
Photo by guardian.co.uk
ကိုယ်ပဲ အသက်အရွယ် ရလာလို့လား၊ ရုပ်ရှင်ကြည့်သက်တမ်းပဲ ရလာလို့လားတော့မသိဘူး။
ဒီတခေါက် အော်စကာပေးပွဲကြည့်ရတာ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးပါပဲ။
သူတို့ဆီမှာ မတ်လ ၇ရက်ည၊ ကျွန်တော်တို့ဆီမှာ မတ်လ ၈ရက်နေ့ မနက်အိပ်ယာအထမှာ
လက်ဖက်ရည်ဆိုင်ထိုင်ရင်း လက်ဖက်ရည်ဆိုင်မှာ ဖွင့်ပေးထားတဲ့ ၂၄လိုင်းရုပ်သံအစီအစဉ်မှာ
လာနေတဲ့ အော်စကာပေးပွဲကို ကြည့်ရတယ်။ (၂၄ချယ်နယ်ရုပ်သံ အစီအစဉ်ဆိုတာက ကျွန်တော်တို့မြို့တွင်းမှာ ထုတ်လွှင့်ပေးတဲ့ အစီအစဉ်တစ်ခုပါ)
ကျွန်တော်စကြည့်ရတော့ ကျွန်တော်စိတ်ဝင်အစားဆုံး ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံး အထူးပြုလုပ်ချက်ဆု (Visual Effect) ကနေ စကြည့်ရတာပါ။ အရှေ့ကဆုတွေကိုတော့ လွှတ်သွားပါတယ်။ (နောက်မှပြန်ကြည့်ဖို့လုပ်ထားပါတယ်၊ ဒီစာကတော့ ပူပူနွေးနွေး ဖြစ်နေတုန်း ရေးလိုက်ရတာပါ) ဒီအကောင်းဆုံး အထူးပြုလုပ်ချက်ဆုကိုတော့ သိပ်အငြင်းပွားစရာ မလိုလောက်အောင် Avatar ကပဲ ဆွတ်ခူးသွားပါတယ်။ ရင်သတ်ရှု မောဖွယ် အထူးပြုလုပ်ချက်တွေလုပ်ရာမှာ ဂျိန်းစ်ကင်မရွန်နဲ့ အဖွဲ့သားတွေက ခေတ်အဆက်ဆက် အောင်မြင်ခဲ့ပြီးသား အတွေ့အကြုံအများကြီးရှိပြီးသား မဟုတ်လား။ Avatar က အမျိုးသမီး သရုပ်ဆောင်ကြီး ပါဝင်ခဲ့တဲ့ Alien ဇာတ်ကား ကတည်းက ဂြိုလ်သားတွေ လှလှပပ ဖန်တီးပြခဲ့တာပဲလေ။ ပြီးတော့ဂန္ဓ၀င်တွင်ခဲ့တဲ့ စက်ရုပ်လူသား Terminator ။ ပြီးတော့ Abyss မှာလည်း ရေလူသားကို ဖန်တီးပြခဲ့တာပဲ။ အဲဒီရေလူသားပြုလုပ်ချက် ကိုထပ်မွမ်းမံပြီး T-2 မှာ ပြဒါးလူသားကို အသက်သွင်းခဲ့ပြန်တယ်။ T-2 တုန်းကလည်း အကောင်းဆုံး အထူးပြုလုပ်ချက်ဆု ရခဲ့တာပဲလေ။ ဒီနှစ်ဆုပေးပွဲမှာတော့ ကမ္ဘာကြီးကိုအသေးစိပ်ဖျက်ပြတဲ့ 2012တို့ စက်ရုပ်ကြီးတွေ အာကာသမြင်ကွင်းတွေ အနုစိပ်ဖန်တီးပြတTransformers တို့ Star Track တို့ District 9 တို့ကို ကျော်လွားပြီး Avator က အကောင်းဆုံး အထူးပြုလုပ်ချက်ဆု ရယူသွားခဲ့ခြင်း ဖြစ်ပါတယ်။
