Sutil/Subtle(2003) by Bienal Caribe
စားပွဲရဲ့တစ်ဘက်
ကော်ဖီခွက်ရဲ့တစ်ဘက်
အမှုန်အမွှားများရဲ့တစ်ဘက်
ကျနော့်ဘက်က တတ်နိုင်တာလည်း
အိပ်ခ်ျစီ သို့မဟုတ် စပယ်ရှယ်ရီဆာ့ဗ်
ခင်ဗျားအဆွေးတွေ
ပျော်မပျော်တော့မသိဘူး
အတိတ်တစ္ဆေတွေ သေမသေတော့ မသိဘူး
ပင်လယ်လေကို ခင်ဗျားဖြတ်လာခဲ့တာ
ပလက်ဖောင်းပေါ် ခင်ဗျားလျှောက်လာခဲ့တာ
ဘယ်လိုပဲဖြစ်ဖြစ်
ခင်ဗျားရွေးထားတဲ့ အခြေအနေ
ခင်ဗျားရွေးထားတဲ့ အမျိုးသမီး
ကျနော်ပြောတာ လွန်ကောင်းလွန်မယ်
ဒါပေမယ့် နောက်ဆုံးအီးမေးတစ်စောင်မှာ
တွေ့ရတဲ့အရေးအသားအရ
ခင်ဗျား သီချင်းမညဉ်းတော့တဲ့ အကြောင်း
သိဟောင်းကျွမ်းဟောင်းနဲ့ လမ်းမှာတွေ့ရင်
ပခုံးတွန့်ပြတတ်တဲ့အကြောင်း
ပြောရရင်
ကျွန်တော်လည်း လွတ်တဲ့ငါး ကြီးဖူးတာ
ထီတိုက်ဖူးတာ
စုထားတဲ့ စာအုပ်အဟောင်းတွေ ချရောင်းဖူးတာ
အစရှိသည်ဖြင့်ပေါ့
သွေးမတိတ်သောအနာတွေ
စိတ်မှာ ရှိပေမယ့်
အဲဒီနေရာရောက်ရင်
ကျော်ပစ်လိုက်တယ် ရစ်ပစ်လိုက်တယ်
ညနေခင်း ရဲ့ မှုန်တိမှုန်မွှား အလင်းရောင်အောက်မှာ
တခြားအရာတွေနဲ့ အတူ
ပျောက်ဆုံးပစ်လိုက်တယ်
အခုလို
လှမ်းမြင်နေရလည်း
ဆက်သွယ်ရန် ဘာသာစကား မတွေ့နိုင်
ခံစားဖူးတဲ့
အအေးဓာတ်ကစလို့
ထုံထိုင်းသွားလောက်တဲ့ နာကျင်မှု
လက်လွတ်စပယ်ဖြစ်စေလောက်တဲ့ ငြီးငွေ့မှုတွေထဲ
ဆံပင်အစိုတွေလို
ကောက်ရိုးခြောက်တွေလို
ထိုးဖွရှာဖွေ
အခုထိတော့ နေထူးနေ့မြတ်တစ်ရက်ရက်အကြောင်းပြုပြီး
အဆက်အသွယ်ပြန်လည် ရရှိခဲ့လျှင်တောင်မှ
ခင်ဗျားအရေးအသားကို ကျွန်တော်တခါပြန်ဖတ်ကြည့်ရမှာ
ညဘက်တွေ ပြတင်းပေါက်အပြင်ကို ကြည့်ရင်း
ဒါမမဟုတ်လည်း ခြင်ထောင်ထဲ လူးလွန့်ရင်း
ပြန်တွေးမိတဲ့အတွေးတွေ
ပြန်မတွေးမိတဲ့ အတွေးတွေ
သပ်သပ်စီ
ခင်ဗျားအတွက်လည်း
အထောက်အကူ တစ်စုံတစ်ရာဖြစ်မလား
ကျွမ်းကျင်မှု တစ်စုံတစ်ရာလိုအပ်တဲ့
အခိုက်အတန့်မှာ
ကျွန်တော်လည်း အတတ်နိုင်ဆုံး
သရုပ်ဆောင်ပြနေရတာ
ခုလို
ခင်ဗျားအတွက် ဒိပလီးကွန်ဆာန်း ဖြစ်တယ်ဆိုတဲ့အကြောင်း
မြို့လယ် မြို့ပတ်ရုံတွေမှာ ပြသနိုင်တဲ့အထိ
မိုးဆတ်
- ကမ်းယံ ဘလော့တွင် ဖော်ပြပြီး။

2 Comments
ပျော်သလိုနေမယ်ဆို
ဘယ်ပျော်ပါ့မလဲ
ကိုဆတ်ရေ…
အဲဒီအတွက် စိတ်ထဲ တစ်ခုခုဖြစ်မယ့်အစား ရင်ဆိုင်ဖို့ပါပဲ..(မဟုတ်လား)
မေးခွန်းဟောင်းအတွက် အဖြေသစ်ကိုလိုက်
လိုက်ရှာ
ပခုံးတွန့်ပြ ရုံသာ။