်ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခုက ၀တ္ထုနဲ့ ရုပ်ရှင်မှာ ကွဲလွဲမှုဖြစ်သွားခဲ့ပါတယ်။
အဲတာကတော့ “ကောင်းကင်ဘုံဖန်တီးမှု” ပဲ ဖြစ်ပါတယ်။
(၄)
၁၉၇၃ ခုနှစ်အချိန်ကို ဇာတ်ကားမှာ နောက်ခံတည်ခဲ့ပါတယ်။ အိမ်နီးနားချင်းတစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတဲ့ ၁၄နှစ်အရွယ်မိန်းကလေး တစ်ယောက် (ဆယ်လမွန်ငါးလေး တွေကိုနှစ်သက်ခဲ့တာမို့ Susie Salmon လို့အမည်ရှိခဲ့တယ်) ရဲ့အဖြစ်အပျက်ဟာ ဇာတ်လမ်းရဲ့ အဓိက ဆင်ကွက်ဖြစ်ပါတယ်။ ဒီအချက်ကိုတည်ကွက်လုပ်ပြီး The Lovely Bones ဇာတ်လမ်းကို သိုင်းဝိုင်းဖန်တီးလိုက်ပါတယ်။
ဆိုကြပါစို့။ လူသတ်မှုခင်းဇာတ်လမ်းတစ်ပုဒ်ရဲ့ ပုံမှန်အသွားအလာအရဆိုရင် ကောင်မလေး သေတဲ့ ကိစ္စကို ရဲက စိတ်လှုပ်ရှားစွာဖော်ထုတ်မယ်။ အက်ရှင်တွေပါမယ်။ အဆုံးသတ်မှာ လူသတ်တရားခံကို တွေ့ရှိပြီး ဖမ်းဆီးလိုက်နိုင်မယ်။ ဒါဟာ ဒီနေ့အမေရိကန် လူသတ် မှုခင်းဇာတ်လမ်းတွေမှာ တွေ့နေကျ၊ မြင်နေကျ ဇာတ်လမ်း၊ ဇာတ်ကွက် အများစုပဲ ဖြစ်ပါတယ်။ Lovely Bones မှာတော့ ဒီဇာတ်လမ်းက ခွဲထွက်လိုက်ပါတယ်။
ကောင်မလေးကကောင်းကင်ဘုံရောက်သွားတယ်။ နယူးယောက်တိုင်းမ်ကတော့ ကောင်မလေး ရောက်သွားတဲ့နေရာဟာ ကောင်းကင်ဘုံရဲ့ အစပ်နားလို့ဆိုတယ်။ လော့အိန်ဂျလိစ်တိုင်းမ် ရဲ့ဝေဖန်မှုထဲမှာတော့ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံအကြားက အပြာရောင်မိုးကုတ်စက်ဝိုင်း တစ်နေရာလို့ ဆိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်မလေးဟာ ကောင်းကင်ဘုံသို့ သွားရာ အရပ်တစ်နေရာကို ရောက်ရှိသွားပြီး မိသားစုနဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
ပီတာဂျက်ဆင်ဟာ အရှေ့တိုင်းအယူအဆကို ယူပြီး ဇာတ်ကားကို ဖန်တီးခဲ့လေသလားလို့ ထင်စရာ ရှိခဲ့ပါတယ်။ သူတင်ပြခဲ့တဲ့ ဇာတ်ကွက်တွေဟာ အရှေ့တိုင်းက ဘာသာဓလေ့ ယုံကြည်မှုတွေနဲ့ သွေဖယ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သေလွန်ပြီးနောက်လူတစ်တစ်ယောက်ဟာ သူဘယ်ကို ရောက်နေသလဲ ဆိုတာကို စဉ်းစားနေတုန်းမှာ သူဟာ သေလွန်ခဲ့ပြီဆိုတာကို သတိမထားခဲ့မိတဲ့ ဖြစ်စဉ်တွေ အများအပြားရှိနေမှာပါပဲ။ မျောသွားခဲ့ရင်းလည်း မျောသွားစဉ် ခဏ၊ အမှန်တကယ်သေဆုံးသွားပြီ ဆိုရင်လည်း သေဆုံးသွားပြီး အစဖြစ်စဉ် ခဏ၊ဒါတွေကို ခွဲခြားပြဖို့ဆိုတာ သိမ်မွေ့နက်နဲခက်ခဲ လှတာအမှန်ပါပဲ။ ဒါပေမယ့် အရှေ့တိုင်းဘာသာ အယူအဆအတော်များများမှာတော့ ဒီအချက်တွေကို သရုပ်ခွဲပြတဲ့ အချက်တွေအများကြီး ရှိနေ ခဲ့ ပါတယ်။