နောက်ဆု တစ်ခုက မှတ်တမ်းရုပ်ရှင် Documentary ဇာတ်ကားဆု။ အဲဒီဆုကို စိတ်ဝင်တစား ကြည့်နေစဉ်မှာ စကာတင်ရုပ်ရှင် ငါးကားကို တစ်ကားချင်း အစီအစဉ်လိုက်ပြဖို့ ပထမဆုံးဇာတ်ကားရဲ့အမြည်းပြကွက်လေး ပေါ်လာတာနဲ့ ကျွန်တော်တို့မြို့ရဲ့ရုပ်သံလိုင်းက ရုတ်တရက် တိုက်ဆိုင်စွာ ပြတ်တောက်သွားပါတယ်။ စက္ကန့်ပိုင်းလောက်သာ ကြာမြင့်တဲ့ အဲဒီ ဇာတ်ကား ပြကွက်လေး ပြီးလောက်တဲ့အချိန်ကျမှ တိုက်ဆိုင်စွာ လိုင်းပြန်ပေါ်လာပါတယ်။ အဲဒီဆုကိုတော့ ဝေလငါးတွေ သတ်ဖြတ်ခံနေရတာတွေ တားဆီးကာကွယ်ဖို့ မှတ်တမ်းတင်
ရိုက်ကူးထားတဲ့ဇာတ်ကားThe Cove က ရရှိသွားပါတယ်။
(ကျန်တဲ့ဆုတွေကိုတော့ ချန်လှပ်ခဲ့ပါမယ်၊ ကျွန်တော်စိတ်ဝင်စားတဲ့ ဆုတွေကိုသာ ပြောသွား ဖို့ရည်ရွယ်ပါတယ်) ပြီးတော့ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု။ အဲဒီဆုကိုတော့ Crazy Heart ဇာတ်ကားမှ Jeff Bridges ဆိုတဲ့သရုပ်ဆောင်က ဆွတ်ခူးသွားပြီး ကိတ်ဝင်းစလက်က အော်စကာဆုရုပ်တုကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ပရိသတ်တွေကြား စယ်လီဘရိတ် ပိုဖြစ်တဲ့ ဂျော့ကလူးနီးနဲ့ မော်ဂင်ဖရီးမင်း တို့ကို ကျော်ဖြတ်ရရှိသွားခဲ့ခြင်း ဖြစ်တယ်။
အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ကိုတော့ Blind Side ဇာတ်ကားမှ စန်ဒရာဘူးလော့ခ်က် ရရှိသွားပါတယ်။ ဒီဆုကိုတော့ ကျွန်တော်အကြိုက်ဆုံး သရုပ်ဆောင် ရှောင်ပင်းက ပေးအပ်ခဲ့တာပါ။ (ရှောင်ပင်းက အပြင်မှာ စကားပြောတာလည်း သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအတိုင်းပါပဲ၊ ထစ်ထစ်ငေါ့ငေါ့နဲ့ မရွှင်မပြမျက်နှာနဲ့) စန်ဒရာဘူးလော့ခ်က ၀ါရင့်မင်းသမီးကြီးတွေဖြစ်တဲ့ မာရီစတိဖ်တို့ကို ကျော်ဖြတ် ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ စန်ဒရာဘူးလော့ခ်ဟာ Speed ဇာတ်ကားနဲ့ နေရာရလာခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်မှုက ဇာတ်ကားတစ်ကားပြီး တစ်ကားဆိုသလို သိသိသာသာ တိုးတက်မှုရှိလာတာ သတိထားမိခဲ့ပါတယ်။ (နောက်ဆုံးကြည့်ခဲ့ရတဲ့ All about a Steve အထိပေါ့လေ) အခု သူ့ရဲ့ကြိုးစားအားထုတ်မှုက အသီးအပွင့်ဖြစ်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ စန်ဒရာဘူးလော့ခ်ဟာ စကားပြော လိမ္မာပါးနပ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုတာလည်း သတိထားမိခဲ့ပါတယ်။
