ချူးချူးကိုချစ်ဖို့အရေး

Filed under ကဗျာ

အိဖြူကို ဘယ်သွားထားမလဲ၊ လှည့်ဖျားလိမ်ညာထားလို့ရသည်ထားဦး
ချူးချူးကို ဖွင့်ပြောရဲပြီလား၊ ညီမလေးလိုချစ်ကြောင်းပြောပြီးပြီ၊ နှုတ်ခမ်းနီမလေးအကြိုက်တွေ
အများကြီးပြောပြီးပြီ၊ ယောင်္ကျားဘက်ကမာယာတွေလည်းကုန်သလောက်ရှိသွားပြီ၊ ရိုးရှာတယ်ပြောမလား
လည်လွန်းအားကြီးတယ်ဆိုမလား၊ ဟုတ်ကဲ့ ဟုတ်ကဲ့ပါနဲ့ အင်းနဲ့ အဲပဲလုပ်တယ်၊ အဲဒါက
လူကိုဆယ်ကျော်သက်လို ပြန်ရူးစေတယ်၊ ရှေ့ဆက်မတက်ရဲတဲ့ အကြောင်းအရင်းတွေထဲမှာ
ဒီမြို့အနေအထားမှာ လုပ်ငန်းရှင်အကြီးကြီးမဟုတ်တောင် လူငယ်ဓနရှင်လောက်မှ မဟုတ်ရင်
ယောင်္ကျားတစ်ယောက်ကိုချစ်ခင်တယ်ဆိုတာ ချယ်တီထဲမှာပဲဖြစ်မှာ၊ ဂျီတွဒ်ထဲက စကားလုံးတွေအပေါ်မှာ
သာယာမလို့လား အယ်လ်ပီကဗျာဆရာ၊ ဟားဟား၊ ငါငိုချင်လာတယ်၊ ငါ့ဇာတ်လမ်းကလည်းကွာ
ပဒေသရာဇ်ခေတ်ကမတက်သေးပါလား မိုက်ရိုင်းရိုးစင်းလှချည်လား၊ ငါသိပြီ၊ ငါ့လုံးချင်းကဗျာစာအုပ်နှစ်အုပ်က
ကုတ်နဲ့ဘာဂါတစ်တွဲလောက် သူမ ဟာ့တ်ကို မထိရောက်စေတာ အံ့ဖွယ်သုတ ငါသိရပြီ၊ ဒီနေ့ချစ်တယ်ပြောပြီးရင်
မနက်ဖြန်ရရာအလုပ်ဝင်လုပ်ပေတော့၊ ဂိုဂဲလ်က ငါ့နာမည်ကိုသိနေတာအသာထား၊ စာအုပ်ပေါ်ပုံနှိပ်ဖေါ်ပြပြီးရင်
အီးဘွတ်ဘလော့တွေပေါ်ရောက်ပြီးသားဖြစ်နေတဲ့ ငါ့အောင်မြင်မှုတွေ ခဏဘေးချိပ်ထား၊ ငါ့လုပ်ငန်းအတွေ့အကြုံကို
မေးနေတာ ငါ့အရည်အချင်းကိုသိချင်နေတာ ငါ့ရာထူးအဆင့်အတန်းကို စိတ်ဝင်စားနေတာ၊ ဘာတဲ့
လက်ရှိအလုပ်အကိုင်ရှိမရှိသိချင်တာ ဟုတ်လား၊ ဟားဟား ရတာပေါ့၊ သိပ်ရတာပေါ့၊ ဘယ်ကုမ္ပဏီမှာ လစာဘယ်လောက်နဲ့
ဘလာဘလာဘလာပေါ့၊ ဖုတ်ပူမီးတိုက် မျက်နှာလေး လေးငါးထောင်ဖိုးပြေးသစ်၊ ဒိုက်အကြိမ်လေးဆယ်လောက်ကောက်ထိုး၊ (ခပ်ပေါ့ပေါ့ပေါ့ပ်မြူးမြူးမြူးဇစ်ဆောင်းဘောက်နဲ့ဖွင့်မုဒ်သွင်းထား)
ရေမိုးချိုး မီးကြွေအိုးထိုးပြီး ဈေးလည်းကြီးသစ်လည်းသစ်မှတော့ ဆွဲဆောင်မှုမရှိမှာ စိတ်ပူစရာမလိုတဲ့
ရှိစုမဲ့စုအ၀တ်တစ်စုံကောက်ဆင်ပြီး တမင်တကာအကွက်ချကြံစည်ပြီး တိုက်တိုက်ဆိုင်ဆိုင်အင်တာနက်ဆိုင်လာချိန်
မျက်နှာချင်းဆိုင် တွေ့ကြသလိုလိုဘာလိုလို “ဟယ်” “ဟာ” မာယာသုံးနှုတ်ဆက်၊ သူပြုံးပြီဆို ကိုယ့်ဖက်
၇၀ရာခိုင်နှုန်းပဲ၊ ဆိုင်ထဲအတူတူဝင် နံရံကာတစ်ချပ်ခြား ရှေ့မျက်နှာနောက်ထားပြီး “ဟိုင်း နေကောင်းလား”ကပဲ
စကြတာပေါ့၊ “နင့်နဲ့တွေ့ရတိုင်း ငါကြည်နူး(သို့)ပျော်ရွင်(သို့)ကျေနပ်တယ်ဟာ”က မပါမပြီး၊ “ပြန်ဦးမယ်နော် ”
“အိမ်မှာလုပ်စရာလေးရှိသေးလို့ ဂွဒ်နိုက်နော်”နဲ့ အဆုံးသတ်ပေါ့၊ သိပ်ရတာပေါ့၊ ဟားဟား၊ ‘ဒါပေမယ့် ဒါပေမယ့်
သိပ်မရယ်နိုင်၊ အရင်းအနှီးကြီးသလောက် လိုရင်းမှမရောက်ဘဲ၊ အိမ်ရောက်တော့ မင်းသားခေါင်းစွပ်ကြီးချွတ်ပြီး
ဦးကျောက်လုံးတစ်ယောက် ကြည်ကြည်ဌေးလိုကြွေတာပေါ့၊ အိဖြူ ! မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး၊
သခင့်ဆီ အပြေးပြန်လာပြီ အချစ်ကလေးဆီ။    ။

