ကဗျာအနုပညာနယ်ပယ်မှာ ကဗျာဆရာ အင်တာဗျူးတွေဟာ အလွန်တန်ဘိုး ကြီးကြတယ် ဆို တာ ကျွန်တော်တို့ မြန်မာ ကဗျာလောကသားတွေ သိကြပါတယ်။ သိလို့လည်း မဂ္ဂဇင်းတွေမှာ အင်တာဗျူးတွေ လုပ်နေကြတာတွေ ဖတ်ရတာပဲ မဟုတ်ပါလား။ ကဗျာဆရာ မောင်ချောနွယ် အင်တာဗျူး အမေးအဖြေတွေဟာလည်း လွမ်းရှရှနဲ့ ဖတ်မ၀ပါပဲ။ အင်တာဗျူးဟာ ကဗျာမဟုတ် ပေမယ့် ကဗျာနဲ့ပတ်သက်နေတာကြောင့် ကဗျာအင်တာဗျူးတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ပါရှိကြပါတယ်။ အင်တာဗျူး အမေးအဖြေမှာ အမေးရောအဖြေပါ ကောင်းရင်ကောင်းသလို သိမှုနှစ်သက်စိတ်(ရသ)ကို ဖတ်သူက မုချခံစားရပါတယ်။ နိုင်ငံခြားကဆိုရင် အမေရိကန် LP ကဗျာဆရာ Charles Bernstein ရဲ့ အင်တာဗျူး အမေးအဖြေတွေဟာ ကဗျာအကြောင်း၊ ကဗျာရေးခြင်းအကြောင်း၊ ကဗျာနယ်ပယ်အကြောင်း၊ ကဗျာအမျိုးအစားအကြောင်း၊ ကဗျာရဲ့ အခြေခံဒြပ်သားဖြစ်တဲ့ ဘာသာစကား အကြောင်းတွေနဲ့ ပတ်သက်လို့ သိမှုသီးပွင့်စရာတွေပါပဲ။
ကဗျာအင်တာဗျူးတွေဟာ ကောင်းရင်ကောင်းသလို တန်ဘိုးရှိကြပါတယ်။ ကဗျာဆရာရဲ့ ကဗျာ အပေါ်အမြင်၊ ကဗျာနဲ့ ခေတ်နဲ့ ဆက်သွယ်မှုဆိုင်ရာအမြင်၊ ကဗျာရဲ့ လူမှုယဉ်ကျေးမှု အခန်း ကဏ္ဍဆိုင်ရာ အမြင် စတဲ့ macro “အကျယ်” ကနေ ကဗျာရေးခြင်းဆိုင်ရာ တက္ကနိတွေ စတဲ့ “အကျဉ်း” အထိ မြင်သိလို့ ရပါတယ်။ ဒါပေမယ့် ဒါဟာလည်း ကဗျာအင်တာဗျူးမှာ မေးသူက လည်း ၀မ်းစာပြည့်၊ ဖြေသူကလည်း နက်နက်နဲ့ ညက်ညက်ရှိရင် အရသာရှိရှိကို ဖတ်ရပါတယ်။ အဲသလိုမဟုတ်ဘဲ မေးသူရော ဖြေသူပါ အညံ့ချင်းပြိုင်နေရင် ပူးတွဲချန်ပီယံပဲဖြစ်ပြီး ဖတ်သူ အတွက်လည်း ကဗျာဆိုင်ရာအကျိုးရယ်လို့ မယ်မယ်ရရ မရကြပါဘူး။ ညံ့တဲ့နေရာမှာ ပြိုင်ကြ သလို အမေးအဖြေတွေဟာ စက္ကူဖြုန်းတီးရာပဲ ရောက်ပါတယ်။ အရည်ဝင်ထားလို့ မေးသူက မေးပြီး ဖြေသူက ဖြေတာတွေကိုလည်း မဂ္ဂဇင်းစာမျက်နှာတွေမှာ ဟုတ်တိပတ်တိ ဖော်ပြလို ဖော်ပြ။ လှမ်းမေးမြန်းတော့လည်း “အဲဒီတုန်းက ကိုယ် မူးနေလို့ပါ၊ မေးသူကလည်း အသံသွင်း ထားတယ်လို့ မပြောတော့ လွတ်လွတ်ကျွတ်ကျွတ်ပဲ (အလွတ်သဘော) ပြောလိုက်တာကို သူက မဂ္ဂဇင်းကို ပို့လိုက်လို့ပါ” စတဲ့ “လူကြီးရှက်တော့ စကားတရှောင်ရှောင်”လိုပေါ့ဗျာ။ “ဟုတ်တယ်၊ လုပ်တယ်ဗျာ” လို့ ၀န်ခံဖို့ ကလည်း သတ္တိ မရှိ။ မရှိမဲ့ ရှိမဲ့ သံတိုသံစနဲ့ သံခင်းတမံခင်းလည်း လုပ်ချင်သေး။ အဲသလိုနီးပါး မဟုတ်ရင် ပိုဆိုးတာက group discussion လိုလို အုပ်စုဖွဲ့ပြီး ဗျူး သူက သူလိုချင်တဲ့ အဖြေတွေပဲပေးမယ့် ဘက်တော်သား လက်ရွေးစင်တွေပဲရွေးပြီး မေးလိုမေး၊ ဒါမှမဟုတ် လိုချင်တဲ့ အဖြေတွေပဲပေးဖို့ leading question တွေ မေးလိုမေး၊ “အဲဒါ ဟုတ်တယ်၊ မဟုတ်လား” ဆိုတာမျိုးတွေပေါ့။ မေးတဲ့မေးခွန်းတွေ ကြည့်ရင်လည်း ရိုးစင်းလွန်းလှတဲ့ “ကဗျာ ဘယ်တုန်းက စ ရေးသလဲ”တို့၊ “ကဗျာဆရာဘ၀ကို ဘယ်လိုမြင်သလဲ” တို့ကနေ မပါမဖြစ် မေး ခွန်း ဖြစ်တဲ့ LP ကိစ္စပေါ့။ အဲဒီကိစ္စကို မေးတဲ့အခါမှာလည်း ဖတ်သူပရိတ်သတ် အများကိုယ်စား မေးတဲ့ objective ဓမ္မဓိဌာန်ကျကျမဟုတ်ရင် neutral ဘက်မလိုက်တဲ့ (အမှန်တကယ် သိလို စိတ်နဲ့) မေးတာမျိုးမဟုတ်ပဲ မစ္ဆရိယ ၁၅ ပိဿလောက် မြင်နေရတဲ့ subjective ပုဂ္ဂလဓိဌာန်၊ ပုဂ္ဂလအစွဲ၊ ဆန္ဒစွဲနဲ့ “ထိုးမယ်ကြိတ်မယ်၊ မင်းလည်းဝင်ထိုး”ဆိုတာမျိုး။ မေးသူကလည်း အ ကြောင်း အရာဂဃနဏ မသိ၊ ဖြေသူကလည်း နွားရိုင်းသတ်ပွဲမှာ နံရိုးကြား လှံစိုက်နေသလို ဂမူးရှုးထိုးနဲ့ ထိုးကော်၊ ခတ်တော့ တာပဲ။ ဆင်ဆင်ခြင်ခြင်နဲ့ ပြန်လည်ဖြေကြားသူ နည်းပါတယ်။ အနာဂတ်မြန်မာကဗျာမှာ ထင်ရှားလာမယ့် လူငယ်(ကျွန်တော့် အသက်အရွယ်ထက် ငယ်လို့ “လူငယ်”လို့ခေါ်တာပါ၊ အခြားရည်ရွယ်ချက် မရှိပါဘူး) နှစ်ယောက်စ သုံးယောက်စလောက်ကိုပဲ
သတိပြုမိပြီး စိတ်ထဲ မှတ်ထားလိုက်ပါတယ်။ ကျန်တာတွေကတော့ မေးသူရော၊ ဖြေသူပါပြော ရရင် ကဗျာနဲ့ပတ်သက် လို့ global/local ၊ macro/micro မပြောပါနဲ့ဦး၊ ဆဲချင်တဲ့ အကြောင်း အရာကိုတောင် အသေအချာ စာလုံးပေါင်း မဖတ်ရသေးဘဲ (ဆဲခိုင်းလို့) သံကုန်ဟစ်နေ တော့ တာပဲ။ ကဗျာဆိုတဲ့ Poetry ဖြစ်တဲ့ စာပေအနုပညာ Literary art ကို ကျယ်ကျယ်ပြန့်ပြန့် မြင် လည်းမမြင်၊ မြင်ရကောင်းမှန်းလည်း မသိ၊ မြင်အောင်လည်း မကြည့်ချင် မကြည့်တတ်ပဲ စုံလုံး ကန်း၊ မြင်တယ်မြင်တယ် အော်နေတော့တာပဲ။ ကျွန်တော် ဒီမှာ ကိစ္စတစ်ခု ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ကျွန်တော်ဟာ ဒီအရပ်ဒေသ၊ ဒီနယ်ပယ်မှာ LP ကို မိတ်ဆက်ပေးတာ ဖြစ်ပေမယ့် ကျွန်တော်ဟာ LP ဘက်က ကာကွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။ ကဗျာအမြင် ကျဉ်းမြောင်း လွန်းကြတဲ့ ကိစ္စကို ပြောတာပါ။ ငြိဏ်းဝေရဲ့ ခေတ်ပြိုင်ကဗျာ၊ conceptual ကဗျာ၊ ပြီးတော့ သစ္စာနီရဲ့ the end of poetry ၊ ပြီးတော့ နီယိုမော်ဒန် ဆိုတာတွေ။ အဲဒါတွေဟာ ကျွန်တော့် အတွက် စိတ်ဝင်စားစရာတွေပါပဲ။ ကဗျာသိမှုနယ်ပယ်ချဲ့ထွင်တဲ့ ကိစ္စတွေပါပဲ။ “ငါ”မှ “ငါ” ဆိုတဲ့ ငါတကော ကော ကိစ္စမဟုတ်တဲ့ Poetry as literary art ကိစ္စမှန်သမျှ ကျွန်တော် စိတ်ဝင် စားပါတယ်။ ကြိုဆိုပါတယ်။ ကဗျာကို Poetry လို့ မမြင်ပဲ “ငါတို့ရေးတာမျိုး”လို့သာ ပြောလာ ရင်တော့ ကျွန်တော့်ဘက်က တန်ရာတန်ရာ ပြန်ပြောစရာစကား မရှိပါဘူး။ အ သေ ၀နာစပဲ။ ဘိုလိုပြောရရင် “နီဂလက်”လုပ်လိုက်တာပေါ့။ ခရစ်တော်ကို ကားစင်တင်ပြီး လှံနဲ့ထိုးလို့ ကာယိ က ဝေဒနာ အကြီးအကျယ် ခံစားနေရချိန်မှာ ကောင်းကင်ကို မော့ပြီး တောင်းဆိုခဲ့ပါတယ်။ “အဖဘုရား သခင်၊ သူတို့ကို ခွင့်လွှတ်တော် မူပါ၊ သူတို့လုပ်နေကြတာ သူတို့မသိဘူး”။
အခု “ခေတ်ပြိုင်မြန်မာကဗျာ”လို့ အော်နေကြပြီ။ “ခေတ်ပြိုင်”ချင်းပြိုင်ရင် နိုင်ငံတကာ ခေတ်ပြိုင် နဲ့ရင်ဘောင်တန်းစေရမယ်။ အဲဒီအတွက် “နိုင်ငံတကာခေတ်ပြိုင်” International Contempor ary ဆိုတာ ဘာလဲဆိုတာ လောက်တော့ တီးမိခေါက်မိ သင့်တာပေါ့။ စေတနာနဲ့ ဘာသာပြန်ပေး သူ တွေကို မယုံကြည်ရင်လည်း ကြိုက်ရာ cyber cafe သွား၊ downloadလုပ်၊ ဒုတ်ရှင်နရီနဲ့ ဒဲ့ ဘာသာ ပြန်ပေါ့၊ တိုက်စစ်ပေါ့။ ရိုက်စစ်စရာ မလိုပါဘူး။
အကယ်၍ ကျွန်တော်ဟာ မြန်မာကဗျာ ဆရာတစ်ယောက်ယောက် (ကဗျာဆရာမလည်း အကျုံး ၀င်ပြီး သားပါ) ကို ဗျူးခွင့်ရရင် အောက်ပါ မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျွန်တော့် ကို ကျွန်တော်လည်း ရံဖန်ရံခါ ပြန်ပြန်မေးနေရတဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။
၁။ ယနေ့မြန်မာကဗျာရှုခင်းမှာ မိမိကိုယ်မိမိ ဘယ်နေရာမှာ နေရာချထားပါသလဲ။ မိမိနေရာဟာ ဘယ်မှာလဲလို့ သတ်မှတ် ထားပါသလဲ။
