ဖတ်မိခဲ့သော စာအုပ်များ

3
Filed under စာပေ

တောကျောင်းဘလော့မှာ စာအုပ်တွေအကြောင်း မရေးဖြစ်တာ အတော်ကြာပါပြီ။ ကျွန်တော့် အနေနဲ့ တစ်ပတ်ကို အနည်းဆုံး စာအုပ်လေးငါးအုပ်တော့ ဖတ်ဖြစ်ပါတယ်။ အချိန်ပြဿနာ ကြောင့် ပြန်မရှဲနိုင်ခဲ့တာပါ။ ဒီလိုနေရာက ကိုမိုးဆတ်ရဲ့ ဘလော့မှာ Booknotes ဆိုပြီး ပို့စ်လေးတစ်ခုတက်လာတာကို သတိထားမိလိုက်ပါတယ်။ သူလည်း စာအတော်ဖတ်တဲ့သူပါ။ သူရေးထားတဲ့ ပိုစ့်ကို ကျွန်တော် သဘောကျသွားပါတယ်။ တွေ့သမျှလူတွေကို စာဖတ်ပါလား။ စာမှမဖတ်တာကိုးလို့ ပြောနေမယ့်အစား ကျွန်တော်တို့တော့ ဒီစာအုပ်တွေဖတ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်တွေအပေါ် ဒီလိုမြင်တယ်။ ခင်ဗျားတို့လည်း စိတ်ဝင်စားရင် ဖတ်ကြည့်ပါလားဆိုတဲ့ ကဏ္ဍလေးလုပ်ဖို့ စဉ်းစားမိပါတယ်။ ဖတ်နေသမျှ အားလုံးမဟုတ်တောင် စိတ်ထဲရောက်လာတဲ့ စာအုပ်တွေ အကြောင်းပေါ့။ အမြည်းအနေနဲ့ပဲ ရေးပါမယ်။ စိတ်ပါရင် အရှည်ရေးပါမယ်။ အခုဒီပိုစ်မှာတော့ ကိုမိုးဆတ်တင်ထားတဲ့ Booknotes ဆိုတဲ့ ပိုစ့်က စာအုပ်သုံးအုပ်အကြောင်း အရင်တင်ပေးလိုက်ပါမယ်။ စာဖတ်ခြင်းဖြင့် ပျော့်မွေ့သူများ အဆာပြေနိုင်ကြပါစေ။

- တောကျောင်းဆရာ

ဌေးဦးကျော် `အနာဂတ်သမိုင်း´

(ပ-ကြိမ်၊ ၂၀၀၅ဇွန်၊ မုံရွေး၊ ၇၀၀)

သိပ္ပံ ၀တ္ထုတွေရဲ့ အားသာချက်၂ခု အဖြစ် ကြိုက်တဲ့ကိစ္စကို ကြိုက်သလိုသရော်နိုင်တယ်။

(ရောဘတ်ရှက်ကလေးရဲ့ ၀တ္ထုတွေကို သတိရမိတယ်) ထူးခြားတဲ့အတွေးကို ဖော်ပြနိုင်တယ်လို့ ဆိုထားပါတယ်။ ၀တ္ထုတွေအားလုံးကို သိပ္ပံ ၀တ္ထုတွေချည်းပဲလို့တော့ သတ်မှတ်လို့ မရလောက်ပါဘူး ခေတ်ဟောင်း ဇာတ်လမ်းတစ်ပုဒ်ဟာ စိတ်ပညာဝတ္ထု ဖြစ်ပြီး ရွှေဆည်းဆာဟာ အနာဂတ္ထိံ ၀တ္ထုလို့ပဲ သတ်မှတ်ရမှာပါ။ မုံရွေးအနေနဲ့ သိပ္ပံရောဂါ ထတာကို ခဏဖယ်ထားပြီး တခြားကျယ်ပြန့်တဲ့ခေါင်းစဉ်တပ်ခဲ့ရင် ဒီထက်ပိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်မယ်ထင်ပါတယ် (ကျွန်တော်တောင်ကျော်အပေါ် စာပေလောက မုံရွေးစာအုပ်ပြပွဲမှာ ၂၀၀ ပုံထဲက ရလို့ ဖတ်ဖြစ်တာပါ)

ဝတ္ထုတစ်ပုဒ်ခြင်းအနေနဲ့တော Chicken Soup for Soul လိုစာမျိုး (ဘယ်သူနေသင့်သလဲ)နဲ့ Sci-fi ဆရာကြီးတွေဖြစ်တဲ့ ရောဘတ်ရှက်ကလေးနဲ့ အဆီမော့တို့ရဲ့ သရော်စာကောင်း ၂ ပုဒ်လည်း ပါတာတွေ့ရပါတယ်။

ဦးနု`ငါးနှစ်ရာသီ ဗမာပြည်`(ဘမော်နဲ့မောင်နု)

(တ-ကြိမ်၊ ၂၀၁၀ ဇန်န၀ါရီ၊ ရတနာပုံ၊ ၂၀၀၀)

