ရွှေနိုင်ငံ ဘိတ်(ဆုံး)မြို့တွင် နေ(မထိ)ထိုင်(မသာ)ခြင်း

Filed under ကဗျာ

ဘယ်လိုဖြစ်နေသလဲဆိုတော့ကာ နာဇီစစ်ဖိနပ်သံများဝန်းရံလိုက်ပါလျက်ရှိခဲ့သော တရွေ့ရွေ့သွား ဂျူးလူအုပ်ကြီးသကဲ့သို့ သော်လည်းကောင်း ရေခဲမှတ်ရောက်ပင်လယ်ပြင်ထဲသေချာပေါက်နစ်မြုပ်တော့မည့် တိုက်တန်းနစ်ပေါ်မှ ခရီးသည်များကဲ့သို့ သော်လည်းကောင်း
ကမ္ဘာလောကမိုးကောင်းကင်ကြီးပြာလွင်သာယာလျက်ရှိနေသည့်တိုင် မော့ကြည့်သတိမပြုနိုင်၊ လေနုအေးကားနော့နေဆဲကိုလည်း အရေပြားက နားမလည်တော့၊ မဟုတ်မခံမျိုးချစ်ဝံသာနုစိတ်လည်း ငါ့ဝမ်းပူဆာမနေသာတော့ အူမ-မတောင့်ခြင်းနေ့စဉ်ရက်ဆက် ဖြစ်လာတဲ့အခါ သီလခဏဘေးချိပ် သမာဓိခဏဘေးချိပ် ပညာခဏဘိတ်ချေး၊ သင် သူ ခင်ဗျား ကျွန်တော်အပါအ၀င် အူမ မတောင့်ရသည့်အထဲ ဆယ်စုနှစ်နှစ်ခုတိုင် ပညာခဏခဏ ဘိတ်ချေးကြခြင်းနှင့် ပေါင်းစပ်မိလေသည့်အခါ
အောက်တွင်ကြည့်ပါ

-အုပ်စုဖွဲ့ခါးပတ်နှိုက်မှုများ ပြန်လည်ပေါ်ပေါက်လာ
-နိုင်ငံခြားထွက်ခွာမည့်သူများ မထွက်ခွာမှီ သေချာစွာစုံစမ်းရန်လိုအပ်လာ
-မှတ်တိုင်တွင် ဆံပင်ဖြတ်ခိုးယူမှုများ ရှိလာ
-ဒုက္ခိတနှင့်ရောဂါဝေဒနာသည်များအဖြစ် လှည့်ဖျား၍ငွေလိမ်လည်မှုများရှိလာ
-ကြွပ်ကြွပ်အိပ်မသုံးစွဲရေးပညာပေး လူထုအကြားထိရောက်မှုမရှိသည်ကိုတွေ့ရှိလာ
-အရွယ်မရောက်သေးသည့် (၁၈နှစ်အောက်)မိန်းကလေးများအား ပြည်တန်ဆာလုပ်ငန်း၌လုပ်ကိုင်ရန် သွေးဆောင် ဖြားယောင်းခေါ်ယူနေမှုများရှိလာ
-ယခင်က ရှိမှန်းမရှိမှန်းမသိ ယခု ဓါတုဗေဒ၊ မယ်လမင်းနှင့်ဆိုးဆေးများ ရှိလာ
-ရုံးခန်းစာရွက်စာတန်းနှင့်ယူနီဖေါင်းအတုများပြုလုပ်၍ လှည့်စားလိမ်လည်နေမှုများ ရှိလာ
-မိမိယာဉ်အားအနောက်မှဝင်တိုက်ခြင်းဖြစ်ပါက လျော်ကြေးရနိုင်၍ မဆင်မခြင်ယာဉ်ရပ်နားမှုများရှိလာ
-ယာဉ်ဆင့်တိုက်မှုများ ဆက်တိုက်အဖြစ်များလာ
-အင်တာနက်နှင့် အိုင်တီနည်းပညာပစ္စည်းသုံးစွဲမှုများပြားလာခြင်းနှင့်အတူ ကျောင်းသားလူငယ်များကြား ညစ်ညမ်းစာပေ/ရုပ်ပုံ/ဗီဒီယိုများ ပျံ့နှံ့လာသည်ကို တွေ့ရှိလာ
-အင်တာနက်အသုံးပြုသူအများစုမှာ နှစ်ဆယ်အစိပ်ဝန်းကျင်မိန်းကလေးများဖြစ်၍ အများဆုံးအသုံးပြုကြသည်မှာ ဂျီတွဒ်ဂျီမေးလ်ဖြစ်ပြီး အများဆုံးတွေ့ဆုံစကားပြောကြသည်မှာ ယောင်္ကျားလေးသူငယ်ချင်းများဖြစ်နေသည်ကိုတွေ့ရှိလာ

