ဒေါသသင့်ဂရပ်ဖတီများ

Filed under ကဗျာ

တစ်ယောက်တည်း လျှောက်သွားနေတယ်။ ဒါပေမယ့် ၁၉ရာစုပါရီက တောသားအနုပညာသည်လိုတော့ မဟုတ်ဘူး။ မြို့ပြညရဲ့ လမ်းမများထက် တစ်ယောက်တည်း။ ဒါပေမယ့် ဂျင်းဘောင်းဘီကို တမင်တကာ ဆုတ်ဖြဲပြီးလျှောက်နေတဲ့ ဘိ(တ)ဂျင်နရေးရှင်းချာတိတ်တစ်ယောက်လည်း မဟုတ်ဘူး။ “တစ်ယောက်တည်း လျှောက်သွားနေတာကို” မြင်တိုင်း တစ်ယောက်တည်းလျှောက်သွားနေတတ်တဲ့ ခေတ်ပေါ်ကဗျာဆရာ လက်သင်တစ်ယောက်ရဲ့ မနူးမနပ်ကဗျာအဖွင့်လို့ မမှတ်လိုက်နဲ့။ မဟုတ်ဘူး။ အဲဒီ”မြိတ်”ဆိုတဲ့ မြို့ပြလမ်းမများပေါ်မှာ အူမလည်းတောင့်လျက်၊ အခုလှည့်ပြန်လိုက်ဖို့ “အိမ်”လည်းအဆင်သင့် ခြေလမ်းလေးငါးဆယ်လမ်း လှမ်းလိုက်ရုံနဲ့ နိုင်ငံတကာက သူငယ်ချင်းတွေ အင်တာနက်ကဖေးမှာ စောင့်ကြိုလျက်၊ အဲဒီကြားက တစ်ယောက်တည်း လျှောက်သွားနေတာပါ။ တစ်ယောက်တည်း လျှောက်သွားနေတာမြင်တိုင်း အရူးနှစ်သိမ့်စိတ်ငြိမ်ဆေးတော့ လာမကျွေးနဲ့။ ဒိန်ခဲကို သူရွေ့ငါရွေ့ ရွေ့တဲ့အကြောင်းလောက်တော့ လာမပြောနဲ့၊ ပေသီးခပ်သွက်သွက်ခေါက်ဖို့ ငါးကြီးကြီးဖမ်းဖို့ ကွန်ချက်တွေနဲ့ လာမငြိကြနဲ့။ စိတ်ညစ်တဲ့အထဲမှာ လူဝတ်ကြောင်နဲ့ ကတုံးတုံးနေရမယ်ဆိုတဲ့ အသံချဲ့စက်က တရားမျိုးလည်းပါတယ်။ လူကြားထဲရောက်မှ ဖုန်းထုတ်ဆက်စရာပေါ်လာတာ ငါငယ်ငယ်တုန်းက လုပ်တာ။ ပေးတာယူ၊ ကျွေးတာစားတဲ့မိန်းကလေးတွေ အရှက်အကြောက်မရှိ ဆိုင်ကယ်ပေါ်ခေါ်တင်လာတာ ငါရှေးရှေးတုန်းက လုပ်ခဲ့တာပါကွာ။ ငါပြောသားပဲ ငါဟာ ခပ်ညံ့ညံ့ကောင်ပါဆို။ ဟုတ်ပါတယ် ခင်ဗျားလိုမှ ဂေါ့ဒ်ဖားသားကြည့်ပြီး ဂျွန်ဝူးကားမကြိုက်တတ်ဘဲ၊ မဖတ်နိုင်တဲ့စာအုပ် လက်ကြားမညပ်ပြ တတ်ဘဲ၊ မလုပ်နိုင်တဲ့အရာကို သင်္ကြန်အမြောက်မဖေါက်တတ်ဘဲ၊ မင်းတို့လိုမှ ဂဲလ်ဖရင်းဆီက အင်ဖေါ်မေးရှင်းနဲ့ အီစီကလီချယ်တီတက်ကနိုလော်ဂျီနောက် မလိုက်တတ်ဘဲ။သေချာပါတယ် ဒင်းတို့နဲ့စာရင် လူညံ့ပဲအမြန်ဆုံးဖြစ်ရပါလိုတယ်။ အားလုံး မေးငေါ့နှခေါင်းရှုံ့တဲ့ ကဗျာဆရာပဲ ဘ၀အဆက်ဆက် ဖြစ်ရပါလိုတယ်။ ဒါပေမယ့် ပုဆိုးအနွမ်း၊ လွယ်အိပ်အနွမ်း၊ ဆေးလိပ်တိုအနွမ်းနဲ့ လက်ဖက်ရည်မဟုတ်ရင် ဘုံဆိုင်အနွမ်းမှာ အတွေးအနွမ်းတွေနဲ့ ထိုင်နေသူ တစ်ယောက်လို့ သရုပ်မဖေါ်လိုက်နဲ့။ ဒါနဲ့ပဲ ကိုယ့်လုပ်စာအားလုံးထိုင်စားနေရတဲ့ ပင်လယ်ဓါးပြ တစ်ယောက်လို ဆံပင်ရှည် တလူလူလွှင့်နဲ့ ကဖေးဆိုင်မှာ သွားထိုင်နေမယ် မဆိုလို။ မဆိုလို ဆိုပေမယ့် အမှန်တရားနဲ့လွတ်လပ်မှု အတွက်တော့ သတ္တိရှိရမယ်လို့ ဆိုလိုတယ်။ ဆိုလိုတဲ့အထဲမှာ ဖားသူငယ်အမှန်တရားနဲ့ ဟစ်ပီဆန်ဆန်/ကိုယ်လွတ်ရုန်း/ထွက်ပြေးမှုဝါဒီလွတ်လပ်မှုမျိုးတော့ မပါဝင်ပြန်ပါ။ မပါဝင်ပြန်မှတော့ တစ်မြို့တည်းသားကဗျာဆရာများအပါအ၀င် ငါ့ဆို ၀င်မပါရ ဖြစ်ရပြန်ပေါ့။ အဲဒီလို အပြောအဟောလည်း မကောင်း၊ အနေအထိုင်လည်းမတတ်၊ လူမှုရေးကလည်းညံ့၊ ရင်သပ်ရှုမောဖွယ် ကမ္ဘာအပြားကြီး ကိုလည်း ခံစားရကောင်းမှန်း မသိမှတော့ အန္ဓ၊ လူပြိန်း၊ ခပ်ညံ့ညံ့လူငယ်တစ်ယောက် ကျိန်းသေပဲပေါ့။ ခပ်ညံ့ညံ့လူငယ်တစ်ယောက်ဟူ၍ အများ၏သဘောတူညီမှု အပြင် အုပ်ထိန်းသူများ၏ထောက်ခံချက်အရ သတ်မှတ်လိုက်ကြလေသည်ပေါ့။ အဲဒီခပ်ညံ့ညံ့လူငယ်ဟာ အက်ဒ၀ပ်မန့်ခ်ျရဲ့အော်သံကိုတော့ အရင်ကထက် ပိုနားလည်လာတယ်။ အဒီခပ်ညံ့ညံ့လူငယ်ဟာ ကတ်ကိုဘိန်းတစ်ယောက် စတိတ်ပေါ်မှာ ဘာလို့သံသေးသံကြောင်နဲ့လျှောက်အော်နေရသလဲ နားလည်လာတယ်။ အဲဒီခပ်ညံ့ညံ့လူငယ်ရဲ့ အရေးအသားဟာ ပို့စ်မော်ဒန်မဟုတ်ပေမယ့် ပို့စ်မော်ဒန်ဆာတိုရီပွင့်ပြီးပုဂ္ဂိုလ်များက ပို့စ်မော်ဒန်ရှုထောင့်က ကြည့်ပြီး နားလည်ပေးကြလိမ့်မယ်လို့ နားလည်လာတယ်။ ဒီမြို့နံရံများပေါ်က ငါ့ဂရပ်ဖတီခြစ်ရာများ ခင်ဗျားအသံကိုလည်း ကိုယ်စားပြုပါစေသား။ ။

မောင်ယုပိုင်
၂၀၀၉ခုနှစ်၊ မတ်လ။

2 Comments

  1. Posted December 15, 2009 at 10:22 pm | Permalink

    ခင်ဗျားဘာသာအဆင်ပြေနေတာဗျာ
    ကိုအောင်ချိမ့်အသွားနဲ့ဘာလို့သိမ်းရတာလဲ

  2. ပီမို
    Posted December 16, 2009 at 10:07 pm | Permalink

    ကျွန်တော်ကတော့ မောင်ယုပိုင်ကို မောင်ယုပိုင်လို့ မြင်ပါတယ်။

One Trackback

  1. [...] ဒေါသသင့် ဂရပ်ဖတီများ [...]

Post a Comment

Your email is never published nor shared. Required fields are marked *

*
*