သတ္တိကောင်းတဲ့ ရေဒီယို (A Radio With Guts)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

ကော်ရိုနာဒိုလမ်း ဒုတိယထပ်မှာ
ကျုပ်မူးလာရင်
ဖွင့်ထားတဲ့ ရေဒီယိုကို
ပြတင်းပေါက်က ပစ်ထုတ်လိုက်တယ်
ရေဒီယိုက ပြတင်းပေါက်မှန်ကို ခွဲ
ပြီးတော့ အမိုးပေါ်ကျ
အဲဒီမှာလည်း ရေဒီယိုဟာ ဆက်ပြီး လာနေရဲ့
မိန်းမကို ကျုပ်ပြောလိုက်တယ်
“ဟေ့… သတ္တိကောင်းတဲ့ရေဒီယိုပဲကွ”
နောက်နေ့မနက်ကျ ပြတင်းပေါက်ကို
ပတ္တာကနေဖြုတ်
လမ်းအောက်ဘက်က
မှန်သမားဆီသယ်သွား
သူက မှန်တချပ်လဲပေးတယ်
ကျုပ်မူးတဲ့အခါတိုင်း
ရေဒီယိုကို ပြတင်းပေါက် ပစ်ထုတ်မြဲ
ပြီးတော့ အမိုးပေါ်ကျ
ရေဒီယို ဆက်ပြီးလာနေ
မှော်ဆန်တဲ့ ရေဒီယို
သတ္တိကောင်းတဲ့ ရေဒီယို
မနက်ကျရင် ပြတင်းပေါက်ကို
မှန်သမားဆီ ကျုပ်သယ်သွား
အဲဒါ ဘယ်လိုအဆုံးသတ်သွားသလဲ ကျုပ်သေချာ မမှတ်မိတော့
ကျုပ်တို့အဲဒီကလပြောင်းလာကြတာပဲ
သိတော့တယ်
အဲဒီမှာ အောက်ထပ်က အမျိုးသမီး
ခြံဝင်းထဲ ရေချိုးဝတ်စုံနဲ့အလုပ်လုပ်ရဲ့
ငန်းပြားနဲ့ဟိုထိုးဒီဆွ
သူမရဲ့ အနောက်ပိုင်းဟာ လေထဲမြောက်တက်လို့
ကျုပ်က ပြတင်းပေါက်မှာထိုင်
သီချင်းလေးဖွင့်ပြီး
အဲဒီဟာပေါ် နေရောင်ဖြာကျတာ ကြည့်ရဲ့

မိုးဆတ်
- Charles Bukowski ၏
A Radio With Guts ကဗျာကို ဘာသာပြန်သည်။

A Radio With Guts

it was on the 2nd floor on Coronado Street
I used to get drunk
and throw the radio through the window
while it was playing, and, of course,
it would break the glass in the window
and the radio would sit there on the roof
still playing
and I’d tell my woman,
“Ah, what a marvelous radio!”
the next morning I’d take the window
off the hinges
and carry it down the street
to the glass man
who would put in another pane.
I kept throwing that radio through the window
each time I got drunk
and it would sit there on the roof
still playing-
a magic radio
a radio with guts,
and each morning I’d take the window
back to the glass man.
I don’t remember how it ended exactly
though I do remember
we finally moved out.
there was a woman downstairs who worked in
the garden in her bathing suit,
she really dug with that trowel
and she put her behind up in the air
and I used to sit in the window
and watch the sun shine all over that thing
while the music played.

Charles Bukowski

လူတိုင်းနဲ့ အထီးကျန် (Alone With Everybody)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

အရိုးကို အသားနဲ့ ဖုံးလိုက်တယ်
ပြီး အဲဒီမှာ
စိတ်တစ်ခုထည့်တယ်
တခါတလေ ၀ိညဉ်တစ်ခု
မိန်းမတွေက ပန်းအိုးတွေ
နံရံမှာ ပစ်ပေါက်ခွဲကြ
ယောက်ျားတွေ
အရက်အလွန်အကျွံသောက်ကြ
ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး
ကြည့်ပဲကြည့်နေရ
အိပ်ယာထဲ/က
တွားဝင်/တွားထွက်
အသားက အရိုးကို ဖုံးထားတယ်
အသားက
အသားထပ်ရှာတယ်။

မျှော်လင့်ချက်မဲ့
ငါတို့ဟာ
တစ်ခုတည်းသော
ကြမ္မာထဲ
ပိတ်မိခဲ့။

ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး။

မြို့ပြအမှိုက်ပုံးတွေပြည့်
အမှိုက်ပုံတွေပြည့်
အရူးထောင်တွေပြည့်
ဆေးရုံတွေပြည့်
သင်္ချိုင်းတွေပြည့်။

တခြားဘာကမှ မဖြည့်နိုင်ခဲ့။

မိုးဆတ်
- Charles Bukowski ၏
Alone With Everybody ကဗျာကို ဘာသာပြန်သည်။

Alone With Everybody

the flesh covers the bone
and they put a mind
in there and
sometimes a soul,
and the women break
vases against the walls
and the men drink too
much
and nobody finds the
one
but keep
looking
crawling in and out
of beds.
flesh covers
the bone and the
flesh searches
for more than
flesh.

there’s no chance
at all:
we are all trapped
by a singular
fate.

nobody ever finds
the one.

the city dumps fill
the junkyards fill
the madhouses fill
the hospitals fill
the graveyards fill

nothing else
fills.

- Charles Bukowski

TEXT OBJECTS _ FOUND/made #1-10

2
Filed under ကဗျာ, ဆောင်းပါး

____________________________________________________________________

ကျွန်တော်တို့ဟာ ဘာသာစကားနဲ့ ဖွဲ့စည်း ပါဝင်တည်ဆောက်ထားတဲ့ လောကထဲမှာ နေ့စဉ်ရှင် သန်နေထိုင်ကြပြီး ပတ်သက်ရာယဉ် ကျေးမှုပြဌာန်းချက်အရ လှုပ်ရှားဆောင်ရွက်ကြရတာ ဖြစ် တယ်။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ဟာ ဘာသာစကားလောကထဲ နေထိုင် ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒါကိုပဲ တစ်နည်းအားဖြင့် ထပ်ပြောရရင် ကျွန်တော်တို့ဟာ ဘာသာစကားနဲ့ ပြုလုပ်ထားတဲ့ စာသားလောက(၀ါ) world of texts ထဲမှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဘုရားရှိခိုးအမျိုးမျိုးကအစ ဖွဲ့စည်းပုံအခြေခံဥပဒေ အထိ၊ အားလုံးဟာ texts/စာသားတွေပါပဲ။ အဲဒီအတွက် text/စာသားတွေဟာ ကျွန်တော်တို့ နေ့စဉ် ဘ၀ကို မွေးကနေသေအထိ ဘယ်လိုလွှမ်းမိုးကြီးစိုး ချုပ်ကိုင်ချယ်လှယ်ထားတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒီထက်မရ ပြောရရင် ကျွန်တော်တို့ဘ၀တွေအပေါ် ကျရောက်တဲ့ စာသားတွေရဲ့ အာဏာပါဝါတွေ။

တစ်ဖက်သတ် ပုံသေပြဌာန်းချက်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ၊ သိမှုနဲ့ဖြစ်စေ၊ မသိမှုနဲ့ဖြစ်စေ၊ ကြိုက်လို့ဖြစ်စေ၊ ကြောက်လို့ဖြစ်စေ၊ အသိ ဥာဏ်နဲ့ စူးစမ်းစစ်ဆေး သုံးသပ်ဆုံး ဖြတ်ပြီးလို့ဖြစ်စေ၊ သူများလုပ်လို့ လိုက်လုပ်တာပဲ ဖြစ်စေ၊ စာသားတွေရဲ့ လည်ပတ် ဆောင်ရွက်မှုကို ကျွန်တော်တို့ ကာကွယ် စောင့်ရှောက် တာတွေ ရှိသလို ပံ့ပိုးဖြည့်စွက်တာတွေလည်း ရှိပါတယ်။ ဝေဖန်သုံးသပ်ပြီး သံသယနဲ့ ဆက်ဆံတာရှိသလို လုံးဝတိုက်ခိုက် ခြေမှုန်းလိုက်တာ တွေလည်းရှိပါတယ်။ စာသားတွေ ထဲမှာ ကျွန်တော်တို့ ဘာတွေပါဝင်ဖွဲ့စည်းတည်ဆောက်နေကြသလို ကျွန်တော်တို့ ဘ၀ တွေထဲမှာလည်း စာသားတွေ ပါဝင်ဖွဲ့စည်းတည်ဆောက် နေကြပါတယ်။ နေ့စဉ် ဘ၀ရဲ့ လွန်ဆွဲပွဲတွေပဲပေါ့။

တစ်ခါက ပြင်သစ်စာသင်ကျောင်း Alliance Francaise မှာ ပြုလုပ်တဲ့ ပွဲတစ်ပွဲအတွက် အဲဒီ ကျောင်းရဲ့ပြင်ပ မျက်နှာစာနံရံတွေကို သတင်းစာတွေနဲ့ အပြည့်ကပ်ထားတာ တွေ့လိုက်ရတော့ ကျွန်တော် shock တစ်ခု ရသွားပါတယ်။ အဲဒါနဲ့ ကျွန်တော့်စာသင်ခန်းရဲ့ အတွင်းနံရံတွေ အား လုံးကို သတင်းစာစက္ကူတွေနဲ့ ခန်းလုံးပြည့်ကပ်လိုက်ပါတယ်။ နောက်တစ်နေ့မှာ ကျောင်းသူ/ ကျောင်းသားတွေ စာသင်ခန်းထဲဝင်လာတော့ သူတို့လည်း အကျိုးသက်ရောက်မှု effect တစ် ခုခု ကိုခံစားလိုက်ပါတယ်။ ကျွန်တော်လည်း သူတို့ကို ဘယ်လိုမှ မမေးပဲ ဘာမှမထူးခြားသလို ပုံမှန်အတိုင်းပဲ စာဝင်သင်ပါတယ်။ သူတို့ မေးကြပါတယ်။ ဘာဖြစ်လို့ သတင်းစာတွေ ကပ် ထားတာလဲ။ ကျွန်တော် ပြောတယ်၊ အဲဒါ သတင်းစာတွေမဟုတ်တော့ဘူး။ အဲဒါ စာသား/ text တွေလို့။ ဒါပေမယ့် သူတို့ လက်မခံကြဘူး။ မဟုတ်ဘူး၊ အဲဒါ သတင်းစာစက္ကူတွေ၊ အဲဒါ သတင်းစာတွေတဲ့။ သူတို့ရဲ့အမြင်မှာ အမြစ်စွဲနေတဲ့ ပါဝါတစ်ခုကို သွားမြင်လိုက်ရပါတယ်။ သတင်းစာစက္ကူ/စာမျက်နှာဆိုတာ တိကျတဲ့ ပုံသဏ္ဍန်တစ်မျိုး၊ ဖွဲ့စည်းပုံတစ်မျိုးရှိပြီး လုပ်ငန်း တစ်မျိုးကို ထမ်းဆောင်တယ်။ အဲသလိုတိကျတဲ့ ပုံသဏ္ဍန်တစ်မျိုး၊ ဖွဲ့စည်းပုံတစ်မျိုးရှိပြီး လုပ်ငန်းတစ်မျိုးကို ထမ်းဆောင်ရင် အဲဒီအရာမှာ အမည်သတ်မှတ်ချက် တစ်ခု ရှိတယ်။ ဒီနေ ရာမှာဆို သတင်းစာ/သတင်းစာစက္ကူ/သတင်းစာစာမျက်နှာပေါ့။ သူတို့သိတာ/မြင်တာက ဘာ တစ်ခုဟာ ဘာလဲတစ်ခုနဲ့ ဆက်စပ်နေရမယ်ဆိုတာပဲ။ 1 to 1 correspondence ပေါ့။ ဒါပေမယ့် သူတို့မမြင်ကြတာက အဲဒီသတင်းစာစက္ကူတွေပေါ်က စာ (၀ါ) စာသား/texe တွေ။ သတင်းစာ စက္ကူပေါ်မှာ ပုံနှိပ်ထားတာတွေဟာ သတင်းစာတွေမှာ ပါရှိနေကျ စာသားတွေပဲပေါ့။ ဒီထက် ပိုသိစရာ၊ စိတ်ဝင်စားစရာ၊ အာရုံ ခံစားစရာ၊ အာရုံစိုက်စရာ မရှိတော့ဘူးပေါ့။ ရုရှပုံသဏ္ဍန်ဝါဒီ တွေရဲ့စကားယူသုံးရင် Habituation, Familiarisation, Naturalisation ဆိုတဲ့ ကျင့်သားရ အောင် ပြုလုပ်ထားတဲ့အတွက် ကျင့်သားရပြီး အကျင့်ဖြစ် သွားခြင်း၊ အကျင့်ဖြစ်သွားတဲ့အတွက် အသိဥာဏ်နဲ့ မဆက်ဆံတော့ပဲ အလိုအလျောက် automatic တုန့်ပြန်ခြင်း သဘောပါပဲ။ ထုံ ဆေး anaesthetic ပေးခံလိုက်ရလို့ ထုံသွားပြီး ရသသာယာမှု aesthetic ကို မမြင်တော့တဲ့ သ ဘောပေါ့။ အဲဒီထုံနေတဲ့ အမြင်နဲ့ပဲ လောက အပါအ၀င် အရာခပ်သိမ်းကို ခပ်ထုံထုံပဲမြင်ပြီး ခပ်ထုံထုံပဲဖြတ်သန်းတော့တယ်။

နောက်တစ်ခုက ကျွန်တော်တို့နေ့စဉ်သုံး ပစ္စည်း object တွေမှာ စာသား/text တွေ ရိုက်နှိပ်ထား တာတွေ ရှိပါတယ်။ သွားတိုက်ဆေးဗူး၊ ရေသန့်ဘူး၊ ပြက္ခဒိန်၊ ဆေးလိပ်ဗူးခွံ၊ ဂက်စ်မီးခြစ် အပါအ၀င် အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေပေါ်က စာသား/ text တွေ။ ဒီပုံနှိပ်စာသား အပြင် နေ့စဉ်ကြားရတဲ့ အသ့လွှင့်စာသား။ လျှပ်စစ်ဓာတ်အားဖြင့် လာတဲ့ လျှပ်စစ်စာသား။ စာသားတွေ . . စာသားတွေ၊ . . စာသားတွေ။ ဒါပေမယ့် နေ့စဉ် သုံးစပ္စည်း object တွေပေါ် ပုံနှိပ်ထားတဲ့ စာသားတွေဟာ အဲဒီပစ္စည်းတွေဟာ ဘာတွေ ဖြစ် ကြောင်း၊ အမည်တပ်ဖေါ်ပြတာတွေ၊ ဘာတွေ ပါဝင်ကြောင်းတွေ၊ ဘယ်လို သုံးစွဲရကြောင်းတွေ၊ ဘယ်လိုကောင်းမွန်ကြောင်း၊ ဘယ်လိုစွမ်းအားရှိကြောင်း၊ ဘယ်လိုအကျိုးထူးတွေ ရရှိစေမှာ ဖြစ်ကြောင်းတွေပဲဖြစ်ပါတယ်။ သတင်းအချက်အလက်ပေးဖို့ နဲ့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းဖို့ လုပ်ငန်း ဆောင်တာတွေ ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဈေးကွက်စီးပွား ရေးစနစ် market economy နဲ့ဝယ်ယူစားသုံးမှုစနစ် consumerism ထဲမှာ အဓိကသိသာ ထင် ရှားစွာ လည်ပတ်ဆောင်ရွက်တဲ့ ကြော်ငြာလုပ်ငန်း advertising နဲ့ လူထုဆက်သွယ်ရေး နည်း များ mass media ဖြစ်တယ်။

အကယ်၍ လူသုံးကုန်ပစ္စည်းတွေပေါ်မှာ ရိုက်နှိပ်ဖေါ်ပြထားတဲ့ စာသားတွေဟာ အဲဒီစီး ပွားရေးစနစ်ရဲ့ လုပ်ငန်းဆောင်တာ လည်ပတ်ဆောင်ရွက်မှုတွေ မပြုတော့ပဲ အခြား အလုပ်တွေ၊ ဥပမာ၊ ရသအလုပ်တွေ လုပ်ရင် ဘယ်လိုနေမလဲ။ သွားတိုက်ဆေးဗူးပေါ်မှာ ကဗျာတစ်ပုဒ် ပုံနှိပ်ထားရင်ကော။ သောက်ဆေး စားဆေးဗူးခွံတွေထဲမှာ ပါရှိတဲ့ အညွှန်း စာရွက်ပေါ်မှာ ၀တ္ထုတိုလေးတစ်ပုဒ် ပုံနှိပ်ထားရင်ကော။ ဆေးလိပ်ဗူးခွံ ထဲက ရွှေ (သို့မဟုတ်)ငွေစက္ကူရဲ့ တစ်ဖက်လွတ်မျက်နှာစာမှာ ကဗျာဆောင်းပါးတစ်ပုဒ် ပါရှိရင် ကော။

ဒီလိုအတွေးနဲ့ ဒီပွဲမှာ ဒီပစ္စည်းတွေ ချပြတာပဲဖြစ်ပါတယ်။ ညှပ်ဖိနပ်ဗူးခွံမှာ ယန်း ဘောဒရီလျား။ ဆိုဒါဘူးခွံမှာ ဂျရိုးမ် မက်ဂဲန်။ ကော်ဖီမှုန့်ပုလင်းထဲမှာ ဂျိမ်းစ် ဂျွိုက်စ်။ လ ဘော ဒရီလျားကလွဲလို့ ကျန်စာသားအားလုံးဟာ သြစတြေးလျ ကဗျာဆရာ Louis Armand တည်းဖြတ်တဲ့ Contem porary Poetics(2007) ကနေ “ကောက်ရ“တာဖြစ်ပါတယ်။ အဲဒီကောက်ရစာသား Found text တွေနဲ့ ပြုလုပ် made တာကို video ရိုက်ထားပါတယ်။ ဒီပစ္စည်းတွေဟာ မူလပစ္စည်းတွေအတိုင်း ရှိဦးမလား။ ဒီပစ္စည်းတွေဟာ မူလလူသုံးကုန်ပစ္စည်းတွေ ဖြစ်ဦးမလား။ ဒီပစ္စည်းတွေကို ဘာ အတွက်သုံးမလဲ။ concept အားကိုးနဲ့ ပြုလုပ်တဲ့အတွက် ဒါတွေကို conceptual objects လို့ ပိုမခေါ်သင့်ဘူးလား။ text စာသားတွေပါရှိတဲ့အတွက် text objects လို့ပဲ ယာယီခေါ်လိုက် ပါတယ်။ ဒီ text object တွေဟာ ခင်ဗျားတို့ရဲ့ အမြင်တွေကို ကြိုဆိုလျက်ပါ။ ။

ဇေယျာလင်း
6 aug,2010

- TEXT OBJECT# 1

- TEXT OBJECT # 2

- TEXT OBJECT # 3

- TEXT OBJECT # 4

- TEXT OBJECT # 5

- TEXT OBJECT # 6

- TEXT OBJECT # 7

- TEXT OBJECT # 9

- TEXT OBJECT # 10

ချစ်လို့ မြစ်ကိုငေးကြည့်တယ်

2
Filed under ကဗျာ

- Nageur 2 /Swimmer 2 (1958) by Léonard Matton

ဘယ်တော့မှ မအိုတဲ့အလှ
ဘယ်လိုမှ မဆုံးတဲ့ဂီတ

ချစ်လို့
မြစ်ကို ငေးကြည့်နားထောင်ရင်း
ကျွန်တော်က
အဲဒီလို စိတ်ကြီးဝင်တယ်

ဘ၀ရဲ့ အကွေ့တွေတိုင်း
ဖြတ်ကျော်ပုံ တည်ငြိမ်လွန်းလို့
မက်လို့မှ မ၀သေးခင်

မြစ်ရယ်
ပင်လယ်ကိုမှ ဦးညွှတ်ရတယ်လို့။

ပီမို

ဘယ်နေရာမှာ ရှိနေတာလဲ

2
Filed under ကဗျာ

- Nadie olvida nada (1982) by Guillermo Kuitca

ဗာဂျီးနီးယားဝုဖ်ရဲ့
ရေးသားချက်များအရ
တနင်္လာ
သို့မဟုတ် အဂါင်္
ပြီးတဲ့နောက်
နောက်ထပ် နေ့များ
နေ့ပြီးရင် ညည
ပြီးတော့လည်း နေ့
ရောက်လာတယ်
နေ့ထဲ နေနေပစ်တယ်
ညထဲ ထပ်ပြီးတော့
နောက်တစ်နေ့
အဲလို အဲလို အဲဒီလိုပါ
စိတ်က အတောင့်လိုက်
ပျောက်နေခဲ့တာ
ရင်က တလှပ်လှပ်
ဘာကို ကိုင်ထားပြီး
ဘာကို လုပ်ရမယ်
ရှိနေတာကို ရှိနေတယ်
ပြောသလောက်
ရှိခြင်းတွေ
ရှိနေတဲ့ မရှိခြင်းတွေ
စိတ်ကို
သက်တမ်းတိုးထားတယ်
ဖြစ်နေတာက
ညနေရောက်တိုင်း
ကမ္ဘာတစ်ခုနဲ့
မရမက ဆက်သွယ်
အချိန်တန်တော့
အိမ်ပြန်အိပ်ရုံ
သတ်သေသာဓကတွေ
မတွေးတော့ဘူးလား
ဓာတ်ပြားတွေ
လည်ပြီးရင်း လည်
အသံစုံ စာသားတွေ
မသေခင် ကတည်းက
ချာထွက်နေ
အသက်ထုပ်ဖက်ရွက်
လိပ်တက်လာခဲ့သလို
နေ့များ။

တောကျောင်းဆရာ
သြဂုတ်လ၊ ၂၀၁၀ ပြည့်နှစ်။

မှတ်သားဖွယ်ဘ၀ရေချိန်

0
Filed under အရေးအသား

- Gartentor (1914) by August Macke (1887–1914)