၂။ ကဗျာဟာ ကဗျာရေးသူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေ၊ ခံစားမှုတွေ အကြောင်း လား။
၃။ ကဗျာရေးသူရဲ့ ကဗျာနဲ့ ကဗျာရေးခြင်းအလုပ်ဟာ နေ့စဉ်ဘ၀နဲ့ ဘယ်လိုဆက်စပ်ပါသလဲ။
၎။ အကြမ်းဖျင်းအားဖြင့် ဘယ်သူ့အတွက် ကဗျာရေးတာပါလဲ။
၅။ ကိုယ်ပြောချင်တာ စကားပြေနဲ့ ပြောလို့ ရလျက်နဲ့ ဘာဖြစ်လို့ ကဗျာရေးတာလဲ။
၆။ experiment ကို ကဗျာမှာ ဘယ်လိုနားလည်ထားလဲ။ ကိုယ်တိုင်ရော လုပ်ဖူးသလား။ လုပ်ဖူး ရင် ဘာကို ဘယ်လို စမ်းသပ်သလဲ။
၇။ ကဗျာနဲ့ ပတ်သက်လို့ သိမှုဗဟုသုတ knowledge နဲ့ အတတ် skill တို့ကို သင်ယူတတ် မြောက်ဖို့ လိုတယ် ထင်သလား။ အန္တရာယ် ရှိတယ်ထင်သလား။
၈။ ကဗျာရေးသူဟာ ကဗျာပေါ်မှာရယ်၊ ကဗျာရေးခြင်းပေါ်မှာရယ် တာဝန်ရှိသလား။ ရှိရင် ဘာ တာဝန်လဲ။ ဘယ်သူပေးတဲ့ တာဝန်လဲ။
၉။ ကဗျာရေးရင် ဘယ်လိုဘာသာစကားနယ်ပယ်အသုံးအနှုံးတွေပဲ သုံးပြီး ဘယ်နယ်ပယ်အသုံး အနှုံးတွေကိုတော့ ရှောင်မယ်ဆိုတာ မျိုးရှိသလား။
၁၀။ ကဗျာရေးရင် ဘာသာစကားနယ်ပယ် အမျိုးမျိုး၊ အသုံးအနှုံးအမျိုးမျိုးကို တစ်ဆက်တည်း တွဲသုံးသလား။
၁၁။ ကိုယ်ရေးတဲ့ကဗျာဟာ ပြင်ပလောကကို ထင်ဟပ်သလား။ ထင်ဟပ်ရင် ဘာတွေကို ဘယ် လို ထင်ဟပ်သလဲ။ တမင်ထင်ဟပ် အောင်ရေးတာလား။
၁၂။ ပို့စ်မော်ဒန်သီအိုရီအချို့ပြောသလို ကဗျာထဲက စာသားတွေဟာ ပြင်ပကိုမညွှန်းပဲ အခြား စာသားတွေ၊ စကားလုံးတွေ၊ အညွှန်းတွေကိုပဲ ပြန်ပြန်ညွှန်းတဲ့အတွက် ကဗျာဟာပြင်ပ လောက ကို မထင်ဟပ်ဘူးဆိုတာ လက်ခံပါသလား။
၁၃။ ကဗျာအမြင်၊ အမျိုးအစား၊ ဗျူဟာ၊ တက္ကနိ စတဲ့ အပြောင်းအလဲတွေဟာ ကိုယ့်ကဗျာ/ ကိုယ့်ကဗျာရေးခြင်းနဲ့ ပတ်သက်မှုရှိတယ် ထင်ပါသလား။ ပတ်သက်ရင် ဘာတွေဘယ်လို ပတ် သက်သလဲ။
၁၄။ ကဗျာတစ်ပုဒ်ရေးရင် ရင်ထဲရှိတာ ရေးချလိုက်တာလား၊ ရွေးချယ်စီမံပြီး အစီအစဉ်တကျ ပြုလုပ် ရေးသားတာလား။
၁၅။ ယနေ့မြန်မာကဗျာရှုခင်းကို ဘယ်အတိုင်းအတာအထိ စိတ်ဝင်စားပါသလဲ။
၁၆။ မြန်မာအမျိုးသမီးကဗျာဆရာ(မ)တွေ ဘာကြောင့် နည်းတယ်လို့ ထင်ပါသလဲ။
၁၇။ ယနေ့မြန်မာနဲ့ အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းမှာ ကဗျာရဲ့အခန်းကဏ္ဍက ဘာလို့ ထင်ပါ သလဲ။
၁၈။ ကဗျာဆရာဟာ ကဗျာကလွဲလို့ ကဗျာဝေဖန်ရေး၊ ဆောင်းပါး၊ ဖတ်ညွှန်း စတဲ့ စကား ပြေ တွေ မရေးရဘူးဆိုတာ လက်ခံပါသလား။