ဘယ်လိုနေရာမယ်မှန်းမသိ။ ဘာတွေဖြစ်နေတယ်မသိ။ ကောင်းကင်ဘုံက အဖြစ်အပျက်တွေ။ အစရှိတဲ့ ဖော်ကျူးချက်တွေနဲ့ဇာတ်ကားများစွာဟာ ရှေ့မှာထွက်ထားခဲ့ဖူးတာတော့ သတိထား စရာပါပဲ။ Heaven (1987, Diane Keaton) , Heaven (1998, Scott Reynolds)Heaven (1997, Tracey Moffatt), Heaven (2002, Tom Tykwer) ,Cennet (Biray Dalkiran) စတဲ့ဇာတ်ကားတွေ ဖြစ်ပြီးတော့ ပီတာဂျက်ဆင်ကတော့ ကောင်းကင်ဘုံကို လုံးလုံလျားလျား မရောက်ခင်၊ လူ့ဘ၀က ထွက်ခွာစအချိန် ကြားကာလတစ်ခုကိုသာ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
(၅)
ဇာတ်ကားရဲ့ အလှည့်အပြောင်းတစ်ချို့ကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာ အယူအဆအရကံ၊ ကံရဲ့ အကြောင်းတစ်ရားဆီကိုသာ ရောက်မှာသာဖြစ်ပါတယ်။ ဒီအချက်မှန်၊ မမှန်ဆိုတာကိုလည်း ဇာတ်ကားမှာတွေ့ရမယ့် ဇာတ်ဝင်ခန်းတွေက သက်သေခံပါလိမ့်မယ်။ အထူးသဖြင့် ဇာတ်ကားခေါင်းစဉ်ဟာ “မေတ္တာအားဖြင့် ချိတ်ဆက်မှု” ဒါကိုယူခဲ့ပုံရပါတယ်။ တစ်ယောက် နဲ့တစ်ယောက်၊ သားအမိဖြစ်စေ၊ ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး စသဖြင့် ဘယ်လိုပင် ကွဲပြားပါစေ၊ တစ်ယောက်နဲ့တစ်ယောက်နဲ့ ခွဲခွာနေရတဲ့ အခါမှာ စိတ်ချင်းဆက်နွှယ်မှု ဆိုတာကို ကြုံဖူးကြမှာပါ။ ဥပမာအားဖြင့်- အဝေးတစ်နေရာမှာ ရောက်နေတဲ့ သားတစ်ယောက်ကို အဝေးတစ်နေရာကနေ လူ့လောကကိုစွန့်ခွာသွားတဲ့ မိခင်က အိပ်မက် ထဲမှာ လာနှုတ်ဆက်သလိုကိစ္စတွေ ဆိုတာကို ကြားဖူး၊ ကြုံဖူးလေ့ရှိပါတယ်။ အိပ်မက်တုန်း ခဏတော့ အိပ်မက်သာဖြစ်ကြောင်း သိထားပေမယ့်၊ နောက်တစ်နေ့၊ ဒါမှမဟုတ် ဖုန်းတစ်ခေါ် ကာလအတွင်းမှာ အိပ်မက်တဲ့အချိန်နဲ့ တစ်ချိန်တည်းမှာပဲ မိခင်ဖြစ်သူက လူ့လောကကို စွန့်ခွာသွားခဲ့ပြီဆိုတာကို သိရှိလိုက်ကြသလိုမျိုးပါ။ အခြားသော အကြောင်းတိုက်ဆိုင်မှု များစွာလည်း ရှိနေဦးမှာပါ။ ဒီဇာတ်ကားမှာ အဲဒီသဘောတွေပါခဲ့ပါတယ်။
စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း၊ စိတ်ကူးယဉ်ဆန်မှု၊ ဆယ်ကျော်သက်ချစ်ခြင်းမေတ္တာ၊ မိသားစုမေတ္တာ၊ စတာတွေနဲ့ ရှိထား၊ ပြထားပြီးဖြစ်တဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပေမယ့် ဇာတ်လမ်းအချိတ်အဆက်တွေကို ဟာကွက်မရှိတင်ပြသွားခဲ့တာကတော့ ဇာတ်ကားရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဇာတ်ကားမှာပြခဲ့တဲ့ ပြကွက်တွေဟာ ထူးထူးကဲကဲ ခန်းနားကောင်းမွန်တဲ့ တင်ပြမှုပဲဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင်ကြည့်ရတာ တန်ပါတယ်။
ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar ဇာတ်ကားနဲ့တော့ မတူပါဘူး။ အောင်မြင်မှုအတူရထားခဲ့တဲ့ ပီတာ ဂျက်ဆင်နဲ့ ဂျိမ်းစ်ကင်မရွန်ဘယ်သူကပိုရင့်ကျက်လာခဲ့သလဲ။ အဖြေထွက်မယ့်ဇာတ်ကားလည်း ဖြစ်ပါတယ်။