မြင့်သန်း၏ ဘော(လ)ဇက်နှင့် တွေ့ဆုံခဲ့ခြင်း

Filed under စာပေ

untitled

၁)
မှတ်မှတ်ရရ ပြန်ပြောရမယ်ဆို ချင်းတွင်းထဲမှာဖြစ်ပါတယ်။
မြင့်သန်းဘာသာပြန်တဲ့ ဘော(လ)ဇက်နဲ့ အပ်ချုပ်သမကလေးကို တွေ့ရှိခဲ့ပါတယ်။
အခန်းဆက်ဖော်ပြထားခဲ့တာဆိုတော့ ပြတ်တောင်း၊ ပြတ်တောင်းနဲ့ ရှိနေခဲ့ရာက
ပြီးခဲ့တဲ့လထဲမှာ လုံးချင်းအနေနဲ့ ထွက်လာတဲ့အခါမှာတော့ အစက ဆုံးသည်အထိ
ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီမှာပဲ မြင့်သန်းရဲ့ ဘော(လ)ဇက်နဲ့ တွေ့ဆုံခဲ့ရတော့တာပါပဲ။

Balzac_and_the_Little_Chinese_Seamstress

၂)
ဘော(လ်)ဇက်နဲ့ အပ်ချုပ်သမားကလေးဝတ္ထုရဲ့ မူရင်းစာရေးဆရာက Dai Sijie ဆိုတဲ့
စာရေးဆရာဖြစ်ပါတယ်။ မူရင်းနာမည်က Balzac et la Petite Tailleuse chinoise ဖြစ်ပြီး အင်္ဂလိပ်အမည်က Balzac and the Little Chinese Seamstress ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီးတော့ ၂၀၀၀ပြည့်နှစ်က ထွက်ရှိထားခဲ့ပါတယ်။
စာအုပ်နောက်ခံနဲ့ စာရေးသူရဲ့ဘ၀ဟာလည်း ဆက်စပ်လျက်ရှိနေပါတယ်။
ဒီစာအုပ်ဟာ သူ့ရဲ့ semi-autobiographical ဖြစ်နေခဲ့တဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။
၁၉၅၄က စီချွမ်ပြည်နယ်မှာ မွေးဖွားလာခဲ့တဲ့ စာရေးဆရာ Dai Sijie ဟာ လူလတ်တန်းစား
မိဘကနေဆင်းသက်လာခဲ့ရသူဖြစ်ပြီး သူ့ရဲ့အလယ်တန်းကျောင်းသားဘ၀ဖြစ်တဲ့
(၁၉၇၁ခုနှစ်နဲ့ ၁၉၇၄ခုနှစ်ကြားကာလ) အချိန်မှာ တရုတ်နိုင်ငံရဲ့ အလှည့်အပြောင်း
ယဉ်ကျေးမှုတော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း
ပြန်လည်ပညာပေးခံဘ၀နဲ့ ကျေးလက်ကို ရောက်ရှိခဲ့ရပါတယ်။ ဒီကာလကို
ဖြတ်သန်းခဲပြီးတဲ့နောက် ကျောင်းဆက်လက်တက်ခွင့်ရပြီးတော့ ဘွဲ့ရတဲ့ အထိ
ကျောင်းဆက်တက်နိုင်ခဲ့ပါတယ်။ ၁၉၈၄မှာတော့ ပြင်သစ်ပညာသင်ဆုကိုရရှိခဲ့ပြီးြ
ပင်သစ်ကိုရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စာရေးဆရာအပြင် ဇာတ်ညွှန်းရေးဆရာနဲ့
ဒါရိုက်တာတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ပြည့်နှစ်မှာ Balzac and the Little Chinese
Seamstress ထွက်လာခဲ့ပြီးတော့ ၂၀၀၂ခုနှစ်မှာ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။
သူကိုယ်တိုင်ရေးခဲ့တဲ့ စာအုပ်ကို သူကိုယ်တိုင်ကပဲ ဒါရိုက်တာလုပ်ပြီးရိုက်ခဲ့တာပါ။