၁၉။ စကားပြေကဗျာကို ဘယ်လိုမြင်ပါသလဲ။ စကားပြေကဗျာ ရေးဖူးလား။
၂၀။ ကိုယ့်ကဗျာကို ဘယ်လိုအမျိုးအစားလို့ အနီးစပ်ဆုံးသတ်မှတ်တာ ရှိသလား။ ဘာမှ မသတ် မှတ်ပဲ ဘာအမျိုးအစားလို့မှ မခေါ်ပဲ “ကဗျာ”ဆိုပြီး လွတ်လွတ်လပ်လပ်ရေးသလား။
၂၁။ ကိုယ့်ကဗျာကို ဘာခေါင်းစဉ်၊ ဘာလေဘယ်အောက်မှာမှ မတပ်ထားရင် ကိုယ့်ကဗျာကို ဘာကဗျာအမျိုးအစားလို့ ဘယ်လိုပြောမလဲ။
၂၂။ ကိုယ်ဖတ်ဖူးတဲ့ သူများကဗျာတွေထဲက နည်းအချို့ယူသုံးရင် အဲဒီနည်းတွေရဲ့ နောက် ကွယ်က ကဗျာဗေဒကို သိစရာလိုတယ်လို့ ထင်သလား။ ဥပမာ၊ ဆူရီရယ်နိမိတ်ပုံ၊ ကော်လာ့ဂ်ျ စီနည်း၊ ကတ်တလောက်စီနည်း၊ ပါရာတက်တစ်စီနည်း။
၂၃။ နိုင်ငံတကာကဗျာတွေကို မူရင်းဘာသာစကား(ဥပမာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ တရုတ်) နဲ့ ဖတ်သလား။
၂၄။ နိုင်ငံတကာ ဘာသာပြန်ကဗျာရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲ။ ကဗျာတစ်ပုဒ်တလေ ဘာသာပြန်ဖေါ်ပြတာနဲ့ ကဗျာဗေဒတစ်ခုလုံး မိတ်ဆက်ပေးခြင်းဟာ လက်ရှိ မြန်မာကဗျာပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ် ထင်သလဲ။
၂၅။ နိုင်ငံတကာဘာသာပြန်ကဗျာကို ကိုယ်ရေးတဲ့ကဗျာတွေနဲ့ ယှဉ်ဖတ်သလား။
၂၆။ ကဗျာဆရာက သူရေးတဲ့စာသားကို ကဗျာလို့သတ်မှတ်ရင် ကဗျာဖြစ်တယ်ဆိုတာ လက်ခံသလား။
၂၇။ ကဗျာဟာ လူအများစု ဖတ်တာလည်း မဟုတ်၊ ကြိုက်နှစ်သက်တာလည်း မဟုတ်ပဲနဲ့ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ။
၂၈။ ရန်ကုန်အခြေစိုက် ကဗျာဆရာတွေနဲ့ နယ်ကဗျာဆရာတွေကြားမှာ ကဗျာနဲ့ပတ်သက်လို့ ကွဲပြား ခြားနားချက်တွေ ရှိတယ် ထင်သလား။
၂၉။ ကဗျာ ဆရာဟာ ကိုယ့်ပရိတ်သတ်အတွက်၊ ကိုယ့်ပရိတ်သတ်အကြိုက်ရေးသင့်သလား။
၃၀။ ကဗျာဆုပေးခြင်း၊ ကဗျာဆု ချီးမြှင့်ရွေးချယ်ရေးအဖွဲ့နဲ့ ကဗျာဆု ဆွတ်ခူးရရှိသူတွေကို ဘယ်လိုမြင်သလဲ။
၃၁။ ကဗျာဟာ အပျော်ဖတ်စာပေလား၊ ဖျော်ဖြေရေးထဲ အကျုံးဝင်သလား။
၃၂။ ကိုယ်ရေးတဲ့ကဗျာတစ်ပုဒ်ကို ရေးပြီးသားအခြားကဗျာတွေနဲ့ဖြစ်ဖြစ်၊ အခြားတစ် ယောက် ယောက်ရဲ့ ကဗျာတွေနဲ့ဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်သလား။ ကြည့်ရင် ဘာကြောင့် ဘာတွေကြည့်ပြီး မကြည့်ရင် ဘာကြောင့်မကြည့်တာလဲ။