ဆုပေးပွဲမတိုင်ခင် ကာလတွေမှာ အငြင်းပွားဖွယ်ရာ အားပြိုင်မှု အကောင်းဆုံးဖြစ်ခဲ့တဲ့ အကောင်းဆုံး ဒါရိုက်တာဆုကိုတော Hurt Locker ဇာတ်ကားရဲ့ ဖန်တီးရှင် ကစ်သရင်းဘိဂျလို(Kathryn Bigelow)က ဆွတ်ခူးသွားပါတယ်။ ကစ်သရင်းဘိဂျလို စင်မြင့်ပေါ်တက်လာတော့ စင်အောက်ကပုဂ္ဂိုလ်တွေရဲ့ အားပေးအော်ဟစ်သံ ဆူညံသွားတာ သတိထားမိတယ်။ အဲဒီအသံတွေက (ရွှေကမ္ဘာလုံးဆုယူခဲ့တဲ့) ဂျိန်းစ်ကင်မရွန်းကို သွေးတိုးစေမလားပဲ။ အော်စကာစင်မြင့်ပေါ်မှာ I am king of the universe လို့အော်ဖို့ အိမ်မှာ ကြိုတင်လေ့ကျင့်လာခဲ့လို့ ရှိရင်တော့ အဲဒါက အလကားဖြစ်သွားရပြီပေါ့လေ။ ကစ်သရင်းဘိဂျလိုက အီရတ်၊အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်း ကမ္ဘာ့အရပ်ရပ်က စစ်သားတွေအားလုံး အိမ်ကို ကောင်းမွန်စွာပြန်နိုင်ပါစေ လို့ ကျေးဇူးတင်စကားနဲ့ ဆုတောင်းပြီး
စင်ပေါ်ကဆင်းသွားတဲ့နောက် ဟောလိဝုဒ်ရဲ့စူပါကြီး (အော်စကာ နှစ်နှစ်ဆက်တိုက် နှစ်ထပ်ကွမ်း) တွမ်ဟန့်ခ် တက်လာပါတယ်။
ကျွန်တော်တို့ကြည့်ရတဲ့ ရုပ်သံလိုင်းကပဲ ဖြတ်တောက်ထားလို့ လားမသိ၊ ဒီတစ်ခေါက် အော်စကာပေးပွဲက တက်သုတ်ရိုက် ပေးနေသလိုပါပဲ။ တွမ်ဟန့်ခ်က စကားကို စက္ကန့်ပိုင်းလောက်ပဲပြောပြီး စာအိပ်ကို ရုတ်တရက်ဖွင့်လို့ အကောင်းဆုံးဇာတ်ကားဆုကို ကလိတာတွေ ရင်ခုန်အောင်တွေမလုပ်ဘဲ ချက်ချင်းကြေငြာလိုက်ပါတယ်။ Hurt Locker ။
အော်စကာဆုခြောက်ဆုနဲ့ ဒီနှစ်အော်စကာစင်မြင့်ပေါ် Hurt Locker အဖွဲ့သားတွေ တက်ရောက် အောင်ပွဲခံနေတာကိုကြည့်ပြီး ဒီဇာတ်ကား အကောင်းဆုံးဇာတ်ကားဆု ရရှိသွားတဲ့အပေါ် ကျွန်တော်သတိပြုမိတာ တစ်ခုရှိပါတယ်။
အော်စကာဆုပေးပွဲတွေကို ၂၀၀၄ခုနှစ်အထိပြန်ကြည့်ရင် ၂၀၀၄ခုနှစ်မှာ အကောင်းဆုံး ဇာတ်ကားဆုရော ဒါရိုက်တာပါ MILLION DOLLAR BABY ရခဲ့တယ်။ ၂၀၀၅မှာ အကောင်းဆုံးဇာတ်ကားဆုကို CRASH ကရပြီး ဒါရိုက်တာဆုကို Brokeback Mountain ဇာတ်ကားနဲ့ အန်းလီက ရတယ်။ ၂၀၀၆မှာ အကောင်းဆုံး ဇာတ်ကားရော ဒါရိုက်တာဆုပTHE DEPARTED