ဘာအကောင်းကျန်သေးလဲ၊ ဆန့်ထုတ်မရ ဆိုင်းထားမရ အရွယ်ကောင်းလူငယ် သက်တမ်း ကုန်ဖို့ လေးငါးနှစ်ပဲ ကျန်တော့တယ်။ ရွာကမ္ဘာငယ်တစ်ခုမှာ အသက်၊ အလုပ်အကိုင်၊ ပညာ အရည်အချင်း၊  နေရပ်လိပ်စာ၊ မိသားစု၊ သန်းငါးဆယ်မှာ တစ်ယောက်ရတဲ့ အမျိုးသား မှတ်ပုံတင်အမှတ်နဲ့ ဘ၀ဟာ ကျိန်စာမဆန်လွန်းဘူးလား။ ဂိုဒေါ့ကိုစောင့်နေတဲ့ စောက်ရူးတွေ မဟုတ်ဘူးလား။ အခြားထူးခြားချက်ရှိပေမယ့် ဖေါ်ပြလို့မရဘဲ ဒိထက် ကျယ်လာဖို့မရှိတဲ့ ကိုယ် ရေးအကျဉ်း ကိုလွန်ခဲ့တဲ့၂၇နှစ်အတိုင်း မိတ္တူကူးဖြည့်သွင်းတင်ပြရုံပဲ။ မောင်ယုပိုင်ဝဲ့ပ်ပေ့ခ်ျ တွေ လည်း ပျင်းစရာကောင်းလာတယ်။ အဟောင်းတွေထုတ်ပြပြီး မန်ဘာတွေ စည်းရုံးရတာ လွယ် ပါတယ်။ လိပ်ပြာသန့်ချင်ရင်တော့ အိမ်ပြန်ပြီး ဘောလ်ပင်နဲ့စာရွက်မဟုတ်ရင် အွန်လိုင်းနက်ထ် ၀ါ့ခ်မရှိတဲ့ ကွန်ပြူတာနဲ့ဖြစ်ဖြစ် ကိုယ်တိုင်လက်ခံနိုင်မယ့် နောက်ဆုံးပေါ်ကဗျာသစ်တစ်ပုဒ် သွားရေးနေသင့်တယ်။ လိပ်ပြာရဲ့ အရွယ်ရောက်တိရိစ္ဆာန်ဗီဇအရ မျိုးပွားရန် စေ့ဆော်စိတ်နဲ့ ဆန့်ကျင်ဘက်အလှကို အာရုံခံစား ဖြေဖျောက်ခြင်းသာ ဖြစ်တယ်၊ အနုသမားဖြစ်နေတော့ သာမန်ထက်နည်းနည်းပိုမယ်၊ ပညာသားပါမယ်။  ဒီအနုပညာသမားကြီး ဖြစ်နေလို့လည်း ကိုယ့်ဇာတ်နဲ့ကိုယ့်အရပ် သောက်တလွဲဖြစ်နေတာဖြစ်မယ်။ ဒီနှယ် ဇာတ်ဆန်ဆန် ရင်ဘတ် စည်တီးနယ်ကြိုက်လျှောက်လိုက်နေရုံနဲ့ အနုပညာသမားကြီးလို့ ဆိုလာသူတွေနဲ့လည်း ဒေသ မဂ္ဂဇင်း ဆက်လုပ်စရာအကြောင်းမရှိတော့လို့ ဘ၀ဟာ အထီးကျန်သောင်ပြင်ပေါ် လျှောက်ပြေး နေရတာ ဖြစ်မယ်။ အာရုံငါးပါးစလုံး သက်တောင့်သက်သာမရှိလှပါ။ ဆိုတိုင်းလည်း မွေးရာပါသဘာဝဒွါရ အပေါက်တွေကို ရုပ်နာမ်နှစ်ပါး အဆင့်ဆင့် ကျင့်ကြံအားထုတ်ခြင်းနဲ့ ပိတ်ဆို့စရာအကြောင်း မရှိလှပါ။ အကြောင်းရှိမှာပါ၊ လွတ်လပ်၊ မျှတ၊ ငြိမ်းချမ်းမှုကို အပေါက် တွေဖွင့်လျက်နဲ့ရှာတဲ့ တရားကပဲ တရားမျှတမှုရှိတဲ့ တရားဖြစ်မှာ။ အရေးပေါ် အနုပညာရောဂါ သည်ရဲ့ အပေါက်တွေက သာမာန်ရသနဲ့လောက်တော့ ဆေးပီးနေပြီ။ ဦးမှင်ငါးတံစလုံးကလည်း လှုပ်ရွနေတယ်။ ကောင်းချင်တယ်၊ ကောင်းချင်တယ်၊ တိမ်လိုပေါ့ပါး မျှောလွင့်သွားစေမယ့် နည်းနဲ့လည်း ကောင်းချင်တယ်၊ ညနက်မိုးချုပ် အိမ်မပြန်ဘဲ လျှောက်လွှင့်နေတဲ့ နည်းနဲ့လည်း ကောင်းချင်တယ်၊ ဆန့်ကျင်ဘက် အလှပန်းပွင့်များထံမှ သဘာဝအရ ၀တ်ရည်စုပ်မျိုရတဲ့ နည်းနဲ့လည်း ကောင်းချင်တယ်၊ ကိုယ့်မြေကိုယ့်အမျိုး ကောင်းစားစေချင်တဲ့နည်းနဲ့လည်း ကောင်းချင်တယ်။ ပြီးတော့ ဘာအကောင်းကျန်သေးလဲ။ ပညာအရည်အချင်း၊ အရှက်/သိက္ခာ၊ အချစ်၊ အလုပ်အကိုင် ဘာမှမကျန်တော့ House ကျန်တယ်  Home  မကျန်တော့ နေ့လည် နှစ်ချက်တီးကြီး ကျန်ရှိနေသေးတဲ့ ဆေးလိပ်မုန့်တိုနဲ့  အယ်လ်စီဒီ၊ ဒီဗွီဒီရိုင်တာတွဲလျက် ပီဖိုး တစ်စုံသာ ငါ့အကောင်းဆုံးတွေလို့ ဆိုပေမယ့် စပယ်ရှယ်အဖက် တပုံတခေါင်းအားကိုးနဲ့ ဆပ်ပြာခဲသီအိုရီမူဗွီတွေသာ ကျန်ပြီး မာတင်စကောဆေးဆေးတို့ အယ်လ်ဂျန်ဒရို ဂွန်ဇာလစ်ဇ် အီနာရစ်တူးတို့ ရုပ်ရှင်အသစ်တွေလည်း ထပ်မံမလာသေးခင် စပ်ကြားတော့ အဟောင်းထဲက ကိုယ့်မှာရှိသမျှ ကလဲ့စစ်တွေအထဲကလည်း လောလောဆယ် ကုန်နေပြီဆို မြူးဇစ်တွေက အကောင်းဆုံးပါပဲ။ မြူးဇစ်သောင်းပြောင်းထွေလာဒီဗီဒီနဲ့ ဆယ်ချပ်စာလောက် အမ်ပီသရီးတွေ အနက်ကမှ အခုတလော ပထမဦးစားပေး အပေးအယူတည့်ဖြစ်နေတာ စိုင်းခမ်းလိတ်နဲ့ လူငယ် စိုင်းထီးဆိုင် အကောင်းတကာ့ အကောင်းဆုံးတွေ ဒါမှမဟုတ် ၂၀၀၀လွန်ခါစက အပြိုင်းအရိုင်း ပေါ်ခဲ့တဲ့ အနောက်တိုင်းနယူးမယ်တယ် အုပ်စုတွေ အရှေ့နှင့် အရှေ့အလယ်ပိုင်းပါ မကျန် ပေါင်းစပ်ထားတဲ့ နယူးအေ့ခ်ျတွေ တခါတလေ ချစ်ကောင်းရဲ့ တစ်ယောက်တည်းလား ဖြစ်ချင် လည်းဖြစ်မယ် ငှက်ရဲ့စကားလုံးမရှိတဲ့ကောင်းကင် ဖြစ်ရင်ဖြစ်မယ် မဆီမဆိုင် ဘိုဘိုရဲ့ တို့ဝေး ရာ အယ်လ်ဘမ်မှာလည်း ငြိရင်ငြိနေမယ်၊ ဟစ်ဟော့တွေထဲကတော့ စင်းကင်း၊ သာ့ထ်၊ ဖို့သ်နဲ့ နိပ်ခ်စ် နိပ်ခ်စ်တွေ တစ်ယောက်တစ်ဖွဲ့မကျန် မျက်ခြေမပြတ်ပေမယ့် သူတို့ချင်း ဖေါင်းထုနေ တာကပဲ သူတို့ယဉ်ကျေးမှုလို့ ဆိုလာတော့ ဆိုနေတော့ တခါတလေမှ ကောင်းတယ်၊ အမြဲ ကောင်းနေဖို့ လိုတာကိုးကွာ၊ လင်းဘီစကစ်လို လုပ်ပေါ့ကွာ၊ Sanitarium…Leave me alone  လို့ ၁၉၈၆ က မယ်တယ်လစ်ကာ သီချင်းတစ်ပုဒ်ကို ရဲ့ပ်နဲ့ ဒဲ့တ်သ်မယ်တယ် ပေါင်းပြီး ငါ့ကိုယ် စား အော်ပေးပေါ့ကွာ၊ အက်ဒ၀ပ်မန့်ခ်ျရဲ့ အော်သံထဲမှာ ဘာအော်နေလဲ သိလား “ဘာသံမှ မထွက်ဘူး”၊ လူ့ဆိုဆိုင်ရက်တီတစ်ခုလုံးရဲ့ အော်သံ တစ်မြို့လုံး တစ်ကမ္ဘာလုံးရဲ့ အော်သံ သူ့ဖြစ်တည်မှုတစ်ခုလုံးရဲ့ အော်သံတွေဟာ  သူ့ကိုယ်က စုပ်ယူလိုက်သလို သူ့ထံ စုစည်း စီးဝင်းလာပြီး သီးမခံနိုင်မှုနဲ့ အစွမ်းကုန် အော်ဟစ်ဖို့ကြိုးစားပေမယ့် ၀ိဥာဉ်ခြောက်ကပ်လေး သာကျန်တော့တဲ့ ဆွံ့အသွားတဲ့ ကျယ်လောင်မှု။ အဲသလို ငါကြားတယ်၊ ကြားတတ်လာတယ်၊ အခု တခြားအသံအားလုံး ဖျောက်ဖျက်ပစ်လိုက်တဲ့ မိုးသံတဝေါဝေါဟာ ငါကြိုက်တဲ့အပြင်း စားဂီတတစ်မျိုးလို့  ကြားလာတယ်။ ဒီစာစုဖြစ်သွားတယ်။ ကောင်းသွားတယ်။

မောင်ယုပိုင်
၂၀၁၀၊ သြဂုတ်

ဝရန်တာလက်ရန်းပေါ် ရေစက်တွေ တစ်ပေါက်ပြီးတစ်ပေါက်

0
Filed under ကဗျာ

- Electric Grass (2007) by Mattjakob

မနေ့က တွေ့ခဲ့ရတာလည်း ဒီနေ့လိုပဲ
ဒီနေ့မှာ တွေ့လိုက်ရတာလည်း မနေ့ကလိုပဲ
ပြောင်းလဲစရာ ဘာမှမရှိတော့သလို အပြောင်းအလဲဟာ
ပွယောင်းနေတဲ့ တည်ရှိမှုထဲ စိုက်ဆင်းလို့
စိတ်ညွန်းပြမီတာများ အလုပ်မဖြစ်တော့တဲ့နောက်
အိပ်မက်တွေအကြောင်း ထပ်ထပ်မပြောတော့ဘူး
ထွေပြားစိတ်လွန် ပျောက်ဆုံးသွားတဲ့ အရာတွေနောက်
ကိုယ်တိုင်ပျောက်ဆုံးနေခဲ့သလို မျောလွင့်ပါနေတာ
ဘယ်အချိန် ဘယ်မျှ ဘယ်လိုပြန်ရောက်လာမယ်ဆိုတာ
စိတ်ကူးစိတ်သန်းများစွာ ရှည်မျောဆန့်ထွက်သွားခဲ့
အစနောက်အဆုံးကို ဖိနင်းထားရင်း အဆုံးကိုဖွေရှာ
အဓိပ္ပာယ်မရှိသော ခြေလှမ်းများက လမ်းသားများထက်
ဆင့်ကာတိုးလို့ ထပ်ရာတလဲလဲ ဒဏ်ရာတွေဗရပွနဲ့ ပွထနေ
ဘာမှ အစီအစဉ်တကျ မရှိတော့ အစဉ်သဖြင့် နောက်သို့ယူငင်
ပျက်ယွင်းမူအတွင်း ဖြစ်ပျက်ဆန်ခြင်း တရားသေသဘော
အချိန်ကိန်းစဉ်တန်းများဟာ ပုံသေကားချပ် ကျနေခဲ့တာ
ဟင်းလင်းပြင်ဟာ နာမကျန်းဖြစ်လို့ ချောင်းတဟွပ်ဟွပ်ဆိုးနေတယ်
ရှေးအဝေးဆီက စိမ်းရွက်တွေ ဖြိုးသီနေသေးသလား
အာရုံဟာ ခံစားလျက် ပျောက်ဆုံးနေတယ်။