ဘမော်ကြိုမသိနိုင်ခဲ့တာက နောက်ငါးနှစ်ကြာရင် မောင်နု ၀န်ကြီးချုပ်ဖြစ်မယ်ဆိုတာပဲ။ ၀န်ကြီးချုပ်တောင်မှ တကယ်လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ၊ ဘမော်လို နာမည်ခံမဟုတ်ပဲ တကယ့်အာဏာရှင်ဖြစ်ခဲ့တယ် ဘမော်ကပြောတယ် `နိုင်ငံရေးဆိုတာ အဖျက်နဲ့ ကြီးပဲ ပြီးတာမဟုတ်ဘူး၊ အလုပ်ကရှိသေးတယ်၊ ကိုယ်တို့တတွေဆိုတာလည်း နောက်ကို အကြာကြီးလုပ်နိုင်တော့မယ် မဟုတ်ဘူး၊ နောက်ဆိုရင် ဗိုလ်အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်နုတို့ပဲရှိတော့တယ်´ဆိုတဲ့စကား(စာ-၈၂)အရတော့ ဘမော်ရဲ့ အနာဂတ် ဗမာ့နိုင်ငံရေးvision က တော်တော်ကောင်းတယ်လို့ ဆိုရမယ်။

ပိုစိတ်ဝင်စားဖို့ကောင်းတာက `အဲဒီတော့ အလုပ်သဘောကို ခုထဲက စပြီး အခွင့်ရတဲ့အခါ သင်ကြစမ်းပါ၊ ကိုယ်ကောင်းကောင်း လက်ထပ်သင်ပေးစမ်းပါရစေ´ (စာ-၈၂)ဆိုတာပါပဲ မောင်နုက ဘမော်ရဲ့ ကက်ဘိနက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး (Secretary of State ဆိုတာနိုင်ငံရေးမှာ ၀န်ကြီးချုပ်ပြီးရင် အမြင့်ဆုံးလို့ ယူဆကြ)၀င်လုပ်ရင်း ဘာတွေသင်ဖြစ်၊ consciously or unconsciously observe လုပ်ဖြစ်ခဲ့သလဲ၊ နောင်အထွတ်အထိပ်ရောက်တဲ့အခါ ဘာတွေများ ပြန် apply လုပ်ခဲ့လေမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။

ဘမော်ရဲ့ လူမှုဆက်ဆံရေး ပရိယာယ် (စာ-၇၆)၊ နိုင်ငံရေးပရိယာယ် (စာ-၁၇၅)တွေသာမက ဘမော်ရဲ့ စွတ်တရွက်နိုင်တာ (စာ-၁၂၃နဲ့ စာ-၁၄၀)၊ လွယ်လွယ်နဲ့ အလျှော့မပေးတတ်တာတွေ လေးစားသဘောကျကြောင်း မောင်နုရဲ့ စာထဲမှာ ပေါ်လွင်သလို သူ့အပေါ် influence ဖြစ်ခဲ့မှာလည်း အသေအချာပါပဲ။

Myanmar: Life After Nargis (Pavin Chachavalpongpun & Moe Thuza)

(First ed., 2009, ISEAS)

နာဂစ်အသေအပျောက်စာရင်းနဲ့ ပတ်သက်လို့ ပွန်ဂျာကိုပဲ ကိုးကားထားတယ် သေ=၈၄၅၃၇ ၊ပျောက်=၅၃၈၃၆ (Restoring Family Link တို့ ၊ Tracing တို့ လုပ်တဲ့ အင်ဂျီအိုတွေက ပျောက်စာရင်းထဲက ဘယ်လောက်တော့ ပြန်တွေ့ပြီဆိုတာလေးတော့ စူးစမ်းသင့်ကြတယ် )

ကျပ်ဘီလီယံပေါင်း ၄၅၀၀ ပျက်စီး ဆုံးရှုံး(damage & losses)တယ်လို့ ၂၀၀၈ မေ ၂၅ ဆီဒိုးနားမှာလုပ်တဲ့ Pledging Conference မှာ PM ပြောတာကို ကိုးကားပြီး ဖော်ပြထားတယ် (damage ကရုပ်ဝတ္ထုပျက်စီးသွားတာဖြစ်ပြီး lossesက စီးပွားရေးလုပ်ငန်းတွေ့ လျော့ကျသွားတာလို့ ရှင်းထားတယ်)

World Bank က ၁၉၈၀ တည်းက လုပ်လာတဲ့ Paddy I နဲ့ II ပရောဂျက်တွေ နာဂစ်ထဲပါသွားတယ်လို့ ဖော်ပြထားတယ်။

တိရိစ္ဆာန်ကောင်ရေ ၂ သိန်းသေတယ် (ရှိတဲ့ ကျွဲတ၀က်နဲ့ နွားလေးပုံတစ်ပုံ လျှောသွားတယ်) အမိုးအကာ ၅၇ရာနှုန်းလုံးဝပျက်စီးတယ် ဘာမှမဖြစ်တာ ၂ရာနှုန်းပဲရှိတယ် အိမ်ထောင်စု လေးသိန်းခွဲရဲ့ အမိုးအကာကို ပြန်ပြင်ဖို့လိုတယ်။

ပွန်ဂျာဆိုတဲ့ နာဂစ်စစ်တမ်းကြီးလုပ်တာ ဒေါ်လာတစ်သန်းကုန်တယ် လူ ၃၀၀ ကျော်သုံးတယ် ၂၀၀၈ ဇွန် ၅ကနေ ၂၉ထိ ကြာတယ်။

စာအုပ်မှာ အဓိက ဖော်ပြထားတာက GOM နဲ့ အလှူရှင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ (UN အပါအ၀င်) ပူးပေါင်းဆောင်ရွက် (Coalition of Mercy လို့သုံးထားတယ်) နိုင်အောင် ၀င်လှော်ပေးရတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲ ၊ သူတို့လည်း လှော်သာလှော်တာ စစချင်း ဒေါ်လာသွင်းခွင့်မရလို့ ထိုင်းသံရုံးကနေ ပိုက်ဆံချေးပီး အလုပ်စခဲ့ရတယ် (စာ-၇၄-၇၅)

