“တရားခံဟာ ညအမှောင်ထဲမှာ ခြံဝင်းထဲ ပြေးဝင်သွားတယ်၊ ၀င်းထရံကို ကျော်တက်တယ်၊
သူ့ခြေထောက်ကို ဆွဲထားတဲ့ အစေခံကြီးကို ကြေးကျည်ပွေ့နဲ့ ရိုက်ချလိုက်တယ်၊
အဲဒီနောက်မှာ သူက ၀င်းထရံပေါ်က ခုန်ဆင်းပြီး ….”
- အဲဒီမှာ ထည့်သွင်းစဉ်းစားရမှာက ၀င်းထရံနဲ့ တရားခံရဲ့အပြုအမူ
ကျွန်တော်ဟာ တရားခံဘက်မှာ ဘယ်လို တရားလို
ဘယ်လို တရားတွေလိုနေတာကြောင့် တရားခံ ဖြစ်ရတာလဲ
တရားလိုတွေဟာ တရားခံတွေရဲ့ အခြားတစ်ဘက်မှာ အမြဲရှိနေတတ်သလား
တရားလိုတွေ လိုနေတဲ့ တရားဟာ တရားရဲ့လား
သတင်းမီဒီယာတွေပေါ်က ‘ရာဇ၀တ်ကောင်’ ဟာ လိမ်ညာခိုးယူ
လူသတ်၊မုဒိန်းကျင့် တကယ် ပြု ခဲ့ သူ လား၊ ဒီအတိုင်းသာမှန်ရင် သင်ဟာ တရားခံအဖြစ်
ကိုယ်တိုင်ထွက်ဆိုမသင့်ဘူးလား၊ ‘ကန့်ကွက်ပါတယ် တရားသူကြီးခင်ဗျား’
“ကန့်ကွက်ပါတယ် ဆက်ပြောနိုင်ပါတယ်”
ဒီမှာရှိနေတဲ့ အသိုင်းအ၀ိုင်းက လူကြမ်းလူရမ်းတစ်ယောက်အဖြစ်ကို တွန်းပို့နေပြီး
လက်လည်း လက်ခံထားကြတယ်။ ပညာရှိတရားသူကြီးရဲ့ အိမ်မှာလည်း ကောင်းစွာ
လက်ခံ ခဲ့ပါတယ်။ (ပရိသတ်ကြီးအတွင်းမှ ရယ်သံများ ထွက်ပေါ်လာ) ( ရယ်သံများ )
၎င်း၏ဇနီးသည်၏ ဆန္ဒအရ လက်ခံနေရကြောင်း ကျွန်ုပ်တို့အားလုံးပင်
သိရှိကြပါသည်။ အဂတိတရားခံနဲ့ ခံနေတဲ့ တရားခံဟာလည်း တရား လိုနေပါတယ
တရားခံရဲ့ စရိုက်အပြုအမူနဲ့ အမှုသွားအမှုလာရဲ့ အခြေခံသဘောတွေဟာ
ဘယ်သူ့သဘောမှာ အခြေခံ၊ မိမိအမှုကို ဘယ်သူ ပြုနေပြီလဲ၊ တရားခံရဲ့ မတရားတဲ့စရိုက်ကို
လိုသလို ပြုမူနေတဲ့ တရားလိုဟာ ဘယ်လို တရားလိုနေလဲ။ ဟိုဖက်ရော ဒီဖက်ရော
ထိုးမိနိုင်တဲ့ နှစ်ဖက်ချွန်စိတ်ပညာ( ရယ်မောသံများ ) ကျွန်တော်ဟာ အပြောကောင်းသူတစ်ယောက်
မဟုတ်ပါဘူး ခင်ဗျား၊ အခြားတစ်ဖက်က လှည့်တွေးကြည့်ပါ၊ သူတို့ ထွက်ဆိုတာတွေ
အော်ကြ ဟစ်ကြတာတွေ၊ တိထားတဲ့ ရုပ်တိ၊ သူတို့ ယုတ်တာလို မဟုတ်ဘဲ ကျွန်တော့်
ယုတ္တိ ယုတ္တာကို တည်ဆောက်ပါမယ်။ - တစ်ချိန်မှာတော့ ကော့ကေးရှပ်လင်းယုန်ကြီး၊ နောက်တစ်ကြိမ်မှာ မျက်မမြင်
ခွေးကလေး၊ တကယ်အသက် သေမသေ သက်သေဘက်က
သေချာပြီလား၊ အသက်သေဘက်က သက်သေတွေ တိုးတိုးလာနေ၊ လက်ကိုင်ပ၀ါကသွေးကွက်
ဟာ အသက်သေတာ ပြနေတယ်ဆိုလား၊ သွေးရောသေချာလား၊ အဲဒီပ၀ါဟာ သူ့လက်ကိုင် ဟုတ်ရဲ့လား
အဲဒီ ကြေးကျည်ပွေ့နဲ့ရိုက်ကြောင်းပဲ အထပ်ထပ်ပြောနေကြ၊ ‘အဲဒီ ကြေးကျည်ပွေ့နဲ့ရိုက်ကြောင်းပဲ
အထပ်ထပ်ပြောနေကြ’ ဆက်တိုက် ဆက်တိုက်
မရိုက်ခဲ့တာကို ဘာလို့ သတိမရကြတာလဲ(သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်)
သူ့ခြေရာတွေနဲ့ အခင်းဖြစ်ပွားရာနေရာဟာ ခြေလှမ်းအားဖြင့် အတော်ကွာဝေးပါသေးတယ်
ဘာပဲဖြစ်ဖြစ် သူအခုထိ အသက်ရှင်လျက် ဒီနေရာမှာ ရှိနေသေးတာဟာ အကောင်းဆုံး သက်သေပါပဲ’
အင်မတန်လေးနက်တဲ့ ပုဂ္ဂိုလ်တွေတောင် စိတ်ကူးပုတ်နေတဲ့ ကိုယ်တွေနဲ့ လေးတွဲပြီး
နက်ဝင်သွားစေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
လူကြီးမင်းတို့ရဲ့ အဇ္ဈတ္တသဏ္ဍာန်နဲ့ ဗဟိဒ္ဓသဘောဟာ ဆန့်ကျင်နေပါတယ်
သတိပေးခေါင်းလောင်း တော်တော်နှင့် မထိုးနိုင်ပါ။ တရားခံအကျိုးဆောင်၏ လျှောက်လဲချက်
အပြည့်အစုံကို ကျွန်ုပ်ဖေါ်ပြမည် မဟုတ်ပါ။
မောင်ယုပိုင်

One Comment
ဘာလို့ဒီကဗျာကို ကြိုက်မိပါလိမ့်….?
စဉ်းစားလိုက်ပါဦးမယ်။ ကြိုက်တာတော့ ကြိုက်တယ်။
One Trackback
[...] တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုရန်အတွက… [...]