- တောကျောင်းဆရာ
၂၀၁၀ပြည့်နှစ်၊ ဇူလိုင်။

စကားစမြည်

0
Filed under အရေးအသား

Arcade in Thun by August Macke

လမ်းကျဉ်းကလေးထဲချိုးဝင်လိုက်တော့…။
ဒီနေရာက လမ်းကျဉ်းကလေး ဆိုပေမယ့် သူ့အတိုင်းက ဒီလောက်မကျဉ်းပါဘူး။ လမ်းဘေးဝဲ ယာ နှစ်ဖက်က ရွေ့လျားဆိုင် ကလေးတွေကြောင့်သာ ကျဉ်းသလိုလိုဖြစ်သွားတာ။ မိုးက တစ် ဖြောက်ဖြောက်ကျနေတုန်းပဲ။ ကျွန်တော်လည်း ခေါင်းက မူးနောက်နောက်နဲ့။ ဘာဖြစ်လို့များ မူးနောက်နောက်ဖြစ်နေလဲ ဆိုတာစဉ်းစားလို့မရဘူး။ ကျွန်တော့်မျက်မှန်က ပါဝါမကိုက်တော့ လို့လား။ အခုတပ်ထားတဲ့ မျက်မှန်က လွန်ခဲ့တဲ့တစ်နှစ်။ တစ်နှစ်ကျော်ပြီပေါ့။ အဖေနဲ့ အတူတူ ရန်ကုန်က နာမည်ကြီးဆိုင်တစ်ဆိုင်မှာ လုပ်ခဲ့တာ ။ နာမည်ကြီးတယ် ဆိုတာကလည်း တီဗီမှာ နာမည်ကြီးမင်းသားနဲ့ ကြော်ငြာတာရယ်။ ဆိုင်းဘုတ်က တစ်ခြားဆိုင်တွေထက် ပိုကြီးပြီးပို ခေတ်မီတာရယ်။ ကျွန်တော်ဟာ လမ်းမရဲ့ဟိုဘက်နဲ့သည်ဘက်ကို ဖြတ်ပြေးလာတယ်။ ရေအိုင် တစ်အိုင်ထဲကိုတောင် ဖြတ်ပြေးခဲ့ရသေးတယ်။ ကျွန်တော်စီးထားတဲ့ အလယ်အလတ်တန်းစား ဖိနပ်ကလည်းရွဲရွဲစိုလို့။ တော်ရုံနဲ့ ပြန်ခြောက်တော့မှာမဟုတ်ဘူး။ ပြီးတော့ ဖိနပ်ကအပုပ်နံ့ တောင် ထွက်လာဦးမယ်။ ညစာစားဖို့ အသုတ်စုံဆိုင်ကလေးထဲကို ပြေးဝင်လာတယ်။ အမိုးက ခပ်ရှည်ရှည်မိုးထားတယ်။ ဘက်ထရီမီးချောင်း နှစ်ချောင်းရဲ့ အလင်းရောင်အောက်မှာ ဆိုင်ရှင် ငနဲက ပြုံးဖြီးဖြီးနဲ့ ထိုင်နေတာတွေ့ရတယ်။ ဒီငနဲက အမြဲတမ်း ပြုံးဖြီးဖြီး ဖြစ်နေတယ်လို့ ထင် ရတယ်။ ငယ်ငယ်တုန်းကဆိုရင် နိုင်ထက်စီးနင်းပြုတတ်တဲ့ လူကောင်ကြီးကြီးသူငယ်ချင်းတွေနဲ့ သင့်အောင်ပေါင်းပြီး အတန်းထဲမှာဘိတ်ဆုံးကနေရမယ် ဂိုက်ပဲ။ အခေါက်ကင်သုတ် တစ်ပွဲပေး ပါလို့  ပြောပြီး ဖြူဖပ်ဖြူရော်အရောင်လွင့်နေတဲ့ ကော်ခုံတစ်လုံးမှာ ၀င်ထိုင်တယ်။ ကျွန်တော် ဆာနေပြီပဲ။ ညစာစားချိန်ကျော်နေပြီ။ အိမ်မှာဆိုရင် စားချင်ချင် မစားချင်ချင် ခုနှစ်နာရီဟာ နောက်ဆုံးပဲ။ ဒီထက်နောက်ကျရင် တစ်ယောက်တည်း ကိုယ့်ဘာသာ ထမင်းဝိုင်းပြင် နေရမှာ ရယ်၊ အေးစက်နေမှာရယ်၊ ထမင်းစားတာကိုပဲ အလုပ်တစ်ခုလို တကုပ်ကုပ်လုပ်နေရမှာ ကြောက်လို့ မိသားစုထမင်းဝိုင်းထဲ ၀င်လိုက်တာပိုများတယ်။ ထမင်းဝိုင်းမှာတော့ အညစ် အကြေးစွန့်တဲ့ကိစ္စနဲ့ လက်ရှိလုပ်ငန်း အပေါ်ဝေဖန်ချက်တွေက လွဲရင် အားလုံးဟာ ပြောသင့်တဲ့ အကြောင်းအရာတွေပဲ။ အညစ်အကြေးစွန့်တဲ့ ကိစ္စကိုမပြောသင့်တာက လူဆိုတာ ပြောင် ပြောင် တင်းတင်းပဲ တစ်ဖက်စောင်းနင်းနိုင်တတ်တဲ့ သတ္တ၀ါမျိုးမဟုတ်လား။ ဒါဟာ စည်းမျဉ်း စည်းကမ်းတစ်ခုပဲ။ လက်ရှိလုပ်ငန်းနဲ့ ပတ်သက်တဲ့ဝေဖန်ချက် အတွက်ကတော့ လူကြီးတွေက သူတို့ရဲ့စိတ်ကူးနဲ့ အသက်အရွယ်ကို စော်ကားတယ်ထင်သွားမှာ စိုးလို့ပါပဲ။ မိုးရွာတော့ လူပါး မှာပေါ့လို့ ကျွန်တော်က အခေါက်ကင်သုတ်နေတဲ့ ငနဲကို စကားမရှိ စကားရှာပြီး ချွဲကြည့်တယ်။ စိတ်ထဲမှာ ပျင်းခြောက်ခြောက်ဖြစ်နေတာလည်း ပါတယ်။ လူ့ရေးလူ့ရာမှာ ဒီလိုပဲ စကားလုံး တွေရှာပြီး ပြောကြည့်ရမယ် ကျွန်တော်က ယူဆထားတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်လည်း အပေါင်းအသင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီး ၊ ဒါမှမဟုတ် နှစ်ကိုယ်ကြားဖြစ်ဖြစ် မပြောရတာကြာပြီ။ စိတ် ထင်ရာတွေ၊ ရန်ရှာတာတွေ၊ ပြဿနာလုပ်တာတွေ ဒါတွေက ဝေးနေတာ ကြာပြီ။ အပေါင်း အသင်းဆိုတာလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ စကားဝိုင်းတစ်ခုမှာ သံသေးသံကြောင်နဲ့ အား လုံးက ခန့်ညားလေးစားလာအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးရှိနေရင် ဒီကောင်ဟာ မြောင်းထဲ အပို့ခံရမှာပဲ။ ၀ိုင်းသိမ်းလို့ လူမှန်းမသိအောင် မူးရူးနေရင် ကတ္တရာလမ်းပေါ် ပစ်ချထားခဲ့မှာပဲ။ ကားပဲ ကြိတ်ကြိတ်၊ ခွေးပဲစားစား။ သူဟာကလေးနဲ့ သူတော့လာပါတယ်လို့ အခေါက်ကင် ဆရာပြန်ပြော အင်း ဟုတ်ပါ့လို့ ကျွန်တော်လည်း ဆက်ဖြည့်ပြီး ပြောပေးလိုက်တယ်။ ရာသီဥတုကလည်း စိတ်ပျက်စရာကောင်းလှပါပေရဲ့။ အခေါက်ကင်သုတ်တဲ့ ငနဲရဲ့ စင်းတီတုံး ပေါ်က တစ်ဒုံးဒုံးခုတ်နေတဲ့အသံရယ် ၊ ရေအိုင်ထဲဆိုင်ကယ်တစ်စီးတစ်ဗွမ်းဗွမ်းဖြတ် သွားတဲ့ အသံရယ်၊ ကျွန်တော့်နောက်ကျောဘက်က ကဖီးဆိုင်မှာဖွင့်ထားတဲ့ နိုင်ငံခြားဇာတ်လမ်းထဲက မှန်ကွဲသံရယ်က လွဲလို့ ဘာမှ ပီပီသသမကြားရဘူး။ အရင်ညတွေလို့ ကောင်မလေးတွေ နှစ် ယောက်တစ်တွဲ ၊သုံးယောက်တစ်တွဲ လက်ချင်း ချိတ်ပြီးလမ်းမပေါ် ဖြတ်လျှောက်နေကြတာမျိုး လည်းမရှိဘူး။ ဟင်းချိုတစ်ခွက် ကျွန်တော့်ရှေ့ရောက်လာတော့ အလိုက် သင့်ပဲ တစ်ဇွန်းနှစ်ဇွန်း ခပ်သောက်လိုက်တယ် ။ ဘာအရသာမှတော့ မရှိဘူး ။ ဒါပေမယ့် ဟင်းချိုဆိုတာ ခပ်သောက် ရမယ်မဟုတ်လား ။ ဆက်တိုက်ပဲ နီနီရဲရဲအချဉ်ရည်နဲ့ ငရုတ်သီးမှုန့်ဖြူးထားတဲ့ အခေါက်ကင် သုတ်က ရှေ့ရောက်လာတယ်။ ပြီးတော့ ထမင်းတစ်ပွဲ ။ အခေါက်ကင်သုတ်ကို မြင်တော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်ကျင်လည်ခဲ့တဲ့ ရန်ကုန်မြို့က ကျောက်မြောင်းထဲကို စိတ်က ရောက်သွားတယ်။ အဲဒီမှာနေတုန်းက ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ဟာ သွား နေကြ မြန်မာထမင်းဆိုင်ကို စိတ်ကုန်လာတဲ့အခါ ၊ ငွေယားကလေးလည်း နည်းနည်းရွင်နေတဲ့ အခါ တရုတ်ဆိုင်ကို သွားစားတတ်ကြတယ်။ အလုအယက်စာတဲ့ သဘောမျိုးပါပဲ။ ဟင်းပန်း ကန်ထဲမှာ ပြောင်တလင်းခါသွားတဲ့အထိ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုရှိရှိ ဝေမျှစားကြတယ်။ ပြီးတော့ လဘက်ရည်ဆိုင်ဘက်သွားပြီး သီချင်းနားထောင်ရင်း စီးကရက်လေး ဘာလေးဖွာကြ တယ်။ ဆေးလိပ်ငွေ့တွေ မွန်ထူနေပြီး ဖန်တစ်ရာတေနေတဲ့ အကြောင်းအရာတွေကို စကား လုံးအသစ်နဲ့ ထပ်ထပ်ပြီးဆွေးနွေးကြတယ် ။ ဘယ်တော့မှ မရိုးအီဘူးအထင်နဲ့ သီချင်းခွေ တစ်ခွေထဲကိုပဲ ထပ်ထပ်ပြီးနားထောင်ကြ သလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဟာ မသေမချင်း သီချင်းအသစ်တွေ အများကြီးလိုနေတယ် ။ ကျွန်တော့် အနောက်ဘက်က ထီလှည်းတစ်စီး ဖြတ်သွားနေတာကို လှည့်မကြည့်ပဲ သိလိုက်တယ်။ စပီကာအစုတ်ကြီးက တရွေ့ရွေ့ တဗြဲဗြဲနဲ့ မချိမဆန့်အသံထွက်နေတာကိုး ။ ဖွင့်ထားတဲ့ သီချင်းကတော့ ကျွန်တော်မကြိုက်ဆုံး သီချင်းပဲ ။ ကျွန်တော်က သီချင်းကို မကြိုက်တာထက် သီဆိုသူရဲ့ အသိဥာဏ်ကင်းမဲ့မှုကို ပိုမကြိုက်တာ ဖြစ်မယ်။ မကြာသေးခင်ကပဲ အဲဒီအဆိုတော်ကြီးဟာ လိုက်ရှိုးတစ်ပွဲ ကျင်းပသွားပြီး သူတစ် ယောက်တည်းဆိုရင် လူနားမထောင်မှာစိုးလို့ ဒီနေ့ခေတ်နဲ့ပါလာတဲ့ အမှိုက်ကလေးတွေကိုပါ စင်ပေါ်ဆွဲတင်ခဲ့သေးတာ။ အခုလို လာအားပေးတဲ့အတွက် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး တော့တောင် ဒီလူက ခန့်ခန့်ညားညားကြီး ပြောလိုက်သေး ။ တကယ်တော့ ကျွန်တော်တို့ လူမျိုး တွေဟာ များသောအားဖြင့် စာရင်းချကြည့်ရင် ဘုမသဘမသိတွေ။ ကိုယ်သောက်နေတာ ဆေး လား ၊ အဆိပ်လားဆိုတာလောက်တော့ ကွဲပြားသင့်တာပေါ့။ ဒီလိုမှ..။ ကျုပ်က မိုးရွာတာ မကြောက်ဘူးဗျ ။ အခေါက်ကင်သုတ်တဲ့ ငနဲဆီက စကားသံထွက်လာပြန်တယ်။ ကျွန်တော်က စားရင်းသောက်ရင်းနဲ့ အင်း ဆိုတဲ့ အသံကိုပြုလိုက်ရတယ်။ ဒါဖြင့် ခင်ဗျားကြောက်တာက ဘာလဲ။ ဒီလိုမေးလိုက်ချင်ပေမယ့် သူ့ဘာသာသူ စကားဆက်လာလိမ့်မယ် ဆိုတာ စိတ်က သိနေတော့ ကျွန်တော်လည်း ဘာမှဆက် မပြောတော့ဘူး။ လေတိုက်မှာပဲ ကြောက်တာဗျ။ လေ တိုက်ရင် ဘာမှလုပ်လို့ မရတော့ဘူး။ ဖုန်တွေသဲတွေနဲ့ သွားရော။ အစားကြီးတဲ့ ဧည့်သည်တွေ က တစ်ခါတည်း ထွက်ပြေးကြတာပဲ ။ ငနဲက ဆက်တိုက်ပဲ ပြောသွားတယ်။ ပြီးတော့ ကွမ်း တစ်ယာ ထုတ်ဝါးတယ်။ ကျွန်တော်လည်း ဘာမှမဆက်တော့ အခြေအနေက ပြန်ငြိမ်သွား ပြန်တယ် ။ အသုတ်ဆိုင်နံ ဘေးမှာတော့ ၀က်သားတုတ်ထိုးရောင်းတဲ့ မိန်းမတစ်ယောက်က အိပ်ငိုက်နေတဲ့ မျက်လုံးနဲ့ ထိုင်နေလေရဲ့။ အနွေးထည်လည်း ၀တ်ထားသေးတယ်။ နေမ ကောင်းတဲ့ပုံပဲ။ ဆိုင်ထဲ ဆိုက်ကားဆရာတစ်ယောက် လေချွန်ပြီး ၀င်လာတယ်။ ဒီနေ့ပွဲ ကတော့ အကြိတ်အနယ်ပဲ။ အပေါ်ကထိုင်တဲ့ ကောင်တွေ အောင်မှာ ကျိန်းသေတယ်။ ပြောပြောဆိုဆို ကုလားထိုင်တစ်လုံးဆွဲပြီး ၀င်ထိုင် တယ်။ အခေါက်ကင်ငနဲဆီက ကွမ်းတစ်ယာ တောင်းစား လိုက်သေးတယ်။ ဘာနဲ့ဘာလဲ။ မနေ့ညက ဇီးဇီးလား။ သူတို့နှစ်ယောက် အဖွဲ့ကျသွားတယ်။ ကျွန်တော်လည်း စားသောက်ပြီးသွားတော့ ရေပုံးရှိရာသွားပြီး ရေတစ်ခွက် ခပ်သောက်တယ်။ ရေကလည်း နွေးလိုက်တာ။ ရေပုံးရဲ့အောက်ခြေမှာ အမှုန့်တွေကျနေတာ တွေ့ရတယ် ။ ပိုက်ဆံ ရှင်းပြီး အခေါက်ကင် သုတ်ဆိုင်ကထွက်ခဲ့တော့ မိုးရေထဲ ပြန်ရောက်သွားပြန်ရော။ ခပ်သွက် သွက်ပဲ ရေအိုင်ကို ဖြတ်ပြီး ပြေးရပြန်ရော။ အခုနက အခေါက်ကင်ငနဲပြောတဲ့ လေတိုက်မှာ ကြောက်တယ်ဆိုတဲ့ စကားလေးကိုတော့ ကျွန်တော် သဘောအကျသား။ သူ့ဟာလေးနဲ့ သူ တော့ ဆက်စပ်မိနေတယ် လို့ထင်တယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ ကြောက်ရမှာက အကြောက်တရားဆိုပဲ။ ဒီစကားကို ရုစဗဲ့လား၊ ထရူးမင်းလား အမေရိကန်သမ္မတ တစ်ယောက် ယောက်ကပြောခဲ့တာပဲ။ နာမည်နဲ့တော့မတွဲ မိတော့ဘူး။ အခေါက်ကင်ငနဲသာ မိန့်ခွန်းပြောရင် တော့ တကယ်တမ်း ကျွန်တော်တို့ ကြောက်ရမှာက လေပဲလို့ပြောမှာ။ ကျွန်တော်ဘာသာ စိတ်ကူးပေါက်ရာဆက်စပ်ရင်း နည်းနည်း မြူးလာတယ်။ ကျွန်တော်လည်း လမ်းမကြီးဆီ အ ရောက် ခြေကုန်သုတ် ဆက်ပြေးတယ်။ ပြီးတော့ ချိုးကွေ့သွားတယ်။