ယူအင်န်ဒီပီက ကယ်ဆယ်ရေးအချိန်ကို ၂၀၀၉ဧပြီထိ သတ်မှတ်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကာလကို လေးနှစ်သတ်မှတ်ခဲ့တယ်

နာဂစ်က အာဆီယံအတွက် အကျိုးရှိခဲ့တယ် စာအုပ်နိဂုံး(စာ-၁၀၆)မှာ Perfect Storm လို့တောင် ဆိုထားသေး နာဂစ်ကြောင့် အာဆီယံဟာ Disaster Management နဲ့ ပတ်သက်လို့ လုပ်နိုင်ကိုင်နိုင်ရှိတယ်ဆိုတာ ပြနိုင်ခဲ့တယ် Coordinating Response နဲ့ ပတ်သက်လို့ အတွေ့အကြုံအများကြီးရတယ် သူ့ရဲ့ AHA (ASEAN Humanitarian Assistance) ရုံးကိုလည်း အသက်ဝင်အောင် လုပ်နိုင်ခဲ့တယ်။

GOM အနေနဲ့လည်း နာဂစ်မှာ အခွင့်အရေးကောင်းတွေကို လက်လွတ်ခဲ့တယ်လို့ ဝေဖန်ထားတယ် (စာ-၈၁) သတင်းစာတွေမှာ မုန်တိုင်းပြီးပြီးချင်း နာဂစ်ဒေသတွေကို သွားးပြီး လှူဒါန်းမှုတွေ လုပ်ခဲ့တဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို မဖော်ပြပဲထားခဲ့တာဟာ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့အမြင်မှာ တော်တည့်မှန်ကန်စွာ သရုပ်ဆောင်ပြနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့တာပဲလို့ သုံးသပ်ထားတယ်။

ပြည်သူတွေအနေနဲ့ GOM ဟာ ကယ်ဆဲရေးလုပ်ငန်းတွေကို mismanage လုပ်နေတယ်လို့ ထင်မြင်ခံစားမိစေခြင်းဖြင့် သူ့ရဲ့ legitimacy ကို တောက်ပစေမယ့် အခွင့်အရေးကိုလည်း လက်လွတ်ခံခဲ့တယ်လို့ ထပ်ပြီး သုံးသပ်ထားတယ်။

- ကိုမိုးဆတ်ရဲ့ ကမ်းယံ ဘလော့မှ ပြန်လည်ဖော်ပြသည်။

အ ထစ် အ ထစ်

0
Filed under ကဗျာ

SergeLachinovElements
- Elements (2000) by Serge Lachinov

ရေးချင်သားချင်စိတ် ပေါ်လာလည်း
လက်လှမ်းမီရာမှာ ဘာမှမရှိ
ဟိုစိတ် ဒီစိတ်ပေါ်လာလို့
ဟိုဟာ ပြုစရာမရှိ
ရုတ်တရက်တော့ တစ်မျိုးကြီးပဲ
ဘယ်လိုပြောရမလဲ
ဟိုဒင်းလေ ဟိုဟာ
အ ထစ် အ ထစ်
ပြောလို့မရတာ
ပြောလို့ မဖြစ်တာ
ပြောလို့ မကောင်းတာ
ပြောရင် တစ်ခုခု ဖြစ်မှာ
အ ထစ် အ ထစ်
ခဏ ခဏ နားထောင်/ ဖွင့်ကြည့်နေတဲ့ သီချင်းတစ်ပုဒ်
အစင်းရာထင် နေတဲ့အခွေ
(ခွေပေါ် လက်ဗွေရာ မထင်စေနဲ့လေ)
ထစ်သွားလည်း စိတ်ကဆို
ကြိုက်လို့ဆို ကြိုက်တယ်ဆို
စိတ်စိုစိုနဲ့ ဆို
စိုစိုစိုစို ဆို
ခင်ဗျားဆို ကျွန်တော်ဆို ဟိုလူကြီးဆို ဟိုကောင်မလေးဆို
လောကဓံသီချင်း
မဆုံးသေးဘူး
အ ထစ် အ ထစ်
ဒီအတိုင်းကြီး ပြီးသွားသလား
အသံကုန်ပြီလား
အရေး အသားကုန်ပြီလား
အရေ အသား ကုန်ပြီလား
အကြောင်းအရာ အရာရာ အကြောင်းကြောင်း
အရေး အကြောင်းများ
အိုစာသွားတဲ့အထိ
အ ထစ် အ ထစ်။

ပီမို

ကဗျာသေမှုသေခင်း

8
Filed under ကဗျာ, အရေးအသား

Robert_Rauschenberg's_untitled_'combine',_1963

- untitled combine(1963) by Robert Rauschenberg

မယုံနိုင်ဘူးမဟုတ်လား
မနေ့တစ်နေ့ကအထိ အကောင်းကြီးရှိသေး ခင်ဗျားနဲ့
တပူးပူးတတွဲတွဲရှိခဲ့သေး မဟုတ်လား
တကယ်ပါ မီဒီယာတွေမှာ ရှာကြည့်နိုင်ပါတယ်
‘ကဗျာသေပြီ’