၃၃။ နိုင်ငံရေးစံ၊ နိုင်ငံရေးတန်ဖိုးနဲ့ ကင်းတဲ့ကဗျာဆိုတာ ဘယ်လိုလို့ နားလည်ထားပါသလဲ။
၃၄။ “ခေတ်ပြိုင်”ကဗျာဆိုတဲ့ အသုံးအနှုံးကို လက်ခံရင် အဲဒီအသုံးအနှုံးဟာ ကဗျာအမျိုးအစား သတ်မှတ်ချက်လား။ ဟုတ်တယ်ဆိုရင် ဘယ်လိုစံနှုံးတွေ၊ သတ်မှတ်ချက်တွေ၊ အင်္ဂါရပ်တွေနဲ့ ကိုက်ညီရင် “ခေတ်ပြိုင်”ကဗျာအမျိုးအစား စာရင်းဝင်သလဲ။မဟုတ်ဘူးဆိုရင် ဘယ်ကဗျာ အမျိုး အစားမဆို ခေတ်ပြိုင်ကဗျာစာရင်းဝင်သလား။
၃၅။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကဗျာ အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ်၊ လုံးချင်းဖြစ်ဖြစ် ရေးဖူးလား၊ ရေးချင်လား၊ ရေးနေလား။
၃၆။ တိုင်းရင်းသား ကဗျာတွေအပေါ် ဘယ်လိုမြင်သလဲ။ တိုင်းရင်းသားတွေရဲ့ ဘာသာ စကား အသီးသီးနဲ့ ရေးသားထားတဲ့ ခေတ်ပေါ်ကဗျာတွေ ဖတ်ဖူးလား။ ” မြန်မာခေတ်ပေါ်ကဗျာ”ဟာ တိုင်းရင်းသားတွေနဲ့ သူတို့ကဗျာတွေကိုရော ကိုယ်စားပြုသလား။
၃၇။ ကဗျာဟာ အမှန်တရားကို ဖေါ်ပြတယ်လို့ ထင်ပါသလား။ ထင်ရင် ဘယ်အမှန်တရားကို ဘယ်လိုဖေါ်ပြပါသလဲ။
၃၈။ ဘယ်လိုပဲတွေ့ကြုံခံစားသည်ဖြစ်စေ၊ အဲဒါကို ဘာသာစကားနဲ့ တဆင့်ခံပြီး ပြန်လည်ရေး သားရတဲ့အတွက် အဲဒီအရေးအသားဟာ မူလတွေ့ကြုံခံစားချက်အတိုင်း စစ်မှန်ပါဦးမလား။
၃၉။ ကိုယ်ကဗျာရေးရင် အကြောင်းအရာကို ဦးစားပေးပြီးရေးသလား။ ရေးနေစဉ်မှာ ဘာသာ စကားသုံးစွဲပုံပေါ် သတိပြု/ဂရုစိုက် သလား။ ဘာသာစကားက မထင်မှတ်ပဲ ဆွဲခေါ်သွားတာမျိုး ကြုံဖူး သလား။ အဲသလိုဆို ဘာလုပ်သလဲ။
၄၀။ ကိုယ်ရေးချင်တဲ့အကြောင်းအရာဆီကိုပဲ ဦးတည်ရေးတဲ့ စမသိကခအ အခြေပြုနဲ့ ချရေး လိုက်တဲ့ ပထမလိုင်းကနေ တစ်လိုင်းပြီး တစ်လိုင်းဆက်စပ်ဖြစ်ပေါ်လာပုံကို သတိပြုပြီးရေးတဲ့ process အခြေပြုမှာ ဘယ်ဟာကို ပိုအားသန်ပြီး ပိုကြိုက်နှစ်သက်သလဲ။
၄၁။ Procedural Poetry ဆိုတဲ့ ဖွဲ့စည်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး အဲဒီ စည်း မျဉ်း စည်းကမ်းတွေ မသွေဖီပဲ ရေးတာမျိုးရှိပါသလား။
၄၂။ ကိုယ်ရေးပြီးတဲ့ကဗျာကို ပြင်လေ့ရှိသလား။ ပြင်ရင်ဘာတွေကို ဘာကြောင့်ပြင်သလဲ။ ပြင် လိုက်ရင်မပျက်သွားဘူးလား။