မောင်ယုပိုင်
၂၀၀၉ခုနှစ် နိုဝင်ဘာလ။

5 Comments

  1. Posted December 8, 2009 at 7:15 pm | Permalink

    ကဗျာတဲ့လားဗျာ။ အက်ဆေးဆိုရင် ပိုမမှန်ဘူးလားဗျ။ အဆုံးသတ်လေးကို ကြိုက်ပါတယ်။ အော် အဆုံးသတ်ခါနီးလေးကို ပြောတာပါ။

  2. Posted December 8, 2009 at 9:42 pm | Permalink

    ဘယ်လိုထင်ထင် ကိစ္စတော့ မရှိပါဘူး ထင်ပိုင်ခွင့်လည်းရှိသင့်တာပေါ့.
    ကျနော်ကတော့ အက်ဆေး လို ကဗျာလို ခံစားရပါတယ်.
    ကဗျာ ဆိုလည်း ကဗျာ ပေါ့ အက်ဆေးလိုလဲ အက်ဆေးပေါ့..
    အွန်လိုင်းပေါ်က ချစ်ပုံပြင် ကတော့ ဖြစ်ရပ်မှန်ပါ့…ကိုယုပိုင်.

  3. Posted December 9, 2009 at 12:22 am | Permalink

    ရေးတဲ့လူက ကဗျာဆိုမှတော့ ကဗျာပေါ့ဗျာ..။ ကိုယ်မွေးဖွားလိုက်တဲ့ သာသမီး ကိုယ်ပေးချင်တဲ့ နာမည်ပေးပေါ့။
    ပေါက်ကွဲနေသလားလို့ ကဗျာရေးတဲ့အချိန်…

  4. Posted December 11, 2009 at 12:38 pm | Permalink

    မသိရင် ၀င်မပြောနဲ့လေ။ ကဗျာဆရာက ကဗျာဆိုရင် ကဗျာလို့ပဲမှတ်လိုက်ပေါ့ဗျာ။
    မောင်ယုပိုင် ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။

  5. Posted December 11, 2009 at 12:57 pm | Permalink

    ချူးချူးကိုချစ်ဖို့အရေးကဗျာလေးကို ကျွန်တော့် ကဗျာဘလော့လေးမှာ ဖော်ပြချင်လို့လင့်ယူသွားပါတယ်။

One Trackback

  1. [...] ချူးချူးကို ချစ်ဖို့အရေး [...]

Post a Comment

Your email is never published nor shared. Required fields are marked *

*
*