“ကဗျာသေနေပုံဟာ အိပ်နေသလိုပါပဲလားကွယ်၊ ဘယ်လိုများဖြစ်ရတာလဲ ကဗျာရယ် ကဗျာမှာ ဘာအပြစ်ရှိလို့လဲ၊ ကဗျာမှာ ဘာပြဿနာတွေများ ရှိနေလို့လဲ၊ ကျွန်တော်သိသလောက်ကတော့ ကျွန်တော့်ကဗျာလေးမှာ ဘာနောက်ကြောင်းအရှုပ်အရှင်းမှ မရှိသလို တွေးခေါ်ပုံကအစ၊ အာရုံခံစားမှုအလယ်၊ ဘာသာစကားဝတ်စားဆင်ယင်မှုအဆုံး ရှိတာလေးနဲ့ ရိုးရိုးအေးအေးလေး နေခဲ့သူပါဗျာ လုပ်ပါဦး ဆရာတို့ရယ် ကျွန်တော့်ကဗျာလေးကို ကယ်ပါဦး၊ ကျွန်တော့်မှာ ရှိသမျှ ပါးလှပ်တဲ့နှလုံးသားတွေ၊ ဈာန်တွေ၊ ဇောတွေ၊ ဆဠမအာရုံတွေ၊ သမိုင်းစိတ်တွေ၊ ခေတ်အမြင်တွေ၊ စေတနာတွေ၊ ဝေဒနာတွေ စည်းစိမ်တွေ အားလုံးကုန်ချင် ကုန်သွားပါစေ ကျွန်တော့်ကဗျာလေး အသက်ပြန်ရဖို့ပဲ အရေးကြီးပါတယ်”

ဟုတ်ပါပြီ၊ အဲဒါ ခင်ဗျားသိသလောက် ခင်ဗျားကဗျာလေးပေါ့၊ ခင်ဗျားကဗျာလေးက ခင်ဗျားသိသလောက်ပဲပေါ့၊ အဲဒါ

ရှား။ ။’ဘယ့်နှယ်လဲဗျို့၊ ခင်ဗျား ဘယ်လိုထင်သလဲ’
နုပ်။ ။’ကျုပ်ဖြင့် မတွေးတတ်အောင်ပဲဗျို့’

“အဲဒီ ထင်းနေတဲ့လက်ဗွေရာတွေကို ကြည့်ရင် ကဗျာကို သူတို့ နိုင်လိုမင်းထက်ကိုင်တွင်ခဲ့တယ်ဆိုတာ သိနိုင်တယ်”
“ဟောဒီမှာ တွေ့လား ညှို့မဲနေတဲ့ ဒဏ်ရာတွေ၊ အဲဒါ သူတို့ အထက်စီးကချယ်လှယ်ချုပ်ကိုင်ခဲ့တာတွေပေါ့”
“သင်္ကေတ၊ နိမိတ်ပုံ၊ အလင်္ကာနဲ့ ၀ါကျဆင်ယင်ထုံးဖွဲ့မှုလိုင်းတွေကို ကြည့်ရင် သူတို့အစဉ်အဆက် ရှေးရိုးအတိုင်း ပုံသွင်းထားတာတွေ့နိုင်ပါတယ်”
“ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍန်ကိုကြည့်ရတာလည်း အလင်းရောင်နဲ့ လေကောင်းလေသန့် ကောင်းစွာမရခဲ့တာကို ပြနေတာပဲ”
“ကဗျာရဲ့သီးချိန်ပွင့်ချိန်သဘာဝဆိုပေမယ့် ကဗျာအုပ်ထိန်းသူတွေရဲ့ သဘာဝနဲ့အချိန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်”
(ဓါတ်ခွဲခန်းက ရရှိတဲ့အချက်အလက်တချို့)

သက်ဆိုင်ရာက ကဗျာနဲ့ပတ်သက်ခဲ့သူတွေကို တွေ့ဆုံပြီး ကဗျာအပေါ် သဘောထားလေး မေးမြန်းကြည့်တော့ ကဗျာကို ဘယ်လောက်ချစ်ကြောင်းတွေ၊ ဘယ်လောက်တန်ဖိုးထား မျှော်လင့်ခဲ့တဲ့အကြောင်းတွေ လှည့်ကြည့်စရာ မလိုလောက်အောင် ယုံကြည်စိတ်ချ လိမ္မာရေးခြား ရှိခဲ့ပုံလေးတွေ အလုအယက်(အထုပ်)ဖြေကြ

“ကဲ ဒါဖြင့် ဒီကဗျာရဲ့နောက်ကြောင်းကို ခြေရာခံချင်ပါတယ် ဒီကဗျာ ဘယ်ကလာသလဲ၊ ကဗျာကို ဒီနေရာရောက်အောင် ဘယ်သူခေါ်ဆောင်ခဲ့သလဲ၊ ဘယ်တစ်ယောက်ဘယ်တစ်ဖွဲ့မှာ တာဝန်ရှိသလဲ၊ တာဝန်ယူမလဲ၊ ကိုယ့်သွေးသားအစစ်က ဖြစ်တယ်ဆိုတာ သက်သေပြ နိုင်မလား၊ မွေးစားလား၊ ဆွေမျိုးတော်စပ်လား၊ ကူဖေါ်လောင်ဖက်လား၊ ၀ိုင်းလုပ်ဝိုင်းစားလား
စာရွက်စာတမ်းတွေ ပြနိုင်မလား”