က ရတယ်။ ၂၀၀၇မှာ အကောင်းဆုံး ဇာတ်ကားရော ဒါရိုက်တာဆုပါ NO COUNTRY FOR OLD MEN က ရတယ်။ ၂၀၀၈မှာ အကောင်းဆုံး ဇာတ်ကားရော ဒါရိုက်တာဆုပါ SLUMDOG MILLIONAIRE က ရတယ်။ အခု ၂၀၀၉အတွက် အကောင်းဆုံး ဇာတ်ကားရော ဒါရိုက်တာဆုပါ Hurt Locker က ရတယ်။ ဆိုလိုတာက၂၀၀၄ကစလို့ သတိထားကြည့်ရင် အကောင်းဆုံး ဇာတ်ကားဆုတွေဟာ လူ့အရင်းမြစ်ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ကားတွေချည်းဖြစ်နေတာပဲ။ ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်သလို တစ်ဖက်ကစဉ်းစားကြည့်ရင် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကသာ အော်စကာအရာမှာ အလေးသာလာတဲ့ သဘောပဲ။ ဒါကြောင့်ပဲ အကောင်းဆုံး ဇာတ်ကားနှစ်ကား ထိပ်တိုက်တွေ့ချိန်မှာ အီရတ်ကမိုင်းရှင်းတပ်သားနဲ့ အမေရိကန်စစ်သားတွေရဲ့ ဘ၀ကို ရိုက်ကူးပြခဲ့တဲ့ Hurt Lockeru က တောတွင်းသားမောဂ္ဂလိနဲ့မဲ့ထရစ် (Matrix) ပေါင်းစပ်ထားသလို စိတ်ကူးယဉ်ဇာတ်ကားသက်သက် Avator ကို အနိုင်ရရှိခဲ့တာများလားလို့ တွေးတောစရာ ဖြစ်ခဲ့ပါတယ်။ Hurt Locker လို ဇာတ်ကားမျိုးဟာ ၀င်ငွေ သောက်သောက်လဲရတဲ့ ဇာတ်ကားမျိုးမဟုတ်ပါဘူး။ သူ့ရှေ့က အကောင်းဆုံးဆုရ ဇာတ်ကားတွေ ဖြစ်တဲ့ NO COUNTRY FOR OLD MEN တို့ CRASH တို့လိုပဲ သာမန် ရုပ်ရှင်ကြည့် ပရိသတ် တစ်ယောက်အဖို့ ဇာတ်ကားတစ်ဝက်တောင် ပြီးအောင်ကြည့်ဖို့ မလွယ်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ Avator လိုဇာတ်ကားမျိုးကျတော့ အားလုံးသိတဲ့အတိုင်းပဲ ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ကြည့်ပရိသတ် လူမျိုးဘာသာ အသက်ကြီးငယ်မရွေး ကြည့်နိုင် ကြိုက်နိုင်တဲ့ ဇာတ်ကားမျိုးမဟုတ်လား။ ဆု မရရှိတဲ့ကားကို မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ကောင်းတာချင်းတူရင် လူအရင်းမြစ်နဲ့ တကယ့်ဘ၀နောက်ခံ ဇာတ်ကားတွေက ပိုအလေးသာလာတဲ့ သဘောမျိုး တွေ့ရတာကို ပြောတာပါ။