စာအုပ်ကိုတော့ ပြင်သစ်လိုစတင်ရေးသားခဲ့တာဖြစ်ပြီးတော့ ၂၀၀၁ခုနှစ်မှ အင်္ဂလိပ်လို
ထွက်လာခဲ့ပါတယ်။ မြင့်သန်းကတော့ ဘယ်မူကနေ ဘာသာပြန်ခဲ့သလဲ ဖော်ပြမထားခဲ့ပါဘူး။
အင်္ဂလိပ်လိုရေးသားထားတဲ့ စာအုပ်ကနေပြန်ဆိုခဲ့တယ်လို့ ယူဆရဖွယ်ရှိပါတယ်။
ဘာသာပေါင်း ၂၅မျိုးအထိ ပြန်ဆိုထုတ်ဝေခဲ့တဲ့ ဒီဝတ္ထုဟာ အောင်မြင်မှုရရှိခဲ့သလို
ရုပ်ရှင်ကလည်း အောင်မြင်ခဲ့ပါတယ်။

ဒီစာအုပ်နဲ့နာမည်ကြီးသွားခဲ့တဲ့ Dai Sijie ဟာ ၂၀၀၃ခုနှစ်မှာ Le Complexe de Di စာအုပ်
ဆက်လက်ရေးသားခဲ့တယ်။ Mr. Muo’s Traveling Couch အမည်ရပြီး အင်္ဂလိပ်လို
ထွက်ထားပါတယ်။ ၂၀၀၇မှာတော့ Par une nuit où la lune ne s’est pas levée စာအုပ်
ထွက်ထားခဲ့ပြီး အင်္ဂလိပ်လို မထွက်ထားခဲ့သေးပါဘူး။ အင်္ဂလိပ်လိုတော့ By night the
moon has not risen လို့ အမည်ရမလား မပြောတတ်ပါ။ တတ်သိသူများ ပြင်နိုင်ပါတယ်။
သူရဲ့စာအုပ်တွေရဲ့ အသွားအလာကိုကြည့်ရင် မော်ခေတ်ကို ဖြတ်သန်းခဲ့သူတစ်ယောက်က
ရှိနေခဲ့ခေတ်အခြေအနေကို အသောဖောက်ပြီး ပြန်ပြောထားခဲ့တာမျိုးတွေတွေ့ရပါတယ်။
တစ်ချိန်တုန်းကတော့ စိတ်ညစ်စိတ်ပျက်စရာ အခုပြန်ပြောတော့ ရယ်မောစရာ ဆိုသလိုမျိုး။

Balzac_and_the_Little_Chinese_Seamstress_poster

၃)
ဒီစာအုပ်ရဲ့ မြန်မာဘာသာပြန်မှာပါတဲ့ မြင့်သန်းရဲ့အမှာစာကို
အနည်းငယ်ဖတ်ကြည့်ဖို့တော့ လိုပါတယ်။ စာအုပ်ဘာသာပြန်နဲ့ပတ်သက်ပြီး
စိုးရိမ်စိတ်သိပ်မရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပေမယ့် မလိုလားအပ်တဲ့ အချေအတင်ပြောမှုမျိုးကို
မဖြစ်စေဖို့ ကြိုတားခဲ့တယ်လို့ ထင်ရပါတယ်။

တရုတ်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ဖြစ်ခဲ့တာတွေထဲက
အမှီးအမှောက်မတည့်မှုတွေ စာအုပ်မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်းဖြစ်ပါမယ်။
နောက်တစ်ချက်က မြင့်သန်းက သူရဲ့လက်ရှိရပ်တည်နေမှုအနေအထားကို သူဘာသာပြန်လိုက်တဲ့
စာအုပ်အနေအထားနဲ့ ရောနှောပစ်မှာကိုလည်း မလိုချင်ခဲ့ဘူးလို့ထင်ပါတယ်။

‘ စာဖတ်သူများအနေဖြင့် သဘောထားကြီးကြီး ဖတ်မိရန်လည်းလိုပါမည်။
ကာလတရားအခြေခံကာ မှန်ကန်ခဲ့သည့်အမြင်များကို နင်ပဲငဆဟု သဘောထားကာ
အပြစ်မမြင်စေချင်ပါ…. ‘လို့ မြင့်သန်းက ဆိုပါတယ်။

‘အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တမဟုတ်ခြင်း ပြောင်းလဲရန် အားထုတ်နေသည့်
ကာလအတွင်းက ပြန်လည်ပညာပေးရေးအစီအစဉ်များကို အဆိုးမြင်ရှုထောင့်က မမြင်မိရန်
လိုသည်။ စင်စစ် ထိုအခါကာလက ရင်ဆိုင်ခဲ့ရသော အခက်အခဲများမှာ ယနေ့ကာလ၏
တိုးတက်ဖွံ့ဖြိုးမှုအစုစုအတွက် အရင်းအနှီးမြုပ်နှံခဲ့မှုများသာ ဖြစ်ပါသည်’
မြင့်သန်းက ရေးထားခဲ့တာဖြစ်ပါတယ်။ ဟုတ်ကဲ့။ မြင့်သန်းက သူဟာ ခြံစည်းရိုးခွထိုင်ထားသူ
မဟုတ်ဘူးလို့ ပြောထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