“စိတ်မရှိပါနဲ့ဗျာ ကျုပ်တို့လည်းဝတ္တရားအရ မေးမြန်းရတာပါပဲ”

အဓိကတရားခံ၊ ကြံရာပါ၊ အားပေးအားမြောက်သူ၊ ပူးပေါင်းကြံစည်တာလည်းဖြစ်နိုင်တယ်၊ ကြိုတင်ကြံစည်တာလည်း ဖြစ်နိုင်တယ်၊ မိမိကိုယ်ကိုကာကွယ်ရင်းနဲ့လက်လွန်သွားတာလည်း ဖြစ်နိုင်တာပဲ၊ လောလောဆယ် တရားခံက ထွက်ပြေးတိမ်းရှောင်နေပါတယ်
ဝရမ်းထုတ်ဖို့အတွက်ပုံကြမ်း ထုတ်ဖို့အတွက် မျက်မြေသက်သေ ထုတ်ဖို့အတွက် . . . . . .
တရားခံက ခင်ဗျားနဲ့နီးလျက်နဲ့ဝေးနေတာလည်း ဖြစ်နေနိုင်ပါတယ်

တရားခံဟာ ဘယ်လိုတရားတွေလိုနေတဲ့ တရားလိုလဲ၊ တရားလိုဟာ ဘယ်လိုတရားတွေခံနေတဲ့ တရားခံလဲ သက်သေလူကြီးမင်းအတွက် ဘယ်သူသက်သက်လုပ်ပေးမလဲ

ဘာပဲဖြစ်ဖြစ် ဒီမသင်္ကာဖွယ်စာရင်းမှာ ခင်ဗျားမပါဖို့တော့ မျှော်လင့်ရတာပဲ

ခင်ဗျားအနေနဲ့လက်ခံဖို့ ခဲယဉ်းနေမယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်
ဒဏ္ဍာရီကို လက်ခံဖို့ ခဲယဉ်းသလို
ယုံတမ်းစကားကို လက်မခံနိုင်သလို
အရူးစကားကို လက်မခံသင့်သလို
ကောလဟာလကို လက်မခံချင်သလို
တခြားဖြစ်ရပ်တွေကို ခံဖို့လက်မရှိခြင်းလည်း ဖြစ်နိုင်ပါတယ်

ကိုယ့်မျက်လုံးကိုယ် ဘာမယုံစရာမှ မရှိပါဘူး၊ မယုံရတာက မိမိသိမှုအကြည့်ရဲ့မိုးကုပ်စက်ဝိုင်းတဆုံး(ခင်ဗျားမျက်လုံး)ပဲ
သေတဲ့ကဗျာကဖြင့် သေပြီ

တရားနဲ့ဖြေပါလို့လည်း မဆိုရက်
သူတို့တရားက ကဗျာဆိုတော့လေ

ဒါပေမယ့် ဒီနေရာမှာ စဉ်းစားရမှာက
ဒီနေရာမှာ ဘယ်လိုစဉ်းစားသလဲဆိုတာပဲ

ရှား။ ။ဒီအမှုဟာ ကျုပ်ထင်ထားတာထက်တောင် ပိုပြီးခက်ခဲနက်နဲနေပါသကောဗျာ
နုပ်။ ။’ကျုပ်’ ထင်ထားတာတွေကလည်း ‘ကျုပ်’ သိရသလောက်နဲ့ ရသလောက် အသိကလေးပဲကိုး

တခြားဖြစ်နိုင်သေးတာက ကဗျာဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်တာလား၊ ကဗျာရဲ့ အသက်နဲ့အရှက်ကို ငွေကြေးနဲ့လှဲလှယ်ခံလိုက်ရတာလား၊ (၁၈နှစ်အောက် ကဗျာဖြစ်ခဲ့လို့ရှိရင်) သွေးဆောင်ဖြားယောင်း မတရားခိုင်းစေ သားမယားပြုကျင့် အသတ်ခံလိုက်ရတာလား၊ အင်ဖေါ်မေးရှင်းနဲ့ တက်ကနိုလော်ဂျီခေတ်ကြီးမှာ ကဗျာဟာ သိမ်ငယ်ပျောက်ဆုံးခဲ့ရလို့လား၊ ဂလိုဘယ်လိုက်ဇေးရှင်းမှာ သူ့နယ်နိမိတ်တွေေ၀၀ါးရောယှက်ခံရလို့လား၊ မြို့ပြယဉ်ကျေးမှုကို သူနာကျဉ်းစိတ်ကုန် သွားလို့လား၊ အုပ်ထိန်းသူတွေရဲ့ဖိအားကို သူ မခံနိုင်တော့လို့လား၊ (အပြောင်းအလဲမရှိတဲ့) သူ့ဘ၀ကိုသူ ငြီးငွေ့သွားလို့လား၊ ဒါမှမဟုတ် အင်တာနက်နဲ့ E-Bookတွေ ရမ်းကားလက်လွန်မှုမှာ သားကောင်ဖြစ်ရရှာသည့်ကဗျာလား၊ ပေါင်မုန့်ပိတ်ဆို့မှု ပြုလုပ်ခံပေါ်လစီနိုင်ငံမှာ ဓါးစာခံဖြစ်ရရှာသည့် ကဗျာလား၊ ဒါမှမဟုတ် ကဗျာချစ်သူဆိုသူများရဲ့ အုပ်စုဂိုဏ်းဖွဲ့အပြိုင်ဆိုင်လုယက် တိုက်ခိုက်မှုများကြား မြေဇာပင်ဖြစ်ရတာလား၊
ကဗျာက ‘လှ’ တာကိုး။