နေ၀ိုင်ဝိုင်

ကဗျာအင်တာဗျူးအတွက် လင်းဝေးခက်၏ အဖြေများ

4
Filed under ကဗျာ, အရေးအသား, ဆောင်းပါး

ကိုယ့်ကိုကိုယ် ဖြေခြင်း သို့မဟုတ် ကဗျာအင်တာဗျူးကိုဖြေခြင်း

ပန်းအလင်္ကာစာပေမဂ္ဂဇင်း အမှတ် ၆၊ ၂၀၁၀ ဇူလိုင်လထုတ် စာမျက်နှာ ၆၈မှ ၇၁ အထိ ဖော်ပြ ထားသော ဇေယျာလင်း ရေးသားသည့် ကဗျာအင်တာဗျူး မေးခွန်း ၆၄ ခုကို ဖြေသည် မည်သူ ကမျှ ဖြေခိုင်းခြင်းမဟုတ်သော်လည်း ကိုယ့်အခြေကို ကိုယ်တိုင်သိချင်လို့ ဖြေကြည့်ခြင်းပါ။ မေးခွန်းတွေကို ပြန်မရေးတော့ဘဲ၊ မေးခွန်းက နံပါတ်စဉ်တွေကိုသာ နံပါတ်စဉ်တပ်ပြီး ဖြေကြည့် ပါတယ်။ (လင်းဝေးခက်)

၁။ ယနေ့မြန်မာရှုခင်းမှာ မိမိကိုမိမိ ကဗျာစိတ်ပါဝင်စားသူ နေရာမှာ ချထားပါတယ်။ မိမိနေရာ ဟာ ပရိသတ်တွေနဲ့ အတူတူပါပဲ။

၂။ ကဗျာဟာ ကဗျာရေးသူရဲ့ ကိုယ်တွေ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အတွေ့အကြုံခံစားမှု လည်း ဖြစ်တယ်။ ကိုယ့်တွေ့ဖြစ်ရပ်မဟုတ်ဘဲ ရေးတဲ့ကဗျာတွေလည်း ရှိပါတယ်။ ကိုယ်တိုင် မကြုံတွေ့ ရတဲ့ ခံစားမှုတွေကိုလည်း ရေးကြတဲ့ ကဗျာတွေ ရှိပါတယ်။

၃။ ကဗျာရေးသူရဲ့ ကဗျာနဲ့ကဗျာရေးခြင်းအလုပ်ဟာ နေ့စဉ်ဘ၀နဲ့ ထိတွေ့ ဆက်စပ်နေပါတယ်။ လုံးဝ ကင်းလွတ်နေတဲ့ ကဗျာမရှိပါဘူး။ (ဘယ်လို ဆက်စပ်ပါသလဲ ဆိုတာ ပြောရခက်ပေမယ့် ဘယ်လောက် ဆက်စပ်နေသလဲ ဆိုရင်တော့ ၁၀၀% ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်)

၎။ အကြမ်းဖျင်းအားဖြင့် ကိုယ့်အတွက် ကိုယ်ရေးတာပါ။ (ရေးပြီးမှ တခြားသူတွေကို ပေးဖတ် တာ၊ စာမျက်နှာပေါ်တင်တာက နောက်ဆက် ကိစ္စပါ။

၅။ ကိုယ်ပြောချင်တာကို စကားပြေနဲ့ ပြောလို့ မရလို့ ကဗျာနဲ့ ရေး(ပြော)တာပါ။ စကားပြေနဲ့ ပြောလို့ ရ ပေမယ့်လည်း ကဗျာနဲ့ ပြောချင်လို့ ကဗျာ ရေးရတာလည်း ဖြစ်ပါတယ်။

၆။ ကျွန်တော့်အတွက်တော့ Experiment ကို ကဗျာမှာ စမ်းသပ်တာလို့ နားလည်ပါတယ်။ စမ်း သပ်ကဗျာအမျိုးအစားကိုလည်း စာမျက်နှာပေါ် တွေ့လာရတဲ့နောက်ပိုင်း စမ်းသပ်ကဗျာ အမျိုး အစား ကဗျာရှိကြောင်းနဲ့ စမ်းသပ်ကဗျာတွေ ဖတ်ရတာလည်း အရသာရှိတာကို တွေ့ရပါတယ်။ စမ်းသပ်ကဗျာအမျိုးအစား ကဗျာ မရေးဖူးပေမယ့် စကားပြေကဗျာကို စမ်းသပ် ရေးဖူးပါ တယ်။ အတွေးတစ်စအပေါ် အခြေခံပြီး အဲဒီအတွေးနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ကဗျာဖြစ်လာ မလားလို့ စမ်းသပ်ကြည့်ဖူးပါတယ်။

၇။ ကဗျာနဲ့ ပတ်သက်လို့ သိမှုဗဟုသုတ knowledge နဲ့ အတတ် skill တို့ကို သင်ယူတတ် မြောက်ဖို့  လိုတယ်လို့ထင်ပါတယ်။ အန္တရာယ် မရှိပါ။

၈။ ကဗျာရေးသူဟာ ကဗျာပေါ်မှာရယ်၊ ကဗျာရေးခြင်းပေါ်မှာရယ် တာဝန်ရှိပါတယ်။ ဘာတာ ၀န်တွေလဲ ဆိုတော့ မိမိရေးလိုက်တဲ့ ကဗျာမှာ စကားလုံးတစ်လုံး ပိုမနေအောင်/ လိုမနေ အောင်ရယ်က အစ ကဗျာ ဖြစ်အောင် အဆုံး တာဝန် ရှိပါတယ်။ ဘယ်သူကမှ ပေးတဲ့ တာဝန် မဟုတ်ဘူး။ ကဗျာရေးသူ ကိုယ်ဘာသာကိုယ် ပေးတဲ့/ယူရတဲ့ တာဝန်ပါ။

၉။ ကဗျာရေးရင် ဘယ်လို၊ ဘယ် ဘာသာစကားနယ်ပယ် အသုံးအနှုန်းပဲ သုံးပြီး ဘယ်နယ် ပယ် အသုံး အနှုန်းတွေကိုတော့ ရှောင်မယ်ဆိုတာမျိုး လိုသလား ဆိုတော့ ကိုယ် ဘာကဗျာရေးနေ သလဲ၊ ဘယ်အကြောင်းအရာပေါ် ရေးနေသလဲ အပေါ် မူတည်ပါတယ်။ ကိုယ်ရေးတဲ့ ကဗျာနဲ့ ပတ်သက် ဆက်စပ်တဲ့ ဘာသာစကား/စကားလုံးတွေကိုပဲ သုံးပါတယ်။

၁၀။ တချို့ ကဗျာကို သုံးပြီး၊ တချို့ကဗျာမှာ မသုံးပါ။

၁၁။ ကိုယ်ရေးတဲ့ကဗျာဟာ ပြင်ပလောကကို ထင်ဟပ်ပါတယ်။ ဘာတွေကို ဘယ်လို ထင်ဟပ် သလဲ ဆိုတော့ ရေးတဲ့ကဗျာတွေပေါ်မှာပဲ မူတည်တယ်။ တချို့ကဗျာဆိုရင် တမင်ထင်ဟပ် အောင်ကို ရေးပါတယ်။

၁၂။ ပို့စ်မော်ဒန်သီအိုရီအချို့ပြောသလို ကဗျာထဲက စာသားတွေဟာ ပြင်ပကို မညွှန်းဘဲ အခြား စာသားတွေ၊ စကားလုံးတွေ၊ အညွှန်းတွေကိုပဲ ပြန်ညွှန်းတာဖြစ်တဲ့အတွက် ကဗျာဟာ ပြင်ပ လောကကို မထင်ဟပ်ဘူး ဆိုတာ လက်မခံပါဘူး။ ဒါဟာ ဖတ်သူရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။

၁၃။ ပတ်သက်မှု ရှိတယ်လို့ ထင်ပါတယ်။ ကိုယ်သိလိုက်ရတဲ့ ကဗျာအမြင်၊
အမျိုးအစား၊ ဗျူဟာ၊ တက္ကနိ စတဲ့အပြောင်းအလဲတွေကြောင့် ကိုယ်လက်ခံထားတဲ့
ကဗျာအမြင်တွေ ပြောင်းလဲသွားသလို ရေးတဲ့ ကဗျာတွေ ပြောင်းလဲသွားပါတယ်။

၁၄။ ရွေးချယ်စီမံပြီး အစီအစဉ်တကျ ပြုလုပ်ရေးသားတာပါ။ ရင်ထဲရှိတာ ရေးချလိုက်တာတော့ ကဗျာရေးခါစ ကာလမှာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ မရှိတော့ပါ။

၁၅။ ယနေ့ မြန်မာရှုခင်းကို အပြည့်အ၀ စိတ်ဝင်စားပါတယ်။

၁၆။ ဒီမေးခွန်းကို ဖြေရမှာတော့ နည်းနည်းရှည်မယ်။ တစ်ကြောင်းတည်း ဖြေကြည့်ရရင်တော့ အမျိုးသမီးတွေက လုပ်ငန်းဆောင်တာတွေ များတယ်ဗျ၊ ဘ၀ကိုလည်း အသုံးချတန်ဖိုးနဲ့ တွက် ချက် နေထိုင်ကြတာ။ နိုင်ငံတကာမှာတော့ ကဗျာဆရာ/ဆရာမ ဘယ်အချိုးလောက် ရှိမယ် ဆိုတာ မသိပေမယ့် ဘာသာပြန်ကဗျာတွေ ဖတ်ရတာမှာလည်း ကဗျာဆရာမတွေထက် ကဗျာ ဆရာ တွေရဲ့ ကဗျာတွေကိုပဲ ပိုဖတ်ရတယ်။ ပြန်ဆိုပေးတဲ့ သူတွေကလည်း ယောက်ျားတွေ ဖြစ်နေလို့လား တော့ မသိဘူး။ လူမှုလက်တွေ့ဘ၀မှာတော့ ဘယ်လူတန်းစားပဲကြည့်ကြည့် မိန်းမတွေ လုပ်ရတဲ့ အလုပ်က ယောက်ျားတွေထက် ပိုများတာတော့ အမှန်ပါပဲ။ ဟိုတစ်လော ကပဲ စစ်တမ်း တစ်စောင်မှာ ယောက်ျားတွေ အနားယူချိန်က မိန်းမတွေထက် ပိုများတယ်တဲ့။ ယောက်ျားတွေနဲ့တင် ဒီလောက် ရှုပ်နေတာ မိန်းမတွေ များလာရင် ပိုရှုပ်ကုန်မှာမစိုးရိမ်ဘူးလား။

