ဘာလိုလိုနဲ့ တစ်နှစ်ကုန်ဆုံးတော့မယ် ဆိုပေမယ့် ဘာလိုလိုဆိုတာ ဘယ်လို၊ ဘာလိုလိုဆိုတာ ဟိုလိုလိုဒီလိုလို လုပ်ရင်း တစ်နှစ်ကုန်သွားပြန်တာကို ဆိုလိုတာလား၊ ဟုတ်ပါတယ်၊ ငါ့အတွက်ကတော့ ဘာလိုလိုနဲ့ပါပဲ၊ နေထွက်က နေ၀င်၊ ဒီအရုပ် ဒီအသံ ဒီရနံ့၊ အလွတ်ရနေတဲ့ ဒီနေနည်းထိုင်နည်းနဲ့ပဲ ဒီလူမှုပတ်ဝန်းကျင်မှာ အလေ့အကျင့်ဖြစ်နေတဲ့ ငါ့နေ့စဉ်ဘ၀အတွက်တော့ တစ်နှစ်တာဟာ ဘာလိုလိုပေါ့၊ ဘာရယ်မဟုတ်သော ဘာမှမဟုတ်သော မဟုတ်ရင် ဘာမှမဟုတ်သော ဘာရယ်မဟုတ်သောပေါ့၊ ဆိုလိုတာက ဒီလိုနဲ့ပဲ ငါဟာ လူရွယ်/လူလတ်ပိုင်းထဲ ၀င်တော့မယ်
ဘာလိုလိုနဲ့ ငါနေထိုင်ဖြတ်သန်းနေစဉ်မှာ အံဖွယ်သရဲလိုလို၊ သွေးပျက်ဖွယ်ရာလိုလို၊ ကြည်နူးမောဟိုက်ဖွယ်ရာလိုလိုတွေ ကမ္ဘာမှာ ဖြစ်ပွားခဲ့တယ်၊ မြန်မာမှာဖြစ်ပွားခဲ့တယ်၊ အော်စကာဆုယူတဲ့သူကလည်း ယူပြီးသွားပြီ၊ ပူလစ်ဇာဆု ယူတဲ့သူကလည်း ယူပြီးသွားပြီ၊ နိုဗယ်ဆိုယူတဲ့သူကလည်း ယူပြီးသွားပြီ၊Man of the year ဖြစ်မယ့် လူကလည်း ဖြစ်ပြီးသွားပြီ၊ စစ်ပြီးတဲ့နိုင်ငံကလည်း ပြီးသွားပြီ၊ စစ်အေးလွန်ကာလကျရောက်တဲ့ နိုင်ငံကလည်း ကျရောက်သွားပြီ၊ စစ်ဖြစ်တဲ့နိုင်ငံကလည်း ဖြစ်သွားပြီ၊ တိုက်ဆောက်ကားစီးနေသူတွေ နောက်ထပ်တိုက်တွေ ကားတွေ ထပ်ဆောက် ထပ်စီးနေပြီ၊ လစာရာထူးတိုးသူက တိုးသွားပြီ၊ အလုပ်အကိုင်/အိမ်ထောင် အတည်တကျရသူက ရသွားပြီ၊ ဒါမှမဟုတ် ဘ၀ပျက်သူပျက် ဘ၀ပြောင်းသူပြောင်း၊ ယုတ်စွဆုံး ငါ့အိမ်ကကြောင်ကလေးတောင် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ပြီးသွားပြီ၊ ဆိုတော့ ငါက အဲဒီတုန်းက ဘာတွေ လုပ်နေခဲ့သလဲ၊ ကဗျာတွေရေးနေမယ်၊ ကွန်ပျူတာရှေ့ ထိုင်နေမယ်၊ တီဗွီရှေ့မှာထိုင်နေသော လူငယ်တစ်ယောက်၊ လက်ဖက်ရည်ဆိုင်တွေ ထိုင်နေရင်း လူငယ်တစ်ယောက်ဟာ ဘာလိုလိုနဲ့ပဲ အောင်မြင်တဲ့ ကဗျာဆရာဘ၀ရပြီလား ဆိုတော့ ဘာလိုလို၊ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ဖြစ်ရဲ့လား ဆိုတော့လည်း ဘာလိုလိုညာလိုလို၊ ဒီလိုသိ ဒီလိုတတ်နေရင် ဒီနိုင်ငံရပ်ခြားကို ဒီလိုသွား ဒီလိုနေ ဒီလိုလုပ်၊ ဒီလိုလစာတွေရလာမှာ သေချာနေတဲ့အခါကျရင် ငါဟာ ဘာလိုလိုမဟုတ်တော့ဘူး ဆိုပေမယ့် ဒီလိုသိ ဒီလိုတတ် နေတာက လွဲလို့ ဒီအရပ်မှာပဲ ဘာလိုလိုနဲ့မကျွတ်မလွတ်နိုင်၊ ဟိုလူဘေးမှာထိုင် ဒီလူအကြောင်း ဘုပြောလိုက်၊ ဒီလူဘေးမှာထိုင် ဟိုလူအကြောင်း ဘုပြောလိုက်၊ တစ်မြို့လုံး ပြေးကြည့်လို့မှ မောင်ချောနွယ်ကိုသိဖေါ်ရတဲ့ တစ်ယောက်တည်းသော ငြိမ်းချမ်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ ရည်းစားလည်းမကျ လင်မယားလည်းမကျ ဘာဂလိုတိုတိုလေးတစ်ယောက်နဲ့ဇာတ်မျှောရင်း မဂ္ဂဇင်းမှာ ကိုယ့်ကဗျာတွေမျှော်လိုက်၊ ကိုမိုးဝေးတို့ဆီက ပါဆယ်တွေ မျှော်လိုက်၊ နေ၀ိုင်ဝိုင်ရဲ့အီးမေးလ်ကို မျှော်လိုက်၊ ဘာလိုလို့ လိုနေမှန်းမသိတဲ့ ငါဆိုတာ ၀န်ခံရင်း ဒီတစ်နှစ်ပတ်လုံးလုံး အတွင်း လွန်လေပြီးသော ၂၅နှစ်လုံးလုံး မရရှိခဲ့တဲ့သိမှုနဲ့ မြန်မာစကားပုံတွေ^ဆိုရိုးတွေ ပြန်ဖတ်ခဲ့၊ ထင်းရှူးပင်ရိပ်က ပြန်စခဲ့၊ ဆဠမတန်းသင်္ချာမှာ အခက်တွေ့လို့ စတုတ္တတန်းအထိ ပြန်ဆင်း အဖြေရှာတွက်ချက်ရသူလို ကူရိုဆာဝါက ပြန်စခဲ့၊ နျူးမယ်တယ်လ်တွေအထိရောက်ပြီးမှ စိုင်းခမ်းလိတ်ကို ပြန်ဖွင့်ကြည့်ခဲ့၊ ဒီကနေ့ ငါ့ပညာရဲရင့်မှုဆိုတာ လွန်ခဲ့တဲ့ အနှစ်လေးငါးဆယ်က သူတို့ကြားရင် ရယ်လိမ့်မလား၊ ဝေါ့ဒစ္စနေ၊ ပရက်စလေ၊ အင်ဒီဝါးဟိုးလ်၊ မြို့မငြိမ်း၊ ဦးအေးမောင်(ဗုဒ္ဓ၀ါဒကျမ်းပြု)၊ ခင်ဝမ်း၊ ဖေါ်ဝေး၊ မြေချစ်သူ၊ ဆရာသမားတွေ များလှပါတယ်၊ အခုမှ အ သုံးလုံးက ပြန်စ, ရသလို နေထိုင်ရင်းတွေးခေါ်ရင်း တွေးခေါ်ရင်းနေထိုင်ရင်း တွေးခေါ်နေထိုင်သူအဖြစ် နေထိုင်နေရင်း တိုင်းပြည်မှာ မုန်တိုင်းကြီးတစ်ခုဝင်ခဲ့တယ်၊ (နေထိုင်နေသူတွေ) သေကုန်ကြ၊ ကြေကုန်ကြတယ်၊ သမိုင်းဝင်အဖြစ်ဆိုးကြီးကျရောက်ခဲ့ပေမယ့် ငါ့တစ်ယောက်ကတော့ ဘာလိုလိုအနေအထားက မပျက်၊ စူပါမင်းလည်းမဟုတ်၊ နာဂစ်ရဲ့သဘာဝတရားကို အပြစ်ရှာစရာလည်းမရှိ၊ စီတန်းထားတဲ့ကလေးအလောင်းတွေကို ကြည့်ပြီး ဒီမြင်ကွင်းထက် ထိခိုက်နိုင်စရာလည်း မဖွဲ့နွဲ့တတ်တော့၊ မဖွဲ့ချင်မနွဲ့ချင်တော့၊ နှုတ်ဆိတ်ဆွံ့အ တုံဏှိဘာဝေနဲ့ အဲဒီတုန်းက ဘာလုပ်ရမှန်းလည်းမသိ၊ ဘာလိုလိုနဲ့ပဲ ကိုးရီးယားကားလေးလည်း ကြည့်မိ၊ ရယ်စရာပါတော့လည်း ရယ်မိ၊ ထမင်းနှပ်မှန်နေတော့လည်း သွေးသားက ယားနာမိ၊ စိတ်/ကပြောင်းလဲချင်မိ၊ “ဒီနေ့ကြည့်ကောင်းနေပါလား” အပြောခံချင်မိနေတော့လည်း မျက်နှာသစ်ဆေးအကောင်းစားလေး သုံးမိ၊ ၀တ်ကောင်းစားလှလေးဝတ်မိ၊ သွားကျန်းမာရေးမကောင်းတော့လည်း