၎)
အလယ်တန်းကျောင်းသားအဆင့်သာရှိသေးတဲ့ လူးဆိုတဲ့လူငယ်တစ်ယောက်နဲ့
ကျွန်တော်လို့နာမ်စားခံထားတဲ့( မူရင်းစာရေးသူ Dai Sijie ဖြစ်ပါတယ်) တို့ ကျေးလက်ကို
ပညာပေးခံခဲ့ရတဲ့ အနေအထားနဲ့ ဇာတ်လမ်းကို စဖွင့်ပါတယ်။

တယောတလက်နဲ့ လူငယ်နှစ်ဦးဟာ လယ်သမားကြီးတွေရဲ့ ပညာပေးမှုကို စတင်ခံစားခဲ့ရပါတယ်။
တယောကို တယောမှန်းမသိတဲ့ လယ်သမားတွေဟာ အပြန်ပြန်အလှန်လှန်ကြည့်ရှုစစ်ဆေးပြီးတဲ့
နောက်မှာတော့ တယောဆိုတဲ့ ဒီတူရိယာဟာ ဘူဇွာတွေရဲ့ ကလေးကစားစရာလို့ သတ်မှတ်ပြီး
မီးရှို့လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ လူးက ၀င်ပြောပြရပါတော့တယ်။
‘ရဲဘော်ကြီး ဒါဟာ တူရိယာ ပစ္စည်းတစ်ခုပဲ ‘တဲ့။ သူ့သူငယ်ချင်းဟာလည်း ဂီတပညာရှင်လို့
ဆက်ရွှီးပါတယ်။ သူတို့အဖို့တော့ တယောဘာမှမဖြစ်ရေးဟာ အဓိက အချက်ဖြစ်နေပါတယ်။
သေချာအောင် မိုးဇတ်ရဲ့ဆိုနာတာကို တီးပြမယ်ဆိုတော့ လယ်သမားကြီးတွေက
မိုးဇတ်ဆိုတာမသိ၊ ဆိုနာတာ ဆိုတာ မသိ။ အခက်တွေ့တော့တာပါပဲ။ ဒါကိုလည်း လူးကပဲ
ဖြေရှင်းပေးလိုက်ပါတယ်။

‘ဥက္ကဌကြီးမော်အား မိုးဇတ်က သတိတရရှိနေခြင်း’တဲ့။
မိုးဇတ်က မော်ကိုအမြဲတမ်းပဲသတိတရရှိနေသလားလို့ လယ်သမားကြီးကမေးတော့
လူးက အမြဲတမ်းပဲလို့ ပြန်ဖြေပါတယ်။ သီချင်းကိုတီးပြတော့ နားမလည်ပေမယ့် သဘောကျပြီး
တယောပြန်ရသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့အလုပ်ကြမ်းတွေလုပ်ကြရပါတယ်။ သူတို့ပါလာတဲ့
နှိုးဆက်နာရီကလည်း လယ်သမားတွေအတွက် အတော်အထူးအဆန်းဖြစ်နေခဲ့ပြီးတော့
နောက်နေ့တွေမှာ တရွာလုံးကလူတွေ သူတို့တဲထဲက နာရီကြည့်ပြီးမှ လယ်ထဲဆင်းတတ်တာကလည်း
အလေ့အကျင့်ဖြစ်သွားခဲ့ပါတယ်။

ရွာကလူတွေက အနုပညာတော့ဝါသနာပါတယ်။ လူငယ်နှစ်ယောက်ပြောပြတဲ့ ရုပ်ရှင်တွေ
နားထောင်ပြီး သဘောကျလို့နေတယ်။ တစ်နေ့တော့ ရွာကနေ အသွားအပြန်လေးရက်ကြာမယ့်
မြို့ဆီကို စေလွှတ်ပြီးရုပ်ရှင်ကြည့်ခိုင်းတယ်။ ပြန်လာရင် ကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းပြန်ပြော။
ဒီအချိန်ဆို တစ်ရွာလုံးကလူတွေက တစ်နေရာမှာစုပြီး လူငယ်နှစ်ယောက်ပြောပြတဲ့
ရုပ်ရှင်အကြောင်း နားထောင်ကြရစမြဲ။ ငိုစရာရှိငို၊ ရယ်စရာရှိကြရင်း။
ဒီလိုသက်သာရာလေးတွေလုပ်နေရသလို မစင်ပုံးထမ်းရသလိုအလုပ်တွေလည်း လုပ်ရမြဲ။