၁၇။ မြန်မာ့အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကဗျာရဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုတဲ့ နေရာရဲ့ ထိပ်ဆုံးနားမှာ မရှိသလို၊ အရေးမပါဘူးဆိုတဲ့ နေရာရဲ့ နောက်ဆုံးနားမှာလည်း မရှိပါဘူး။ ဘယ်ခေတ်ကာလ ရောက်ရောက် ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကဗျာဟာကဏ္ဍ တစ်ခုအနေနဲ့ရှိနေ၊ သတ်မှတ်ထားကြမှာပါ။ မီဒီယာသမားတွေကလည်း ကဗျာကိုဖော်ပြသင့်တဲ့ အချိန်၊ ဖော်ပြလို့ ရမယ့်နေရာတိုင်း/အချိန်တိုင်းမှာ ဖော်ပြကြပါတယ်။ သတင်းဦးစားပေး ဂျာ နယ် ဖြစ်တဲ့ (Weekly Eleven လား၊ By weekly Eleven လား) ဂျာနယ်မှာတောင် ဖေဖော်ဝါရီ  လထဲမှာ ကဗျာတစ်ပုဒ်ဖော်ပြခဲ့သေးတယ်။ ကျန်ခဲ့တဲ့နှစ်တွေမှာ ကုမုဒြာဂျာနယ်မှာကဗျာ ဖော်ပြ တာတွေ့ရတယ်။

၁၈။ ကဗျာဆရာဟာ ကဗျာကလွဲလို့ ကဗျာဝေဖန်ရေး၊ ဆောင်းပါး၊ ဖတ်ညွှန်းစတဲ့ စကားပြေ တွေ မရေးရဘူးဆိုတာ လက်မခံပါဘူး။

၁၉။ စကားပြေကဗျာကို ကဗျာအမျိုးအစားတစ်ခုအဖြစ် မြင်ပါတယ်။ စကားပြေကဗျာဆိုပြီး ရေး ဖူးပါတယ်။

၂၀။ ကိုယ့်ကဗျာတိုင်းကို ဘယ်ကဗျာကတော့ ဘယ်လိုအမျိုးအစားလို့ အနီးစပ်ဆုံးသတ် မှတ်တာ ရှိပါတယ်။ တစ်ခါတစ်ရံ ရေးဖူးပါတယ်။ တစ်ခါမှာတော့ ကဗျာပြီးအောင် မရေးဖူးပါ။

၂၁။ ကိုယ်ရေးတဲ့ကဗျာကို ဘာခေါင်းစဉ်၊ ဘာလေဘယ်အောက် တပ်ထားလို့ ကိုယ့်ကဗျာကို ဘာကဗျာအမျိုးအစားလို့ ပြောလို့ရပါတယ်။

၂၂။ ကိုယ်ဖတ်ဖူးတဲ့ သူများကဗျာတွေထဲက နည်းအချို့ကို ယူသုံးရင် အဲဒီနည်းတွေရဲ့ နောက် ကွယ်က ကဗျာဗေဒကို သိစရာလိုတယ်လို့ ထင်ပါတယ်။

၂၃။ နိုင်ငံတကာကဗျာတွေကို မူရင်းဘာသာစကား(တခြား ဘာသာစကားတွေနဲ့ မဖတ်ဖူး ပေ မယ့် ) အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ကဗျာတွေ တွေ့ရင် ဖတ်ကြည့်တယ်။ (ဖတ်တာမဟုတ် ပါ) ဖတ်ကြည့်တာပါ။

၂၄။ နိုင်ငံတကာ ဘာသာပြန်ကဗျာရဲ့ အခန်းကဏ္ဍကို အရေးကြီးတဲ့ကဏ္ဍတစ်ခုလို့ မြင်ပါ တယ်။ ကဗျာတစ်ပုဒ်တလေ ဘာသာပြန်ဖော်ပြတာနဲ့ ကဗျာဗေဒတစ်ခုလုံး မိတ်ဆက်ပေးခြင်း က လက်ရှိမြန်မာကဗျာအပေါ် အကျိုးသက်ရောက်မှု အကြီးအကျယ်ရှိပါတယ်။ အဲဒီကဗျာဗေဒ တစ်ခုက မြန်မာပြည်က ကဗျာနဲ့ ပတ်သက်သူတွေအပေါ် သက်ရောက်မှု တစ်ခုခုရှိခဲ့ရင် မြန်မာ ကဗျာလောက ၅၀% လောက် ပြောင်းလဲသွားနိုင်ပါတယ်။

၂၅။ နိုင်ငံတကာ ဘာသာပြန်ကဗျာကို ကိုယ်ရေးတဲ့ ကဗျာတွေနဲ့ ယှဉ်ပြီး မဖတ်ပါဘူး။

၂၆။ ကဗျာဆရာက (ဒီနေရာမှာ ကိုယ်က ဘယ်သူ့ကို ကဗျာဆရာလို့ သတ်မှတ်ထားသလဲ ဆို တာ လည်း အရေးကြီးတယ်) သူရေးတဲ့စာသားကို ကဗျာလို့ သတ်မှတ်ရင် ကဗျာအဖြစ် နဲ့ ဖတ်ရှုခံစားပါတယ်။ ကဗျာဖြစ်/မဖြစ်ကိုရောအများလက်ခံထားတဲ့ သေချာတိကျတဲ့ စံနှုန်း/ သတ်မှတ်ချက်ရှိလို့လား။ (အများလက်ခံထားတဲ့ သေချာတိကျတဲ့ စံနှုန်း/သတ်မှတ်ချက် ဆိုတာ ဘာလဲ/ဘယ်လို လို့ ထပ်တော့ မမေးတော့နဲ့နော်။)

၂၇။ ကဗျာဟာ လူအများစု ဖတ်တာလည်း မဟုတ်၊ ကြိုက်နှစ်သက်တာလည်း မဟုတ်၊ ကြိုက် နှစ်သက်တာလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ ဆိုတော့ ၁။ ရေးချင်လို့။ ၂။ မ ရေးရ မနေနိုင်လို့။

၂၈။ ရန်ကုန်အခြေစိုက် ကဗျာဆရာတွေနဲ့ နယ်ကဗျာဆရာတွေ ကြားမှာ ကဗျာနဲ့ ပတ်သက်လို့ ကွဲပြား ခြားနားချက်တွေ ရှိတယ်လို့ ထင်ပါတယ်။ ကဗျာနဲ့ တစ်ခုခု ဖြစ်ပြီဆိုရင် ၊ စာမျက်နှာပေါ် ပါပြီဆိုရင် ရန်ကုန်မှာက အလွယ်တကူ မဟုတ်တောင် ရှာလို့ ဖွေလို့ရတယ်။ နယ်မှာက အဓိက စာအုပ်တိုင် မရောက်တာပါပဲ။ စာမျက်နှာပေါ် တရားဝင် မရောက်ခဲ့ပေမယ့် ကဗျာဆရာ ဖော်ဝေး
ပြောခဲ့တဲ့ စကားတစ် ခွန်း ရှိပါတယ်။ တောမှာနေပြီးတော့ မော်ဒန်ကဗျာရေးလို့ မရဘူး။ မော်ဒန် ကဗျာရေးချင်ရင် တော့ မြို့ပြမှာ နေရမယ်။ ကဗျာဆရာဖော်ဝေး ပြောခဲ့တာက မော်ဒန်နော်၊ ခေတ်ပေါ် မဟုတ် ဘူး။ မြို့ပြနော်၊ ရန်ကုန်လို့ မပြောဘူး။ ဒါပေမယ့် တခြားမြို့ကြီးတွေ မြို့ပြ ဖြစ်ပြီလားဆိုတာတော့ မသိပါဘူး။ ဘာသာစကား ကဗျာကတော့ နယ်ကနေလည်း ရေးလို့ ရ လောက်မယ် ထင်ပါ တယ်။

၂၉။ အဲဒါကတော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ မရေးတဲ့သူကိုလည်း ဘာကြောင့်မရေးသလဲ လို့ အပြစ်တင်လို့ မရသလို၊ ရေးနေတဲ့ သူတွေကိုလည်း ဘာကြောင့်ရေးရသလဲလို့ အပြစ်မတင် သင့်ပါဘူး။

၃၀။ ကဗျာဆုပေးခြင်းကို ကောင်းသောအလုပ်တစ်ခုလို့ မြင်ပါတယ်။ ကဗျာဆု ချီးမြင့်ရွေးချယ် ရေးအဖွဲ့ကိုတော့ ပေးတဲ့ ကဗျာဆုနဲ့ ပတ်သက်တဲ့ ချီးမြင့်ရွေး ချယ်သူများပေါ့။ ဆုတွေ များလာရင် ဆုရွေးချယ်ရေးအဖွဲ့တွေ များလာမှာပါပဲ။ ဆုနာမည်ချင်း မတူသလို၊ ဆုရွေးချယ် ရေး အဖွဲ့တွေလည်း တူမှာမဟုတ်ပါဘူး။ ရွေးချယ်ခံရတဲ့ ကဗျာတွေလည်း တူမှာမဟုတ်ပါဘူး။ ရသကမ်းခြေက ရွေးရင် ရသကမ်းခြေက ရွေးတဲ့ ကဗျာပေါ့။ ရွှေအမြုတေက ရွေးရင် ရွှေအမြု တေက ရွေးတဲ့ ကဗျာပေါ့။ ကဗျာဆုရရှိသူတွေအတွက် ၀မ်းသာပါတယ်။ တစ်ထောင်ကစလို့ သိန်းဂဏန်းအထိ ငွေကြေးတွေက ကဗျာဆရာတွေအတွက် ဘ၀ပြောင်းမသွားပေမယ့် ဆုရခဲ့ တဲ့ ကဗျာဆရာတွေ အားလုံးကိုယ်စား ၀မ်းသာပါတယ်။

၃၁။ ကဗျာဟာ အပျော်ဖတ် စာပေမဟုတ်ပေမယ့် ဖျော်ဖြေရေးထဲ အကျုံးဝင်ပါတယ်။

၃၂။ ကိုယ်ရေးပြီးတဲ့ ကဗျာတစ်ပုဒ်ကို ရေးပြီးသားအခြားကဗျာတွေနဲ့ဖြစ်ဖြစ်၊ အခြားကဗျာ ဆရာ တစ်ယောက်ယောက်ရဲ့ ကဗျာတွေနဲ့ဖြစ်ဖြစ် မနှိုင်းယှဉ်ကြည့်ပါဘူး။ ဘာကြောင့်လဲဆို တော့ အကြောင်းအရာမတူလို့၊ ရေးတဲ့အခြေအနေမတူလို့၊ ခံစားမှုမတူလို့၊ ရေးခဲ့တဲ့ ကာလမတူ လို့၊ အဓိကက သူဟာ ကိုယ်မဟုတ်လို့၊ ကိုယ်ဟာ သူမဟုတ်လို့။

၃၃။ နိုင်ငံရေးစံ၊ နိုင်ငံရေးတန်ဖိုးနဲ့ ကင်းတဲ့ ကဗျာဆိုတာ မရှိပါလို့ နားလည်ထားတယ်။

၃၄။ ခေတ်ပြိုင် ဆိုတာကို နားလည်တယ်။ ခေတ်ပြိုင်ကဗျာ ဆိုတာကို နားမလည်ဘူး။

၃၅။ ကိုယ်ရေးတဲ့ ကဗျာတွေဟာ ကိုယ်တိုင်းရေး အတ္ထုပ်ပတ္တိ ကဗျာတွေပါပဲ။ ကိုယ့်ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပါတဲ့ အတ္ထုပ္ပတ္တိကဗျာ အရှည်တော ရေးဖူးတယ်။ နောင်လည်း ရေးချင်ပါ သေးတယ်။