ကဗျာဟာ ကိုယ့်အတတ်ကိုယ်စူးသွားတာလား၊ ကဗျာဟာ အိုဗာဒို့စ်ဖြစ်သွားတာလား၊ ကဗျာဟာ ရိုးရိုးတန်းတန်းလူကြီးရောဂါနဲ့ မီးဇာကုန်သွားတာလား၊ ကဗျာဟာ ဥပစ္ဆေဒကကံထိုက်သွားတာလား၊
‘ကဗျာကို သတ်လိုက်တာ ဘယ်သူတုန်း’

ကဗျာမှာ နောက်ဘ၀ရှိသလား၊ ကဗျာရဲ့နောက်ဘ၀ဟာ စကားပြေ(ကဗျာ)လား၊ ကဗျာရဲ့နောက်ဘ၀ဟာ ပန်းချီလား၊ အင်စတော်လေးရှင်း၊ ပါဖောမင်း၊ ဂီတ၊ ရုပ်ရှင်တို့ရဲ့ အတိတ်ဘုံဘ၀မှာ ကဗျာဖြစ်ခဲ့သလား

ရှား။ ။အခုသေသူဟာ ကဗျာပါပဲ၊ ဒါပေမယ့် ကဗျာမဟုတ်ဘူးဗျ
နုပ်။ ။ကျုပ်တော့ ဘယ်လိုမှ နားမလည်နိုင်အောင်ပဲဗျို့

ကဗျာကားကွယ်လွန်လေပြီ ကဗျာသက်တော်ရာကျော်ရှည်ပါစေ။

မောင်ယုပိုင်
၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီ ၂၄

Everybody’s Fine နှင့် Robert De Niro ကို ပြန်လည်တွေ့ရှိခြင်း

3
Filed under ရုပ်ရှင်

everybodys_fine_poster3

Robert De Niro ကို ကျွန်တော်မေ့နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် မနေ့တစ်နေ့လောက်က သူ့ကိုပြန်တွေ့ခဲ့ရပါတယ်။ မှတ်မှတ်ရရပြောမယ်ဆိုရင်တော့ ၂၀၀၉ခုနှစ် ဒီဇင်ဘာတုန်းက ထွက်ထားခဲ့တဲ့ Everybody’s Fine ဇာတ်ကားကို ကြည့်ဖြစ်ခဲ့တဲ့ အချိန်မှာပါပဲ။ အော်စကာ ဆန်ကာတင်ကားတွေ ကြည့်နေရာက ကြားဖြတ်ဖောက်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Everybody’s Fine လို့ နာမည်ပေးထားခဲ့တဲ့ ဒီဇာတ်ကားကို ခေါင်းစဉ်တွေ့လိုက်ကတည်းက ဇာတ်လမ်း ကျောရိုးမဖတ်တော့ပဲ ၀ယ်ထားခဲ့တာ ကြာပါပြီ။ Robert De Niro ကို ဘယ်လောက် အထိ ယုံကြည်ရမလဲဆိုတာကို စမ်းသပ်ကြည့်တဲ့သဘောပါ။ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်မပျက်စေခဲ့ပါဘူး။ အခု ဒီဇာတ်ကားအကြောင်း ပြောကြည့်ပါမယ်။

မိဘမေတ္တာဘွဲ့ ဇာတ်ကားပါပဲ။ ပိုထူးခြားတာက ဒီဇာတ်ကားမှာပါနေတဲ့ ဇာတ်လမ်းမျိုးကို ပြင်ပမှာလည်း အများကြီးတွေ့ဖူးပါတယ်။ ရုပ်ရှင်အနေနဲ့လည်း အများကြီး ရှိခဲ့ဖူးတယ်တယ်။ ဥရောပရုပ်ရှင်တွေထဲမှာရော၊ ဂျပန်၊ တရုတ်၊ အိန္ဒိယအစရှိတဲ့ အရှေ့တိုင်း ဇာတ်ကားတွေမှာ လည်း မကြာခဏဆိုသလို မြင်တွေ့နေရတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါနဲ့များ ဒီဇာတ် ကားမှာ  Robert De Niro က ဘာကြောင့်များ သရုပ်ဆောင်ခဲ့ရတာပါလိမ့်။ နောက်ပြီး ဒီဇာတ်လမ်းမျိုးကို မကြာခဏကြည့်ခဲ့ဖူးတဲ့  ကျွန်တော်ကရော ဒီဇာတ်ကားကို ဘာကြောင့်များ သဘောတွေ့မိခဲ့ပါလိမ့်။ တစ်ခုတည်းသောအဖြေ ရှိပါတယ်။ ဒီဇာတ်ကားဟာ ရိုးဂုဏ်တစ်ရပ်ကို အပြည့်အ၀ ဖော်ဆောင် သွားနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဖခင်နေရာက သရုပ်ဆောင်ထားခဲ့တဲ့ De Niro အတွက် ဒီဇာတ်ကားဟာ သိပ်ပြီးတော့ အပန်းကြီးခဲ့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ Meet the Parents(၂၀၀၀) နဲ့ Meet the Fockers (၂၀၀၄) ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဇနီးသည်ကွယ်လွန်ပြီး ရှစ်လအကြာထိ Frank Goode (Robert De Niro) ဟာ နေအိမ်မှာ တစ်ဦးတည်းနေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ရပ်ဝေးမှာရောက်နေတဲ့ သားသမီးလေးဦးနဲ့ အားလပ်ရက်မှာ မိသားစု စုံညီတွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ သူ့ပြုစုပျိုးထောင်ခဲ့တဲ့ ရင်သွေး တွေအတွက် သူကိုယ်တိုင် ဧည့်ခံကျွေးမွေးချင်တဲ့ ဖခင်စိတ်က ဖရန့်ဆီမှာ နေရာအပြည့် ယူထားခဲ့ပါတယ်။ သားသမီးတွေ ရောက်လာလိမ့်မယ်လို့ သူမျှော်လင့်ထားခဲ့ပါတယ်။ သူမျှော်လင့်ထားခဲ့သလိုတော့ ဖြစ်မလာခဲ့ပါဘူး။ သတ်မှတ်နေ့ရက် မတိုင်ခင်မှာပဲ သားသမီးတွေဆီက ဆက်တိုက်ဆိုသလို ဖုန်းမက်ဆေ့ခ်ျတွေ ရောက်လာခဲ့ပါတယ်။ သူ့ဆီကို မလာနိုင်တော့တဲ့အကြောင်း အသိပေးတောင်းပန်စကားတွေ ပဲဖြစ်ပါတယ်။

