တကယ့်ပြဿနာ

တကယ့်ပြဿနာက
ကမ္ဘာကြီးပူနွေးလာတာပဲ
အနောက်နိုင်ငံများက ဇလဗေဒပညာရှင်များ ဆိုတယ်
တကယ့်ပြဿနာက
အကြမ်းဖက်/အသေခံဗုံးခွဲ/အယ်လ်ကိုင်ဒါနဲ့ ဂျီဟဒ်တွေပဲ
အမေရိကန်နိုင်ငံခြားရေးမူဝါဒက ဆိုတယ်
တကယ့်ပြဿနာက
အမေရိကန်နိုင်ငံခြားရေးမူဝါဒပဲ
အရှေ့အလယ်ပိုင်းနဲ့မွတ်ဆလင်နိုင်ငံတချို့က ဆိုတယ်
တကယ့်ပြဿနာက
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းပဲ
စင်ကာပူက ဆိုတယ်
တကယ့်ပြဿနာက
လိင်ကုန်ကူးမှုတွေပဲ
မက္ကဆီကန်နဲ့ယိုးဒယားနေ ပြည်သူတွေကဆိုတယ်
တကယ့်ပြဿနာက
အရွယ်မရောက်သေးတဲ့သူတွေ စစ်ထဲလိုက်ရတာပဲ
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ဒေသက အိမ်ရှင်မတွေကဆိုတယ်
တကယ့်ပြဿနာက
မိုက်ကယ်ဂျက်ဆင်လား၊ ဘရက်တနီစပီးယားလား၊ လင်ဆေးလိုဟန်လား
အမေရိကန်ဂျာနယ်တစ်စောင်က ဆိုတယ်
တကယ့်ပြဿနာက
တကယ့်ပြဿနာကောင်တွေကြောင့်ပဲ
အဆင်မပြေတဲ့မြန်မာနိုင်ငံသားတစ်ဦးက ဆိုတယ်
တကယ့်ပြဿနာက
မီးပျက်တာ ရေမလာတာ (ဘတ်စ်)ကားစီးရတာ
ရုံးပြင်ကနားသွားရတာ
အလုပ်အကိုင်နဲ့ပိုက်ဆံက ကြာလေရှာရခက်လေဖြစ်လာတာ
ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုတယ်
တကယ့်ပြဿနာက
ဆင်းရဲခြင်းကမလွတ်ကင်းနိုင်ခြင်းကြောင့်ပဲ
ရိုးရိုးကျင့်မြင့်မြင့်ကြံ မှန်တာလုပ်ဟုတ်တာပြော
အရိုးတစ်ချောင်းသာကျန်တော့တဲ့ မိတ်ဆွေက ဆိုတယ်
တကယ့်ပြဿနာက
မီးဘေးအန္တရာယ်ပဲ
ရပ်ကွက်အတွင်းရှိလုပ်သူပြည်သူအပေါင်းက ဆိုတယ်
တကယ့်ပြဿနာက
ဟိုတရားက ဒီတရားလောက် နည်းလမ်းမမှန်တာပဲ
တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့က
(တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်)ဆိုတယ်
တကယ့်ပြဿနာက
ဖြောင့်ထားတဲ့ဆံပင် ပြန်ကောက်ဖို့ ကိုယ့်မျက်နှာနဲ့လိုက်ရဲ့လားမသိတာပဲ
သူငယ်ချင်းမော်ဒယ်မတစ်ယောက်က ဆိုတယ်
တကယ့်ပြဿနာက
မင်းတို့ အယ်လ်ပီတွေပဲ
အယ်လ်ပီမဟုတ်တဲ့ ကဗျာရေးသူအားလုံးက ဆိုတယ်
တကယ့်ပြဿနာက
ကောင်မလေးက အခုမှ အလယ်တန်းကျောင်းသူရှိသေးတာပဲ
ငြိမ်းချမ်းက ဆိုတယ်
တကယ့်ပြဿနာက
ဘုရားသခင်တွေ ပေါင်မုန့်တွေ ရိုးမတွေ ပင်လယ်တွေ
သမိုင်းတွေ ပြည်သူတွေ သူရဲကောင်းတွေ ဒဏ္ဍာရီတွေပဲ
ကိုမျိုးခိုင်က ဆိုတယ်
တကယ့်ပြဿနာက
ငရဲတို့ နတ်တို့ မြင့်မိုရ်တောင်တို့ဆိုတာ
လူ့စိတ်ရဲ့သဏ္ဍာန်ကို တင်စားထားတာတွေပဲ
ဦးခင်မောင်လေးက ဆိုတယ်
တကယ့်ပြဿနာက
ဆန်အိုးထဲမှာ ဆန်မရှိတာပဲ
သူမက ဆိုတယ်
တကယ့်ပြဿနာက
အဖေ့အရင်းအနှီးရယ် အဖေ့ယုံကြည်မှုရယ်
အဖေ့မျက်နှာရယ် သူလုပ်တတ်တာရယ် သူလုပ်သင့်တာရယ်
သူ မလုပ်ချင်တာရယ် အမြဲရှုပ်နေတာပဲ
ငါ့အစ်ကိုက ဆိုတယ်
တကယ့်ပြဿနာက
ငါ့တစ်ယောက်ထဲ ရှာနေရတာပဲ
အဖေက ဆိုတယ်
တကယ့်ပြဿနာက
နင်ပဲ
အမေက (ကျွန်တော့်ကို)ဆိုတယ်