၃၆။ တိုင်းရင်းသားကဗျာတွေကို စာသင်ခန်းထဲက ဖတ်စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ကျွန် တော်က တိုင်းရင်းသားဘာသာစကား မတတ်တဲ့အတွက် တိုင်းရင်းသား ဘာသာစကား အသီး သီးနဲ့ ရေးသားထားတဲ့ ခေတ်ပေါ်ကဗျာတွေ မဖတ်ဖူးဘူး။ တိုင်းရင်းသားတချို့ရေးတဲ့ မြန်မာ ခေတ်ပေါ်ကဗျာတော့ ဖတ်ဖူးတယ်။ မြန်မာခေတ်ပေါ်ကဗျာဟာ တိုင်းရင်းသားတွေနဲ့ သူတို့ ကဗျာ တွေကို ကိုယ်စားပြုသလားဆိုတာ ကဗျာစိတ်ဝင်စားတဲ့ တိုင်းရင်းသားတွေ တွေ့ရင်မေး ကြည့်ပေးပါ့မယ်။

၃၇။ ကဗျာဟာ အမှန်တရားကို ဖော်ပြတယ်လို့ ထင်ပါတယ်။ ဘယ်အမှန်တရားလဲ ဆိုတော့ ကဗျာရေးသူ လက်ခံထားတဲ့ အမှန်တရားပေါ့။ ဘယ်လိုဖော်ပြသလဲဆိုတော့ တချို့ကဗျာမှာ ထင်ထင်ရှားရှား၊ တချို့ကဗျာမှာ ရိုးတိုးရိပ်တိပ်၊ တချို့ကဗျာမှာ ပါးပါးလေးပေါ့။

၃၈။ ဘယ်လိုပဲ တွေ့ကြုံခံစားသည်ဖြစ်စေ အဲဒါကို ဘာသာစကားနဲ့ တစ်ဆင့် ခံစားပြီး ပြန်လည် ရေးသားရတဲ့အတွက် အဲဒီအရေးအသားဟာ မူလအတွေ့အကြုံ ခံစားချက်အတိုင်း မစစ်မှန် တော့ပါဘူး။

၃၉။ အကြောင်းအရာကို ဦးစားပေးပြီး ရေးပါတယ်။ ရေးနေစဉ်မှာ ဘာသာစကားသုံးစွဲပုံပေါ် သတိပြုမိပါတယ်။ ဂရုလည်းစိုက်ပါတယ်။ ဘာသာစကားက မထင်မှတ်ဘဲ ဆွဲခေါ်သွားတာမျိုး ကြုံဖူးတယ်။ ကိုယ်ရေးနေတဲ့ အကြောင်းအရာနဲ့ ကိုက်ညီနေရင် ဆက်လိုက်သွားပါတယ်။ မကိုက်ညီတော့ရင် ကဗျာရေးခြင်းကို ရပ်ပစ်လိုက်ပါတယ်။

၄၀။ ကိုယ်ရေးချင်တဲ့ အကြောင်းအရာဆီကိုပဲ ဦးတည်ရေးတဲ့ product အခြေပြု ရေးတာကို ပိုအားသန်ပေမယ့် အခုနောက်ပိုင်းမှာ ပထမလိုင်းကနေ တစ်လိုင်းပြီးတစ်လိုင်း ဆက်စပ် ဖြစ် ပေါ်လာပုံကို သတိပြုပြီး ရေးတဲ့ process အခြေပြုကို ကြိုက်လာလို့ ရေးဖြစ်ဖို့ ကြိုးစား မိပါတယ်။ ဒါပေမယ့် မရေးဖြစ်ပါဘူး။

၄၁။ မရှိပါဘူး။

၄၂။ ကိုယ်ရေးပြီးတဲ့ ကဗျာကို ပြင်လေ့ရှိပါတယ်။ မကြိုက်တဲ့ စကားလုံး၊ ပါဒတွေကို ပြင်ပါ တယ်။ ပြင်လိုက်လို့ ပျက်သွားတာလည်း ရှိပါတယ်။ ပိုကြိုက်လာတာလည်း ရှိပါတယ်။

၄၃။ ၂၀ ရာစု မြန်မာ ကဗျာ ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းလို့ ဘယ်သူတွေက ဘယ်လိုရှာ ဖွေပြီး ဘယ်တုန်းက ဘယ်မှာ ဖော်ပြခဲ့တဲ့ စာတန်းလဲခင်ဗျ။ ၂၀ ရာစုမှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာ တွေကိုဖတ်မိပြီး ကဗျာရေးဖြစ်လာတဲ့အတွက် ဘယ်လို ပတ်သက်တယ်လို့ ထင်သလဲ ဆိုတဲ့ မေးခွန်းကို ဘယ်လို ဖြေရမလဲ။

၄၄။ Modernism လို ရာစုနဲ့ ချီပြီး ပြုလုပ်ဖန်တီးထားတဲ့ အနုပညာနဲ့ နည်းအားလုံးကို အကုန် စွန့်ပယ်ပြီး ပစ္စည်းအသစ်၊ နည်းအသစ်တွေနဲ့ ပြုလုပ်လို့ ရတဲ့ အနုပညာမရှိနိုင်ပါ။ ရှိခဲ့ရင်လည်း အဲဒါကို ဘယ်သူက ဘယ်စံနှုန်းနဲ့ ဘယ်လို သတ်မှတ်မှာလဲ။

၄၅။ သင်ရိုးညွှန်းတမ်း တွေထဲ ပါသင့်ပြီလို့ ထင်သလားဆိုတော့ ဘယ်သူတွေ ရေးဆွဲတဲ့ သင်ရိုး ညွှန်းတမ်းလဲ လို့ ပြန်မေးပါမယ်။ သင်ရိုးညွှန်းတမ်းထဲ မပါလို့ ၀မ်းနည်းနေမယ့် ကဗျာဆရာ ရှိ ကောင်းရှိပေမယ့် အများစုကတော့အဲဒီကိစ္စ စိတ်ဝင်စားမယ် မထင်ပါ။

၄၆။ တရားဝင် အသိအမှတ်ပြု မခံရသေးတဲ့အတွက် ဆိုတာ ဘယ်သူတွေက သတ်မှတ်တဲ့ တရားဝင် အသိအမှတ်ပြုခံချင်တာလဲ။ အစိုးရကလား၊ မြန်မာစာ ဌာနကလား၊ စာပေ စိစစ်ရေး ကလား။ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ကလား။ နှစ် ၄၀ လုံး ဖြတ်သန်းခဲ့ပြီးမှ တရားဝင် အသိအမှတ်ပြုခံရ/မခံရရေးက အရေးကြီးလို့လား။

၄၇။ အချို့လူကြီးတွေ ထင်ကြတာ ထင်ကြပါစေ။ သူတို့မှာ ထင်ပိုင်ခွင့် ရှိတယ်လို့ မြင်ပါတယ်။ ကဗျာဟာ ဖက်ရှင်မဟုတ်တဲ့အတွက် တစ်ပတ်လည်လာတာမျိုးတော့ ရှိမှာမဟုတ်ပါဘူး။

၄၈။ ခေတ်ပေါ်ကဗျာကို ခေတ်ပြိုင်ကဗျာနဲ့ ဘယ်သူက အစားထိုးတာလဲ။ ခေတ်ပေါ်ကဗျာ ဆရာ အားလုံးကလား။ ဒါမှမဟုတ် မြန်မာပြည်က ကဗျာရေးသူ ကဗျာဆရာအားလုံးကလား။

၄၉။ ကဗျာပြီးဆုံးသွားပြီ ဆိုရင်လည်း ကဗျာဆရာတွေနဲ့ ကဗျာရေးသူတွေက ကဗျာတွေ ဆက် ရေးနေဦးမှာပါ။ ပြီးဆုံးသွားပြီး ဆိုတာကို ဘယ်လိုမှ လက်ခံနားလည်လို့ မရပါ။

၅၀။ ပုံသဏ္ဍာန်က အလေးသာတယ်လို့ ထင်ပါတယ်။ အကြောင်းအရာက အတ္တ၊ ဒုက္ခ၊ အနိစ္စ ဒါတွေပါပဲ။

၅၁။ ၂၀ ရာစု မြန်မာ ကဗျာပေါင်းချုပ်စာအုပ်မှာ ကဗျာဆရာ/ဆရာမ ၁၀၀ လောက် ဒါမှမဟုတ် ၁၀၀၀ လောက်လုပ်ပါလားဗျာ။ ၁၀ ယောက်ပဲ ပါရမယ်ဆိုရင်တော့ ၁။ သခင်ကိုယ်တော်မှိုင်း၊ ၂။ ဇော်ဂျီ ၃။ မင်းသုဝဏ် ၄။ ဒဂုန်တာရာ ၅။ ဒေါင်းနွယ်ဆွေ ၆။ တင်မိုး ၇။ မောင်လေးအောင် ၈။ ဖော်ဝေး ၉။ မောင်ချောနွယ် ၁၀။ အောင်ချိမ့် တို့ပါပဲ။ ၅ ယောက်ပဲ ပါရမယ်ဆိုရင်တော့ ၁။ သခင်ကိုယ်တော်မှိုင်း ၂။ ဇော်ဂျီ ၃။ မင်းသုဝဏ်၊ ၄။ ဒဂုန်တာရာ ၅။ မောင်ချောနွယ် တို့ပါပဲ။ (ကျွန်တော် တစ်ယောက်တည်းရဲ့ သဘောထားပါ)

၅၂။ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်း မြန်မာကဗျာရှုခင်းမှာ ထူးခြားထင်ရှားတာတွေက

`၁- မောင်ချောနွယ် ဆုံးသွားတယ်။ ၂- ဖော်ဝေးရဲ့ ကဗျာပေါင်းချုပ် ထွက်လာတယ်။ သုံးလေး ပုဒ်လောက်ကျန်ခဲ့ရတယ်။ ဖော်ဝေး ဒိုင်ယာရီကတော့ ဒုတိယဆယ်စုနှစ်အတွင်း ထွက်လာ လောက်ပါ တယ်။ ၃- ကဗျာဆုပေးပွဲတွေ၊ ကဗျာစကားဝိုင်းတွေ၊ ကဗျာဆရာစုပြီး တခြား လူမှုရေး/ ပတ်ဝန်းကျင်အရေးလုပ်တာတွေ ထွန်းကားလာတယ်။ (ဥပမာ နာဂစ်၊ သစ်ပင်တွေ စိုက်တာ) ၄-ကွန်ဆက်ကျူရယ်ကဗျာ/ကဗျာဗေဒ၊ Language Poetry ကဗျာ/ကဗျာဗေဒနဲ့ တခြားတွေ ပေါ်လာတယ်။ အဲဒီအကြောင်း အထူးသဖြင့် LP အကြောင်းကို ကဗျာဆရာတွေ တွေ့ရင်၊ အင်တာဗျူးတွေမှာ မပါမဖြစ် ထည့်ဆွေးနွေးကြ/ပြောကြတယ်။ ၅- ကမ္ဘာ့ကဗျာနေ့ကို နယ်တိုင်းလိုလို၊ ရန်ကုန်မှာလည်း ကဗျာဆရာတိုင်းလိုလို ပါဝင် လုပ်ဆောင်လာကြတယ်။ ကဗျာဆရာလက်ရေးပြပွဲ 2010 မှာ ပေါ်လာတယ်။ ၆- ကဗျာစာအုပ်တွေသာ အများဆုံးထုတ်တဲ့ နှစ်ကာလများနဲ့ လင်းသစ်ရောင်စဉ်စတဲ့ စာအုပ်တိုက်တွေ ပေါ်လာတယ်။ ကျော်မွှေး စာအုပ် တိုက်က ထုတ်တဲ့စာအုပ်နဲ့ ကဗျာစာအုပ် အချိုးချကြည့်ရင် နည်းပေမယ့် ကဗျာစာအုပ်တွေ ထွက်တယ်။ မရလောက်မယ့် စာအုပ်တောင် ရတဲ့အချိန်မှာ ထွက်အောင် ကြိုးစားခဲ့တယ်။ အောင်ပင်လယ်စာပေကလည်း ကဗျာစာအုပ် သိပ်မထွက်ပေမယ့် သူ့စာအုပ်တိုက်က စီစဉ်ပေး လိုက်တဲ့ ကဗျာစာအုပ်တွေကလည်း မနည်းပါဘူး။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ တစ်နှစ်ကို အနည်းဆုံး ကဗျာစာအုပ်ပေါင်း ၂၀ ထက်မနည်း ထွက်ခဲ့တယ်။ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေကဆို တစ်နှစ်ကို ကဗျာစာအုပ်ပေါင်း ၆၀ ကျော် ထွက်ခဲ့တယ်။ ရုပ်သံမီဒီယာတွေ တစ်ပတ်အတွင်းအရောင်းရဆုံး စာရင်းမှာ ကဗျာစာအုပ်တွေ ပါခဲ့တယ်။ ဇေယျာလင်းရဲ့ ကဗျာ ရေးသူကို ထုတ်လုပ်ခြင်း၊ အောင်ချိမ့်ရဲ့ တောလားတို့ပေါ့။ အောင်ချိမ့်ရဲ့ တောလားဆိုရင် တစ်ပတ်အတွင်း အရောင်းရဆုံးစာရင်းမှာ သီတင်းပတ် ၆ ပတ်လောက် ပါခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းမှာ စေတ၊ မင်းချမ်းမွန်၊ ပါသစ်၊ ညိမ်းညို ၊စန်းဦးရဲ့၊ လင်းသဏ်ညီတို့ရဲ့ ဆိုးရွားစွာ ထိခိုက်နိုင်ပါသည် စတဲ့ ကဗျာလုံးချင်းတွေ ၆ အုပ်တောင်ထွက်ခဲ့တယ်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလဆို တစ်ရက်တည်းမှာတင် ကဗျာစာအုပ် ၃ အုပ် တစ်ပြိုင်တည်းထွက်ပြီး တစ် နေ့တည်း ဖြန့်ချိခဲ့တယ်။ ဒါတွေဟာ ၂၁ ရာစု ပထမဆယ်စုနှစ်ရဲ့ ထင်သာမြင်သာ အချက်တွေ ပါပဲ။