၄၃။ ကိုယ့်ကဗျာနဲ့ ၂၀ ရာစုမြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းနဲ့ ဘယ်လို ပတ်သက် တယ်လို့ ထင်သလဲ။ ၂၁ ရာစုမြန်မာကဗျာ ရှုခင်းမှာ ကိုယ့်ကဗျာကို ဘယ်လိုမြင်သလဲ။
၄၄။ modernismလို ရာစုနဲ့ချီပြီးပြုလုပ်ဖန်တီးထားတဲ့ အနုပညာနဲ့ နည်းအားလုံးကို အကုန်စွန့် ပယ်ပြီး ပစ္စည်းအသစ်၊ နည်းအသစ်တွေ ပြုလုပ်ဖန်တီးဖို့ စိတ်ကူးရှိသလား။
၄၅။ ၁၉၇၀ ကနေစတွက်ရင် အခု ၂၀၁၀ အထိ နှစ် ၄၀ အတွင်း မဂ္ဂဇင်းအသီးသီးမှာ ဖေါ်ပြပါရှိ တဲ့ကဗျာတွေရဲ့ အပြေင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်ဖတ်ရှုခဲ့ရပါပြီ။ အဲဒီ နှစ် ၄၀ အ တွင်း မဂ္ဂဇင်းကဗျာတွေဟာ တက္ကသိုလ်အသီးသီးမှာ ရှိကြတဲ့ မြန်မာစာဌာနရဲ့ သင်ရိုးညွှန်း တမ်းတွေထဲ ပါသင့်ပြီလို့ ထင်သလား။
၄၆။ အခု”ခေတ်ပေါ်”ကဗျာလို့ ခေါ်ဝေါ်သတ်မှတ်ကြတဲ့ ကဗျာသက်တမ်းဟာ နှစ် ၄၀ ထဲရောက် ခဲ့ပေမယ့် တရားဝင် အသိအမှတ်ပြု မခံရသေးတဲ့အတွက် အခုထိ “အပယ်ခံ” ကဗျာ ဖြစ်နေ သေးတယ်လို့ ထင်သလား။
၄၇။ အချို့လူကြီးတွေက ခေတ်ပေါ်ကဗျာဟာအချိန်တန်ရင် ပျက်သွားပြီး အစဉ်အလာ ကဗျာ တွေပြန်လည် ဦးမော့လာမယ်လို့ ထင်ကြပါတယ်။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။
၄၈။ “ခေတ်ပေါ်”ကဗျာကို “ခေတ်ပြိုင်”ကဗျာနဲ့ အစားထိုးတာဟာ “ခေတ်ပေါ်”ကဗျာ “ပြီး” သွားပြီလို့ သွယ်ဝိုက်ဆိုလိုတာလား။ ဒါမှမဟုတ် “ခေတ်ပေါ်”ကဗျာဟာ “ခေတ်ပြိုင်” ကဗျာဖြစ် တယ်ဆိုရင် “ခေတ်ပြိုင်” ကဗျာလို့ ခေါ်စရာ လိုလို့လား။ “ခေတ်ပြိုင်”ကဗျာဟာ “ခေတ်ပေါ်”က ဗျာနဲ့ မတူလို့ သီးခြားအခေါ်အဝေါ်၊ သီးခြားခေါင်းစဉ်၊ သီးခြားလေဘယ်၊ သီးခြားနာမ၀ိသေ သန တပ်ရတာဆိုရင် လည်း ဘာတွေကွဲပြားခြားနားလို့လဲ။
၄၉။ “ကဗျာပြီးဆုံးသွားပြီ”ဆိုတဲ့ အတွက် ကဗျာဆက်ရေးစရာ လိုသေးလား။ အဲဒီ “ပြီးဆုံးသွား ပြီ” ကို ဘယ်လို လက်ခံနားလည်သလဲ။
၅၀။ ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာနဲ့ ပုံသဏ္ဌာန်(ဖွဲ့စည်းတည်ဆောက်မှု) အားပြိုင်ပွဲမှာ ဘယ်ဘက်က အလေးသာတယ်လို့ ထင်သလဲ။
၅၁။ ၂၀ ရာစုမြန်မာကဗျာပေါင်းချုပ်စာအုပ်မှာ ကဗျာဆရာ/ဆရာမ လူပုဂ္ဂိုလ် ၁၀ ယောက်ပဲ ပါရမယ်ဆိုရင် ဘယ်သူတွေ ပါသင့်တယ် ထင်သလဲ။ ၅ ယောက်ပဲ ပါသင့်တယ်ဆိုရင် ကော ဘယ်သူတွေဖြစ်မလဲ။