ဒီလိုနေရင်းက အပ်ချုပ်သမကလေးနဲ့တွေ့တယ်။ လူးက ကောင်မလေးကို သဘောကျတယ်။
ဒါပေမယ့် ယဉ်ကျေးမှုနဲ့အလှမ်းဝေးတယ်လို့ သူကယူဆတယ်။ သံယောဇဉ်တော့ စဖြစ်သွားတယ်။

လေးလုံးနဲ့ ဆက်တွေ့တယ်။ လေးလုံးစီက ဖွက်ထားတဲ့ သေတ္တာဟာ လူငယ်နှစ်ယောက်အတွက်
စိတ်ဝင်စားစရာ။ ဒီသေတ္တာထဲမှာ တားမြစ်ထားတဲ့ စာအုပ်တွေရှိမယ်လို့ သူတို့ထင်နေတယ်။
စာနဲ့ ပေနဲ့ ဝေးနေတဲ့သူတို့နှစ်ယောက်အတွက် စာအုပ်ဟာ ငတ်မွတ်စရာ။
လေးလုံးဆီမှာရှိနေခဲ့တာတွေကလည်း စာအုပ်တွေပါပဲ။ ဒီစာအုပ်တွေကို ရနိုင်ဖို့ကြိုးစားရာက
ပြင်သစ်စာရေးဆရာ ဘော(လ)ဇက်နဲ့ တွေ့ခဲ့ကြရတော့တာပါပဲ။ လေးလုံးဆီမှာရှိနေတဲ့
စာအုပ်တွေထဲက ဘော(လ)ဇက်တစ်အုပ်သာ ရခဲ့တယ်။ ဘော(လ)ဇက်ရဲ့ ၀တ္တုလေးငါးအုပ်၊
ဗစ်တာဟူးဂိုး၊ စတန်ဒါးလ်၊ ဒူးမားစ်၊ ဖလော်ဘဲ၊ ဘော်လဒဲ၊ ရိုမိန်းရောလင်န်၊ ရူးဆိုး၊
တော်စတွိုင်း၊ ဂိုဂိုးလ်၊ ဒေါ့(စ)တို ယက်စကီး၊ ဒစ်ကင်စ်၊ ကစ်ပလင်နဲ့ အယ်မလီ ဘရွန်တီ တို့ရဲ့
စာအုပ်တွေ လေးလုံးဆီမှာရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့အဖို့တော့ ဘော(လ)ဇက်ရဲ့
စာအုပ်တစ်အုပ်နဲ့တင် အရာရာဟာ ပြောင်းလဲသွားစေနိုင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်အတွက်လည်း မမျှော်လင့်တဲ့အခြေအနေတွေကို ဘော(လ)ဇက်ဆီကနေ
ရသွားခဲ့ပါတယ်။ အပ်ချုပ်သမကလေးလည်း ယဉ်ကျေးတဲ့မြို့သူတစ်ယောက်ဖြစ်ဖို့
အဝေးကို ထွက်သွားခဲ့ပါတယ်။ ဘော(လ)ဇက်ကြောင့်ပါပဲ။ မိန်းမတစ်ယောက်ရဲ့အလှဟာ
တန်ဖိုးဖြတ်မရဘူးဆိုတာကို ဘော(လ)ဇက်ဆီက နားလည်ခဲ့တယ်လို့ အပ်ချုပ်သမကလေးက
ပြောစကားကို လူးက ပြန်ပြောပြခြင်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားခဲ့ပါတယ်။

၅)
ဇာတ်လမ်းကလေးကတော့ အဲတာပါပဲ။ တကယ်ဖြစ်ခဲ့တာတွေကို အရေးအဖွဲ့ကောင်းတဲ့
စာရေးဆရာတစ်ယောက်က ပြန်ရေးပြတဲ့အခါမှာ စိတ်ပျက်စရာတွေ၊ ကြည်နူးစရာတွေ၊
ဟာသဖြစ်စရာ၊ ကြေကွဲစရာ၊ လွမ်းဆွတ်စရာတွေကို တွေ့ခဲ့ရပါတယ်။
မြင့်သန်းကြိုပြောထားခဲ့သလို နှစ်ဦးသားညားကြလေသတည်းဆိုတဲ့ မူကိုအခြေခံပြီးရေးတဲ့
အပျော်ဖတ်ဝတ္ထုပုံစံမျိုးကို စာအုပ်မှာ တွေ့ရမှာမဟုတ်ပါဘူး။