သားသမီးတွေ မလာနိုင်တော့တဲ့အခါ သူတို့တွေဆီကို သွားဖို့ ဖရန့်စီစဉ်ခဲ့ပါတယ်။ ပြဿနာက ဆရာဝန်က သူ့ကို ခရီးဝေးမသွားစေချင်တဲ့ သဘောရှိပါတယ်။ အိမ်ထဲက ပန်းခြံလေးထဲမှာပဲ ပျော်ရွှင်စွာနေထိုင်ဖို့ အကြံပေးခဲ့မယ့် မအောင်မြင်ခဲ့ပါဘူး။ ခရီးသွားဖို့ ဆရာဝန်က ခွင့်ပြုလိုက်ပေမယ့် ရထား၊ ကားနဲ့သာ သွားခွင့်ပြုခဲ့ပါတယ်။ ရောဂါအခြေအနေအရ လေယာဉ်တော့ စီးနင်းခွင့်မပြုခဲ့ပါဘူး။

ကလေးတွေဆီ သွားချင်တဲ့ စိတ်က ဖရန့်အပေါ် အသာစီးရခဲ့ပါတယ်။ ဖလင်ကင်မရာတစ်လုံး၊ သောက်ဆေးအစုံအလင်၊ ခရီးဆောင်အိတ်တစ်လုံး၊ စာလေးစောင်နဲ့ နယူးယောက်မြို့ ဆီကို သူထွက်ခွာခဲ့ပါတယ်။ ရထားနဲ့ ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ သားသမီးတွေကိုတော့ သူလာမယ့်အကြောင်း ကြိုမပြောခဲ့ပါဘူး။  အံ့သြသွားစေချင်တဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါတယ်။

ရထားပေါ်မှာ သူ့သမီးတွေနဲ့ သက်တူရွယ်တူရှိမယ့် မိန်းကလေးတစ်ယောက်နဲ့ မျက်နှာ ချင်း ဆိုင်ထိုင်ဖြစ်ခဲ့ပါတယ်။ ရထားပြတင်းအပြင်က ရှုခင်းတွေကို ကြည့်နေရင်းက မျက်နှာချင်းဆိုင်မှာရှိနေတဲ့ မိန်းကလေးကို ဖရန့် လှမ်းမေးလိုက်တယ်။ မင်းရဲ့ဗယ်ဘက်ခြမ်းကို လှမ်းကြည့်လိုက်။ ဘာတွေ့ရလဲဆိုတာကို မေးခဲ့တာဖြစ်ပါတယ်။ မိန်းကလေးက စက်ရုံ၊ အိမ်၊ အစရှိသဖြင့် သူမြင်တာတွေ ပြောပေမယ့် အဲတာတွေမဟုတ်ဘူးဆိုပြီး ဖရန့်က ပြောလိုက်တယ်။ သူက ထပ်မေး၊ မိန်းကလေးက လွဲနဲ့။ နောက်ဆုံး မိန်းကလေးက လက်လျော့သွားတော့မှ သူက ပြောလိုက်တယ်။

ဖရန့်ပြောခဲ့တာက တယ်လီဖုန်းဝါယာကြိုးတွေပါ။ ဒီဝါယာကြိုးတွေဟာ လမ်းတစ်လျှောက်လုံး ရှိနေလိမ့်မယ်။ ၀ါယာတွေထဲမှာ သတင်းဆိုးတွေ၊ သတင်းကောင်းတွေ၊ အသံတွေ ပြည့်နှက်နေတယ်လို့ ဖရန်ကဆိုခဲ့ပါတယ်။ ဒီဝါယာကြီုးတွေထဲမှာ ဖရန့်ရဲ့ သားသမီးတွေ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်စကားပြောဆို နေကြပါတယ်။ သူ့ အတွက် သတင်းဆိုး ဖြစ်နိုင်မလားလား၊ သတင်းကောင်း ဖြစ်နိုင်မလား။ ဘာမြင်သလဲအမေးခံရတဲ့ မိန်းကလေး ကတော့ အံ့သြဟန်အပြည့်နဲ့။ ဖရန့်က ၀ါယာကြိုးစက်ရုံတစ်ခုက အငြိမ်းစားယူထားသူ တစ်ဦးဖြစ်ပါတယ်။