၅၃။ ကဗျာမဂ္ဂဇင်း သီးသန့် ရှိသင့်တယ်လို့ ထင်ပါတယ်။ အဲဒီမေးခွန်းက သိပ်မရှင်းဘူး ။ အခုထိ ဘာကြောင့် မလိုသေးတာလဲ လား၊ အခုထိ ဘာကြောင့် မလုပ်သေးတာလဲလား။ အချိန် မတန်သေးလို့ မထွက်ဖြစ်သေးတာပဲ တွေးကြည့်ပါလား။

၅၄။ တိတိကျကျတော့ ဘယ်လိုမှ မပြောနိုင်ဘူး

၅၅။ ခံစားချက်အခြေပြု ကဗျာမျိုးရေးတဲ့အတွက် ကဗျာထဲ ကိုယ့်ခံစားချက်ကို ရေးသား ထည့် သွင်း ဖော်ပြတာပါ။ ဖတ်သူမှာ အဲသလို ခံစားချက်မျိုး ဖြစ်လာအောင်တော့ မပြုလုပ်ဘူး။

၅၆။ ကဗျာရေးတဲ့အခါ သဒ္ဒါကိစ္စကို အလေးထားပါတယ်။ ၀ါကျဖွဲ့ရေးတော့ အလေးမထားပါ ဘူး။

၅၇။ ကဗျာရေးဖို့ အချိန်သပ်သပ်ပေးပေမယ့် ကဗျာရေးချိန်တော့ သပ်သပ်မထားပါဘူး။

၅၈။ ကဗျာဟာ ကိုယ့်ဘ၀ထက် ပိုကြီးမားတယ်လို့ မထင်ပါ။

၅၉။ သူတို့မှာလည်း ပြောခွင့်ရှိပါတယ်။

၆၀။ ရေးခါစတုန်းကတော့ နမူနာပုံစံအဖြစ်ထားပြီး ရေးတယ်။ နောက်ပိုင်းတော့ မထားဘဲ ရေး တယ်။

၆၁။ ၁၀၀% ကိုယ်ပိုင်ဆိုတာ မရှိပါ။

၆၂။ ကိုယ်ရေးတဲ့ ကဗျာဟာ စကတည်းက ဘာရေးချင်တယ် ဆိုတာ သိလို့ ချရေးလိုက်တာပါ။ ရေးရင်း ရေးရင်းနဲ့ ချော်ထွက်သွားတာလည်း ကြုံဖူးတယ်။

၆၃။ တစ်ပုဒ်ချင်းပြန်ကြည့်မှ သိမယ်။ မတူဘူး။ ၁၀း၉၀၊ ၂၀း၈၀ ၃၀း၇၀၊ ၄၀း၆၀၊ ၅၀း၅၀၊ ၆၀း၄၀၊ ၇၀း၃၀၊ ၈၀း၂၀၊ ၉၀း၁၀ တွေ ရှိတယ်။ ၀၀း၁၀၀ နဲ့ ၁၀၀း၀၀ တော့ မရှိဘူး။ ၀၀း၀၀ လည်း ရှိတယ်။

၆၄။ အင်တာနက်မှာ တင်ထားတဲ့ မြန်မာကဗျာတွေကို ဖတ်လို့ရသလောက် ဖတ်ပါတယ်။

လင်းဝေးခက်

မှတ်စု-၎

1
Filed under အရေးအသား

Landschaft, Strukturmalerei by Margret Hofheinz-Döring (1910- 1944)

စာရွက်အလွတ်တစ်ရွက်ကိုလှန်ထားပြီး
လွန်ခဲ့သောရက်သတ္တပတ် ဖြတ်သွားတဲ့အရိပ်တွေကိုလိုက်ဖမ်းပြီး
ဘယ်ကစရေးရမယ်၊ဘယ်ဟာက တကယ့်အကြောင်းအရာဖြစ်တယ် ဆိုတာခွဲစိတ်ပြီး
ကိုယ်တိုင်က သွေးမအေး တအုံနွေးနွေး
ဖန်တီးမှုတစ်ခုဖြစ်လာအောင် ခံစားမှုကိုထိန်းချုပ်ခေါ်ဆောင်မရဖြစ်နေပြီး
နှစ်များစွာကိုအလွတ်ရနေပြီး
အိပ်မက်များစွာဟာ လက်ထဲကလွတ်ကျသွားပြီး
ကျဉ်းမြောင်းလာနေတဲ့ ငယ်ဘ၀ပြေးဆော့ရာလမ်းကြားကလေးများ ပြန်လျှောက်အပြီး…။

ဒီတစ်ခေါက် အိမ်ကပြန်လာပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ထုံးစံအတိုင်း အဲသလို ယောက် ယက်ခတ်နေတာကို၊ အနည်ထနေတာကို ပြန်ငြိမ်အောင် စာသားတစ်ခုခု ပြုလုပ်ဖို့ ၊ အလှည့်အပြောင်းတစ်ခုခု ပြုလုပ်ဖို့ ကြိုးစားကြည့်ပေမယ့် အထမမြောက်ခဲ့။ တကယ်တော့ စိတ် တွေဟာ ပုံမှန်မဟုတ်တဲ့ ယောက်ယက်ခတ်မှုထဲ ကျရောက်နေခဲ့တာပဲ ဖြစ်မယ် ။  ပုံမှန်ဟုတ် တယ်/ မဟုတ်ဘူး ဆိုတာက ဘယ်လိုလဲ။ စိတ်ဟာ ဆောက်တည်ရာမရ ဖြစ်နေခဲ့တာ မဟုတ် သလို  ကျစ်လစ် စုစည်းခိုင်မာနေတာမျိုးလည်း မဟုတ်ဘူး။ ဖြစ်စဉ်တွေကို အမျိုးမျိုးအထွေထွေ ပြန်ဆက်စပ်ကြည့်တော့… ဘ၀ဟာ အရှိန်တစ်ခုနဲ့ သွားနေတယ် ဆိုတာနဲ့ အဲဒီသွားနေတဲ့ ဖြစ်စဉ်ထဲမှာ ဒရောသောပါး ရယ်ရွင်လျှက် လိုက်ပါကျဆုံးနေတယ် ဆိုတာ တကယ်တော့ တုန် လှုပ်စရာပဲ မဟုတ်လား ။ အတွေးအမြင်တွေ အိုဟောင်းသွားတာ မဟုတ်ပဲ ၊  အတွေးအမြင်တွေ ချောက်ထဲ ခုန်ခုန်ဆင်းသွားတာမျိုးပဲ။ အနှစ်သာရကျကျ ဖြစ်ချင်တာတွေ ဖြစ်မလာတာ ၊ မြင် ချင်တာတွေ မမြင်ရတာ၊ ကြားချင်တာတွေ မကြားရတာ အထူးသဖြင့် စောင့်နေတာတွေ ရောက်မလာတာ ။ ဒါမှမဟုတ်  အဲဒါတွေဖြစ်ပျက်ခဲ့ပြီး ခဏအတွင်းမှာပဲ လောင်ကျွမ်းပျက်စီး ထိုးကျသွားခဲ့တာ ။ အစအနတွေထဲမှာပဲ နောက်တစ်ကြိမ် ပြန်ပြန်စနေရတာ။ အသွေးအသား အပြည့်နဲ့ဟာသများ ခြောက်သွေ့လာတယ် ။ အရေးအသားအပြည့်နဲ့ အနုပညာများ အထီး တည်းဆန်လာတယ် ။ စတင်ချိန်နဲ့ ပြီးဆုံးချိန်။ တွေ့ဆုံချိန်နဲ့ ခွဲခွာချိန်။  တစ်ယောက်မျက်နှာ အရိပ်အကဲ တစ်ယောက်ကြည့်ပြီး၊ တစ်ယောက်အချိန်ထဲ တစ်ယောက်နေရာဝင်ယူပြီး  တဖြည်း ဖြည်း သိသာ ထင်ရှားလာတဲ့ အမှန်တရားတွေကို  စကားလမ်း ကြောင်းလွဲ နောက်ကျောခိုင်း လျှက်။ အခုပြန်တွေ့နေကြတာ ဟိုတုန်းက မင်း နဲ့ အဲဒီတုန်းက ငါ အဖြစ်။ရွေးချယ်မှုက မှားတာ လား ၊ ဘာရွေးရွေး မှားမှာမို့လို့ပဲလား မသိတဲ့ ပွန်းစားမှုတွေထဲ သွေးအေးအေး ဗျာများနေတဲ့  မင်း  နဲ့  သစ္စာ ရှိရှိရှေ့နောက်မညီတော့တဲ့ ငါ ။  အလင်းရောင်ဟာ ပြိုကွဲစ ။ လူဟာ အသိအ မှတ်ပြုမခံရတဲ့ စွမ်းဆောင်မှုကိုယ်စီနဲ့ စာနာသူမရှိတဲ့  ဒါဏ်ရာကိုယ်စီနဲ့  မျှော်လင့်ခြင်းကို  မျှော် လင့်နေတဲ့ မနက်ဖြန်နဲ့  ဘယ်ဟာ အရှုံးမှန်း မသိရအောင်  နေ့စဉ်အရှုံးတွေထဲ တရွေ့ရွေ့ ခြေ ပျက် လက်ပျက် အိပ်မောကျသွားတဲ့ ညတွေထဲ ရပ်နားရာမဲ့ ။ အိမ်က ထွက်လာတဲ့နေ့က ဖြစ်ရိုး ဖြစ်စဉ်အတိုင်း တက်ကြွရွင်လန်းမှုဟာ တစ်စက်ချင်း လျောကျနေတယ် ။ အရင်လို လေယာဉ် မှန်ပြတင်းက တဆင့်လည်း ဟိုဟိုသည်သည် ငုံ့မကြည့်ြ့ဖစ်တော့ဘူး ။ ရန်ကုန်သို့ပျံသန်းချိန် တစ်နာရီခန့်အတွင်း မြိတ်က လက်ဆောင်ရလာတဲ့ မဂ္ဂဇင်းကိုပဲ ဖတ်နေမိတယ် ။ ဘယ်နည်းနဲ့ မဆို ကိုယ့်မိတ်ဆွေများရဲ့ ကြိုးပမ်းမှု ကနေသီးပွင့်လာတာပဲမို့ သူတို့တွေကို ပြန်ဆက်သွယ် တဲ့အနေနဲ့ ဖတ်ဖြစ်နေခဲ့တယ် ။ ဒီလူတွေနဲ့ သံခင်းတမန်ခင်း ထက်ပိုခဲ့တဲ့၊ လုံးလား ထွေးလား ရှိခဲ့တဲ့ ကာလတွေကို သတိရနေမိတယ်။ သီချင်းဆိုရင်လည်း တကယ့်သီချင်း၊ သံယောဇဉ် ဆိုရင်လည်း တကယ့် သံယောဇဉ်၊ရန်သူဆိုရင်လည်း တကယ့်ရန်သူ၊ အနုပညာဆိုရင်လည်း တကယ့် အနုပညာ အဲဒီအခါတွေဟာ ကွယ်လွန်သွားခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် ဒီလူတွေနဲ့ ဒီမြို့နဲ့၊ ဒီကမ္ဘာကြီးထဲ ဒီဇာတ်လိုက်များအဖြစ်နဲ့ အမှန်တကယ် တည်ရှိ ရင်ခုန် တိုက်ခိုက် စွန့်စား ပျော်ရွင် နာကျင် ခံစား ခဲ့ဖူးတယ်ဆိုတာကတော့ သေချာပါတယ် ။ သေချာပါစေ ။

နေ၀ိုင်ဝိုင်