အထက်ပါပြည်တွင်းဖြစ် ဖြစ်ရပ်များဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိသော်လည်း အထက်တွင်ပြောခဲ့သည့်အတိုင်း မမြင်ချင်မကြားချင်ရူးချင် ယောင်ဆောင် ခေါင်းငိုက်စိုက်ကာ အဆိပ်ဓါတ်ငွေ့ခန်းထဲဖြစ်ဖြစ် ရေခဲပင်လယ်ထဲဖြစ်ဖြစ် ရွေ့လျားနေသည့် နွားအုပ်သာသာလူအုပ်ကြီးထဲ အစွမ်းအစမဲ့လူညွန့်တုံးစွာ ရောယောင်လိုက်ပါ၊ ဤသို့ မီဒီယာလာ အချက်အလက်များ ယခုနှစ်ပိုင်းအတွင်းရှိလာသကဲ့သို့ အောက်ပါ

-အစာရေစာနှင့်မိတ်လိုက်ရခြင်းပါ ပြတ်လပ်သွား၍ ရူးသွားရရှာသည့် သံယောဇဉ်ခွေးတစ်ကောင်ဖြစ်ဖြစ်
-လူကောင်းစိတ်ကောင်းဦးနှောက်ပါကောင်းရပါလျက် နူရာဝဲစွဲလှဲရာသူခိုးထောင်းဖြစ်ရသည့် မည်သူမဆိုဖြစ်ဖြစ်
-မိဘလုပ်စာနှင့်မျက်နှာသာပေးခံရခြင်းမှာ သာယာမောက်မာထုံအနေထိုင်ရုံမှအပ အခြားရှင်သန်ခြင်းအဓိပ္ပါယ်မရှိသည့် ကိုယ့်ညီမဖြစ်ဖြစ်
-ကလေးနှစ်ယောက်ကျောင်းကြိုပို့၊ တီဗွီရှေ့တစ်နေကုန်ထိုင်၊ မယားနဲ့စကားများ၊ အပေါင်းအသင်းတွေနဲ့အရက်သောက်၊ တစ်ယောက်တည်း ကြေးကစား အကြံရောဆားပါကုန်နေတဲ့ ငါ့အစ်ကိုဖြစ်ဖြစ်
-အရိပ်ကြီးလေးပါးမသိ ကိုယ့်အိမ်တွင်းရေးမသိ လင်ဝတ္တရားနဲ့မိန်းမကောင်းတို့ရဲ့စရိုက်လက္ခဏာမသိသေးဘဲ မယားလိုချင်နေရှာတဲ့ ငါ့ညီဖြစ်ဖြစ်
-ယခင်ကဆိုးတူကောင်းဘက်ဒိုးတူပေါင်ဖက်မိသားစုပုံစံနှင့်မတူ အိမ်ခြံမြေအမွေပိုင်ဆိုင်မှုရေမီးစရိတ်ကင်းရှင်းချင်ခြင်းနှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါ ဘူးသီးသီးမှအရီးတော်ချင်လာကြသည့် ဆွေမျိုးသားချင်းများဖြစ်ဖြစ်
-အပျိုရည်အဖျက်ခံရသော်လည်း အမှုလိုက်စရိတ်မနိုင်၍ ကျေအေးယောင်ဆောင်လိုက်ရသည့် သူငယ်ချင်းညီမ ၁၄နှစ်သမီးဖြစ်ဖြစ်
-စီးပွားရေးအဆင်မပြေ အဖေအသည်းခြောက်၍ နီးရာယောင်္ကျားနောက်ကောက်လိုက် အပျိုရည်အပျက်ခံလိုက်သည့် ငါ့ဂဲဖလင်းတစ်ယောက်ဖြစ်ဖြစ်
-အဆင့်အတန်းမတူက ဖုတ်လေသည်ငပိရှိမထင် အဆင့်တန်းတူ(သို့)မြင့်က မျှော်လည်းမျှော် ဆိုက်ဆိုက်လည်းလာကြသည့် မြန်မာဗီဒီယို ဇာတ်လမ်းပမာ သနားစရာခေတ်ကာလမိန်းကလေးများဖြစ်ဖြစ်
-ဂေါ့ဒ်ဖားသားနှင့်နိုင်ငံရပ်ခြားဂန်းစတားများလိုလည်းမဟုတ်ဘဲ ကိုလိုနီခေတ်သူကြီးသားဆန်ဆန် သောက်စားပျော်ပါးလောင်းကစားနှာဗူးကျရုံ မှတပါးအခြားမရှိတဲ့ သနားစရာဘိတ်မြို့နေ ခေတ်ကာလသားများဖြစ်ဖြစ်
-ငွေအနည်းငယ် နည်းပညာအနည်းငယ်ဖြင့် ကမ္ဘာ့အလည်တင့်တယ်နေသည့်နိုင်ငံခြားရုပ်ရှင်များကို လေ့လာအတုယူရိုက်ကူး ကြရကောင်းမှန်း အခုထိမသိရှာသည့် မြန်မာ့ရုပ်ရှင်လောကသားများဖြစ်ဖြစ်
-နိုင်ငံရပ်ခြားမှာ ကိုယ်စားပြုမြန်မာနိုင်ငံတော်သီချင်းဖွင့်စဉ် ဂုဏ်ယူကြက်သီးပီတိမျက်ရည်ကျရလိုကျငြား ကိုယ်တိုင်ဖြစ်ဖြစ် ကိုယ်စားဖြစ်ဖြစ်
-နာဂစ်ကြောင့် ဒဏ်ရာပြန်မကျက်ကြသေးသည့် ရွာသူရွာသားထောင်သောင်းချီဖြစ်ဖြစ်
-ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ၊ ဘုရားကျောင်းသိမ်ဇရပ်၊ လက်ထပ်ပွဲ မွေးနေ့ပွဲ ဈာပနပွဲ ကန်တော့ပွဲ သာရေး နာရေး တိုင်းရင်းသား/ရိုးရာ/ လူငယ်/အဖွဲ့အစည်း အိမ်လှည့်ဖျော်ဖြေပွဲ၊ ပရဟိတလူမှုရေးများမှ ငွေဖလားကြီးများနဲ့တကွ ကိုယ့်ရှေ့မှောက် ရောက်လာတာ ဖြစ်ဖြစ်
(မီဒီယာလာမဟုတ်တဲ့)အထက်ပါ ယခုလပိုင်းအတွင်းက ကိုယ်တွေ့ဖြစ်ရပ်များဖြစ်ဖြစ်
ကိုယ်မတွေ့လိုက်သလိုမျိုး ယောင်္ကျားတန်မဲ့ အမျိုးကောင်းသားတန်မဲ့ သားကောင်းရတနာတန်မဲ့ လူငယ်တန်မဲ့ လူသားတန်မဲ့
ကမ္ဘာလည်းမီးလောင်နေမှတော့ ကျွန်တော်လည်း အများကြီးစိတ်မကောင်းပါဘူး၊