ဆေးသွားတိုက်ဆေးဝယ်သုံးမိ၊ တစ်နေကုန် ရုပ်မြင်သံကြားရှေ့ ထိုင်နေမိတော့လည်း လေ့ကျင့်ခန်းလေးဘာလေးလုပ်ပေးမိ၊ အစာလည်းဆေး ဆေးလည်းအစာ လုပ်နေမိ၊ အဲဒီလိုနေဖို့ကလည်း တစ်ယောက်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရခြင်း မရှိမှ၊ အလုပ်မရှိ အကိုင်မရှိဖို့ကလည်း ဒီလိုဘာလိုလိုနဲ့ပဲ နေချင်ဦးမှ၊ ဒီလို ဒီလို ဘာလိုလိုနဲ့မှပဲ အဆင်ပြေမယ့်ငါက၊ အဆင်မပြေတဲ့ငါက ဘာလိုလိုနဲ့ပဲ ဒီတစ်နှစ်၊ ဒီတစ်ရက်၊ ဒီအချိန်၊ ဒီကဗျာ၊ ဒီစာသားအထိ။ ။
မောင်ယုပိုင်
၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉။

6 Comments
ဘာလိုလိုနဲ့ ကဗျာလာဖတ်ဖြစ်သွားပြီး၊ ဘာလိုလိုနဲ့ မန့်သွားပါတယ်..။
ဩော်၊ ဘာလိုလိုနဲ့ ပြန်ပြီဗျို့
မောင်ယုပိုင် = အင်မတန်ရိုင်းစိုင်းသော ကဗျာဆရာ ….။
ကဗျာကို အလွဲသုံးစားလုပ်ပြီးရိုင်းစိုင်းမှုကို ဖော်ပြချင်တယ်ဆိုရင်တော့ ခင်များ ကဗျာမရေးဘဲ ကိုယ်နဲ့တန်တာတစ်ခုခုလုပ်ဖို့ကောင်းတယ်။
Ref: (To my dear friends by Mg Yu Paing)
http://www.tyalife.com/search/label/%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%9A%E1%80%AF%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9
ဗုဒ္ဓေါ… ကဗျာလားဗျ။ ကဗျာလို့ သဘောထားပြီး ဖတ်သွားပါတယ်ဗျာ
မော်ဒန် တွေသိပ်နားမလည်ဘူးဗျာ ဒါပေမဲ့ ဘာလိုလို နဲ့ ဒီလိုဒီလို မန့် မိသွားပြန်ပြီ
မောင်ယုပိုင်=အင်မတန်ရိုင်းစိုင်းသောကဗျာဆရာ တဲ့လား
မှန်လိုက်တာဗျ
ခက်တာက သူကလည်း ဒါကို ၀န်ခံထားတာလေ၊ သူဆိုးတဲ့အကြောင်း
သူ မကောင်းတဲ့အကြောင်းတွေ ရေးထားတာပဲ
ဒါကို ကိုယ်က သွားပြောနေရင် သူက ပိုတောင်အောင်မြင်သေး
ဂျောက်ဂျက်သီချင်းကြားဖူးလား
အေး ရိုင်းတယ်ထင် ရိုင်းတယ်ပဲကွ ဆိုတာ၊
မောင်ယုပိုင်ကို ရိုင်းတယ်ထင်ရင်လည်း သူက ပြန်အော်လိမ့်မယ်၊
ဘာတဲ့၊ အမှန်တရားဆိုတာ အနာပေါ်တုတ်ကျတာတဲ့
တခါတလေအမှန်တွေပြောတော့ နာတတ်ကျတယ်၊ ရိုင်းသလိုဖြစ်သွားတတ်တယ်
ဒါပေမယ့် အမှန်တရားကိုဖေါ်ထုတ်ဖို့ကလည်း ဒီတစ်နည်းပဲရှိတတ်တယ်
အမှန်အတိုင်းဖေါ်ပြတဲ့ရိုင်းစိုင်းမှုဟာ လိမ်ညာလှည့်ဖျားထားတဲ့ကြောင်သူတော်တွေထက်တော့ အများကြီး ပိုကောင်းမယ်ထင်ပါတယ်
One Trackback
[...] ဘာလိုလိုနဲ့ ကဗျာတစ်ပုဒ် [...]