တကယ့်ပြဿနာက
တကယ့်ပြဿနာက
တကယ့်ပြဿနာဖြစ်ခြင်း အစစ်အမှန်က
ပြောနေဖို့လိုသေးလား
ဤကမ္ဘာမြေပြင်တလွှားဝယ် သူငါများတို့ရယ်
နာမရူပ အရူပ
“သူ” “ငါ” များတို့ရယ်
ကျွန်တော်က ဆိုချင်ပါတယ်။    ။

မောင်ယုပိုင်
နှစ်ထောင့်ကိုးနှစ်ဦးပိုင်း

  1. တကယ့်ပြဿနာက
    တကယ့်ပြဿနာဖြစ်ခြင်း အစစ်အမှန်က
    ပြောနေဖို့လိုသေးလား…

    ကဗျာလေး ဖတ်ရတဲ့ အတွက် ကျေးဇူးပါ ဆရာ။

    • PT
    • November 28th, 2009

    တကယ့်ပြဿနာက HDD interface pin လေးတစ်ချောင်း ကျိုးသွားတာပဲ။ ခုထိ ဘာမှလုပ်လို့ မရသေးဘူးဗျာ။ လကုန်မှ တစ်ခုခုစဉ်းစားရမယ်။

  2. တကယ့်ပြဿနာက…တကယ့်ပြဿနာက..အမေငြိမ်းချမ်းစေချင်သလိုမငြိမ်းချမ်းပဲ သက်ပြင်းတွေ အခါခါချနေရတဲ့ တောလူသစ် ပါပဲ.

  3. မောင်ယုပိုင်ကဗျာတွေ ကြိုက်တယ်ဗျာ။ တင်ပေးတာ ကျေးဇူး။ မဂ္ဂဇင်းပေါ်မှာ ဖတ်ခွင့်ရမယ်မထင်။ :D

    • nay y y
    • November 28th, 2009

    တကယ့်ပြဿနာတွေတက်နေတဲ့
    တကယ့်ပြဿနာဆရာ
    နေထိုင်ကောင်းပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်…

  4. လောလောဆယ်တော့ အိမ်စာတွေ မလုပ်ဖြစ်ပဲ blog တွေလိုက်လည်ဖြစ်နေတာတကယ့်ပြဿနာပဲ.

  1. No trackbacks yet.