  • လူကြီးတွေ တစ်ယောက်မှမရှိလို့ပါ၊ ကိစ္စလေးတွေရှိသေးလို့ပါ။။

မောင်ယုပိုင်
၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ။

2 Comments

  1. Posted December 26, 2009 at 4:57 pm | Permalink

    Good to read .its true.

  2. nay y y
    Posted January 8, 2010 at 3:54 pm | Permalink

    တစ်နေ့က မကွေးတက္ကသိုလ်နံဘေးက ဆိုင်ကယ်နဲ့ဖြတ်မောင်းရင်းကြည့်ဖြစ်တယ်
    အဲဒါ တက္ကသိုလ်တဲ့လား မြင်ရတာကတော့ လွင့်ပစ်ထားတဲ့ အမှိုက်စ သာသာ အခင်းအကျင်းနဲ့ပါ
    သြော် .. ကိုယ်တွေလည်း ဖြတ်သန်းခဲ့ရတာ ဘာထူးလို့လဲ
    ဆိုလိုတာက ပညာရေး ရေချိန် ရေစီးကမ်းပြိုလိုက်ခဲ့ရသော နှစ်များပါပဲ
    ယုပိုင် ကဗျာထဲက အချက်အလက်တွေမြင်တော့ ကျနော်က အဲဒီရူထောင့်ကိုပြေးမြင်မိတယ်
    တစ်ခုတည်းကို bold လုပ်ပြောဖို့တော့ မဟုတ်ပါဘူး ….

Post a Comment

Your email is never published nor shared. Required fields are marked *

*
*