၅၂။ ၂၁ ရာစု ပထမဆယ်စုနှစ်အတွင်း မြန်မာကဗျာရှုခင်းမှာ ထူးခြားထင်ရှားတာတွေ ရှိပါ သလား။ ဘာမှမထူးခြားတဲ့ ပြားချပ်ချပ် ဆယ်စုနှစ်လား။ ၂၁ ရာစု မဟုတ်ပဲ ၂၀ ရာစုရဲ့ နောက် ဆက်တွဲလား။
၅၃။ ကဗျာလစဉ် မဂ္ဂဇင်းသီးသန့် ရှိသင့်တယ်လို့ ထင်သလား။ ရှိသင့်တယ် ထင်ရင် အခုထိ ဘာ့ ကြောင့် မရှိသေးတာလို့ ထင်သလဲ။
၅၄။ ကဗျာတစ်ပုဒ်ထဲမှာ ခံစားချက် ပါ/မပါ ဘယ်လို တိတိ ကျကျ ပြောနိုင်သလဲ။
၅၅။ ခံစားချက်အခြေပြုကဗျာမျိုးရေးတယ်ဆိုရင် အဲဒီကဗျာထဲ ကိုယ့်ခံစားချက် ထည့်သွင်းရေး သား ဖေါ်ပြတာလား။ ဒါမှမဟုတ် ဖတ်သူမှာ အဲသလို ခံစားချက်မျိုး ဖြစ်လာအောင် ဖွဲ့စည်းပြု လုပ်တာလား။
၅၆။ ကဗျာရေးတဲ့အခါ သဒ္ဒါနဲ့ ၀ါကျဖွဲ့ထုံးကိစ္စတွေကို အလေးထားသလား။
၅၇။ ကဗျာရေးဖို့ အချိန်သပ်သပ်ပေးတာမျိုး၊ ထားတာမျိုး ရှိသလား။
၅၈။ ကဗျာဟာ ကိုယ့်ဘ၀ထက်ပိုကြီးမားတယ်လို့ ထင်သလား။
၅၉။ ကဗျာနဲ့ပတ်သက်လို့ “အစစ်အမှန်”တို့”ဆီမီး”တို့”အတုအယောင်”တို့ ပြောဆိုနေကြတာကို
ဘယ်လိုမြင်သလဲ။
၆၀။ ကဗျာရေးရင် တစ်ပုဒ်ပုဒ်ကို model နမူနာပုံစံအဖြစ် ထားရှိပြီး ရေးသလား။ လုံးဝမထားပဲ ရေးသလား။
၆၁။ ကဗျာနဲ့ ပတ်သက်လို့ “ကိုယ်ပိုင်” ဆိုတဲ့ အသုံးအနှုံးကို ဘယ်လိုမြင်သလဲ။
၆၂။ ကိုယ်ရေးတဲ့ ကဗျာဟာ စကတည်းက ဘာရေးချင်တယ်ဆိုတာ သိလို့ ချရေးလိုက်တာလား၊ ရေးရင်းရေးရင်းနဲ့ ဘာဖြစ် လာမယ်ဆိုတာ စူးစမ်းပြီး ရေးသွားတာလား။
၆၃။ ကိုယ်ရေးတဲ့ ကဗျာမှာ အနုပညာနဲ့ အတတ်ပညာဟာ အချိုးအစားဘယ်လို ရှိတယ်ထင်သ လဲ။ ၉၀း၁၀ လား၊ ၅၀း၅၀ လား၊ စသဖြင့်။
၆၄။ အင်တာနက်မှာ တင်ထားတဲ့ မြန်မာကဗျာတွေ ဖတ်သလား။
၆၅။ ယနေ့မြန်မာကဗျာဟာ နိုင်ငံတကာကဗျာနဲ့ တန်းတူအဆင့် ရှိတယ်လို့ ထင်သလား။ နိုင်ငံ တကာ ကဗျာထက် သာတယ်လို့ ထင်သလား။ ဘာကြောင့် ပြောနိုင်လဲ။
၆၆။ ယနေ့မြန်မာကဗျာရှုခင်းကို ဘယ်လိုမြင်ပြီး ဘယ်လိုလားရာတွေ၊ လမ်းကြောင်းတွေ ပေါ် လာမယ်လို့ ထင်သလဲ။
ဇေယျာလင်း
၂၈၊ ၅၊ ၂၀၁၀
- ၂၀၁၀ပြည့်နှစ်၊ ဇူလိုင်လထုတ်၊ ပန်းအလင်္ကာမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး။