ဘာသာပြန်စာအုပ်အနေနဲ့ အတော်ဖတ်ကောင်းတဲ့ ၀တ္ထုဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ တရုတ်စာရေးဆရာက ပြင်သစ်လိုရေးထားပြီး အင်္ဂလိပ်ဘာသာပြန်ကတဆင့်
မြန်မာဘာသာပြန်ခဲ့တဲ့အထဲမှာ ဒါပေတဲ့တို့ လိုမြင့်သန်းရဲ့လေတွေကို
သည်းခံဘေးဖယ်ပြီး ဇာတ်လမ်း၊ ဇာတ်သွားအနေနဲ့ မဖတ်နိုင်ဘူးဆိုရင်တော့….

6 Comments

  1. မိုးဆတ်
    Posted October 9, 2009 at 9:05 am | Permalink

    ဥက္ကဌကြီးမော်ကို ကျနော်သတိတရ မဖြစ်ဘူးပါခင်ဗျား
    ပုံ
    မိုးဆတ်
    အဟဲ .. နောက်တာပါ

  2. admin
    Posted October 9, 2009 at 10:15 am | Permalink

    :D
    ကျွန်တော်ဖြင့် သတိတရ ဖြစ်မနေခဲ့တာ ကြာပေါ့
    ဒီရက်ပိုင်းတော့ တရုတ်ကြီးတို့နှစ်ခြောက်ဆယ်နဲ့ တိုက်ဆိုင်နေတာမို့
    သတိရမိနေတယ်ဆိုပါတော့….

  3. K
    Posted October 10, 2009 at 1:48 pm | Permalink

    အေး..အဲဒီ ရုပ်ရှင် ကြည့်ဖူးတာပဲ.. အခုလို တယောလေးနဲ့ စာအုပ် တွေ ပြောမှ..မှတ်မိတယ်..int’l art house program ကနေ ကြည့်ဖူးလိုက်တာ ထင်တယ်..။

  4. Posted October 12, 2009 at 2:40 am | Permalink

    ချင်းတွင်းမှာ အခန်းဆက်ပါတုန်းက လစဉ်စောင့်ဖတ်ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ အဆုံးထိ မရောက်လိုက်ဘူး။ စာအုပ်တစ်အုပ် ထွက်လာတာတော့ ၀မ်းသာပါတယ်။ ကြိုက်တယ်။

  5. နေ၀ိုင်ဝိုင်
    Posted November 12, 2009 at 1:51 pm | Permalink

    ပွင့်ပွင့်လင်းလင်းပြောရရင် မော် ကို ဘာမှန်းမသိဘူးဗျ
    နာမည်ကြီးတစ်ယောက်ကို လူပြိန်းသိ သလောက်ပဲသိတာ
    တစ်ခါက တစ်နေရာမှာ မော်ကို နှစ်ဆယ်ရာစုရဲ့လူသတ်ကောင်စာရင်းမှာ သွားတွေ့တယ်
    ရွေမြန်မာက တစ်ယောက်လည်း အဲဒီစာရင်းမှာပါတယ်
    သြော် သူတို့က တန်းတူရည်တူတွေလို့ပဲ စိတ်ထဲရောက်သွားတယ်ဗျ
    နောက်တော့ အဲဒီ လက်ခံမှုက ၀ါးတားတား ပြန်ဖြစ်လာတယ်ဗျ
    မော် ဘာလဲ ပေါ့ ….
    လူသတ်ကောင်စာရင်း နဲ့ လူယုတ်မာစာရင်းကို ရောထွေးမှတ်လိုက်မိသလားပေါ့

    မော် အကြောင်းကတော့ စကားစပ်တုန်း ပြောတာပါ ။ ဒီစာအုပ်ကလေးကတော့ ကျနော်လည်း ခိုက်နေတာဗျ ။
    ဆရာတော ညွန်းတာတွေ့လို့ ၀မ်းသာရပါတယ် ။ Dai Sijie ရေးသားပေးတာကိုတွေ့လို့လည်း
    ကျေးဇူးဗျာ ။ ဒါပေတဲ့…လို့ပြောစရာမရှိအောင်ပါပဲ ။

  6. Blue Sand
    Posted November 15, 2009 at 8:51 am | Permalink

    မြင့်သန်းရဲ့ လေတွေ
    ဟား ဟား ဟား
    မိုက်တယ်

Post a Comment

Your email is never published nor shared. Required fields are marked *

*
*