နောက်တစ်ခုက ကမ္ဘာမှာအကြီးကျယ်ဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံး အနုပညာဆုတွေထဲက တစ်ခုဖြစ်တဲ့ အော်စကာဆုကို ပေးအပ်ချီးမြင့်ခြင်းခံရတာတောင် ဆုရရှိတဲ့အနုပညာရှင် အသီးသီးဟာ အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူဟန်ရှိပေမယ့် ဣနြေ္ဒရရနဲ့ ဆုလက်ခံယူခဲ့ကြတာ တွေ့ရတော့ သူတို့တတွေရဲ့ တည်ငြိမ်ရင့်ကျက်မှုကို ချီးကျူးမိပါတယ်။ ဒါဟာ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် သတိထားမိလာတာတွေပါ။ ဆုရရှိသူတွေဟာ အရင့်အရင် အော်စကာပေးပွဲတွေမှာ တွေ့ရတတ်သလို ထိပ်လှန့်အံ့သြ၀မ်းသာဟန် အမူအယာခပ်ပိုပိုနဲ့ ငိုပြရီပြတာတွေ မလုပ်တော့သလို ဘာပြောရမှန်း မသိအောင် တုန်လှုပ် ခြောက်ခြားဖြစ်ရတာမျိုး ငိုကြီးချက်မ ဖြစ်ရတာမျိုး တစ်ယောက်မှ မတွေ့ရတော့ပါဘူး။
တစ်ခုတော့ရှိတာပေါ့လေ။ အော်စကာ စကာတင်တွေရွေးချယ်ပြီး တစ်ယောက်က ဆွတ်ခူးသွားတဲ့အချိန်မှာ အော်စကာဆုနဲ့ လွဲသွားရတဲ့ အနုပညာရှင်တွေရဲ့မျက်နှာကတော့ သိသိသာသာ ညိုးနွမ်းသွားကြတာ တွေ့ရပါတယ်။ ဒါကတော့ သူတို့လည်း လောကီသားပေမို့
လို့ဆိုရမလိုပါပဲ။
မောင်ယုပိုင်

5 Comments
စဖတ်တုန်းက အော်စကာခန့်မှန်းအလွန်တော်တဲ့ ဆရာတောကျောင်း ရေးတယ် ထင်မိတာ။
ကောင်းပါတယ် ။ ကဗျာရေးကောင်းလွန်းသလို ( ခံစားနှစ်သက်မိတာ ပြောတာပါ) အော်စကာဆောင်းပါးဖတ်ရတာလည်း ကြိုက်ပါတယ်။
အော်စကာဆုပေးပွဲကို တိုက်ရိုက်ကြည့်ခဲ့တယ် ဒါပေမယ့် ဒီပို့စ်လေးကို ဖတ်ရတာ ပိုပြီး ကွက်ကွက်ကွင်းကွင်းမြင်မိတယ်။.အကြောင်းအရာလေးတွေကို စိတ်ဝင်စားအောင် ရေးပြထားတာ စာရေးအရမ်းကောင်းပါတယ်
I feel နှမြောတယ်
Really shameful to read above post and comments from my motherloand, Burma.
All were interested in Avatar and Hurt Locker etc but no one dare to talk or were interested to discuss about Burma VJ…
Shame of u all, all my countrymen..
U all are loosers at all time as long as don’t care about what happen in our country…
ဘားမားဗီဂျေအကြောင်း ရေးရဲတင်ရဲတယ် ထားပါတော့
ဘလော့အဖျက်ခံရရင် နင်ရှေ့နေလိုက်ပေးမှာလား
ဂျေးအောင်းရင် နင်ထမင်းလာကျွေးမှာလား
ဒီနေရာမှာမျိုးချစ်စိတ်ဓါတ်နဲ့ အုတ်နံရံကိုခေါင်းနဲ့တိုက်တဲ့မိုက်ရူးရဲမှု
ကွဲပြားပါစေ မာစတာ။