ဖရန့်သွားခဲ့တာက နယူးယောက်မှာ ပန်းချီဆရာဖြစ်နေတဲ့ ဒေးဗစ်(သူရောက်သွားတဲ့ အချိန်မှာ ဒေးဗစ်ကို မတွေ့ခဲ့ရပါဘူး၊ ဒေးဗစ်ပျောက်ဆုံးနေပါတယ်)၊ ချီကာဂိုမှာနေထိုင်ပြီး ကြော်ငြာအေဂျင်စီ ထောင်ထားတဲ့ သမီးအေမီ (Kate Beckinsale) (အေမီမှာလည်း အိမ်ထောင်ရေး ပြဿနာနှင့်) ၊ ဒန်ဗာမြို့မှာ Orchestra တီးဝိုင်းခေါင်းဆောင် ဖြစ်နေတယ်ဆိုတဲ့ ရောဘတ် (Sam Rockwell) (ရောဘတ်ဟာလည်း သူထင်ထားခဲ့သလို တီးဝိုင်းခေါင်းဆောင်မဟုတ်ပဲ တီးဝိုင်းအဖွဲ့သားတစ်ဦးသာ)၊ နောက်ဆုံးတစ်ဦးကတော့ Las Vegas မှာ ဖျော်ဖြေသူဖြစ်နေတယ်ဆိုတဲ့ ရိုစီ (Drew Barrymore) (သူထင်ထားတာမှား ပြန်ပါတယ်) တို့ဆီဖြစ်ပါတယ်။

သားသမီးတွေက ဖရန့်ကို ရက်ရှည်မနေစေလိုတဲ့အတွက် သူကြာကြာ မနေနိုင်ခဲ့ပါဘူး။ တွေ့ခဲ့တဲ့ သားသမီးသုံးယောက်လုံးကိုပျော်သလားမေးတော့  သူတို့တွေက ပျော်ပါတယ်လို့ ဖြေကြပါတယ်။ တကယ်တမ်းပျော်နေတဲ့ သူတွေတော့ မဟုတ်ပါဘူး။ သူပေးချင်တဲ့ စာတွေကိုတော့ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရှင်းတာက ဒေးဗစ်ဘာကြောင့် ပျောက်နေရသလဲဆိုတာပါ။ ဒေးဗစ်ကို သားသမီးတွေထဲမှာ သူအစိုးရိမ်ဆုံး။ အချစ်ဆုံးလို့လည်း ပြောနိုင်ပါတယ်။ ဒေးဗစ်ပျောက် နရခြင်းအပေါ် စိတ်တိုင်းကျတဲ့အဖြေကို သားသမီးတွေက မပေးနိုင်ခဲ့ပါဘူး။ (ဒေးဗစ်ဘာကြောင့် ပျောက်ဆုံးနေရသလဲဆိုတဲ့ အကြောင်းက တယ်လီဖုန်း ၀ါယာတွေထဲမှာ ရှိနေခဲ့ပါတယ်) သူကတော့ ဆေးရုံပေါ်ရောက်မှ သိခဲ့ရတာဖြစ်ပါတယ်။

လေယာဉ်စီးနင်းတာမလုပ်ဖို့ ဆရာဝန်ကတားမြစ်ထားပါတယ်။ အိမ်အပြန်လမ်းကို လေယာဉ် စီးပြီး ဖရန့်ပြန်ခဲ့ပါတယ်။ အပြန်မှာ လေယာဉ်က မုန်တိုင်းမိခဲ့ပါတယ်။ လေယာဉ်ကို ပထမဆုံးစီးဖူးတဲ့ ဖရန့်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားခဲ့ပါတယ်။ဆေးရုံပေါ်မှာ သတိရလာတော့ တစ်နေရာတည်းမှာ တစ်စုတဝေးထဲမြင်တွေ့လိုတဲ့ သူ့သားသမီးတွေက သူဘေးနား ရောက်ရှိနေပါတယ်။ ဒေးဗစ်တော့ မပါပါဘူး။ ဒီတော့မှ ဒေးဗစ်အကြောင်း အမှန်အတိုင်းဖြေကြဖို့ မေးပါတော့တယ်။ ဒေးဗစ်က သေဆုံးနေခဲ့ပါပြီ။ မက္ကဆီကိုဘက် ခရီးသွားရင် မူးယစ်ဆေး အလွန်အကျွံသုံးရာက အသက်ဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ချုံးပွဲချငိုကြွေးခဲ့ရုံကလွဲပြီး ဖရန့် လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သူအပြစ်သာဖြစ်တယ်လို့ဆိုပါ တယ်။

သားသမီးတွေရဲ့ အဆင်မပြေမှုကို ဖရန့်ဘာကြောင့်မသိခဲ့တာပါလဲ။ မေးခွန်းထုတ်စရာပါပဲ။ ဖရန့်ရဲ့ ဇနီးသည်က ခင်ပွန်းစိတ်မကောင်းဖြစ်မှာဆိုးလို့ သတင်းကောင်းတွေချည်းသာ ပြောခဲ့ တယ်။ အဆင်မပြေတာတွေကိုလည်း ဖုံးကွယ်ထားခဲ့တယ်။ အမေရဲ့ဖုံးကွယ်မှုကို သားသမီးတွေကလည်း သိနေခဲ့ကြပါတယ်။ ဒါဟာ ဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်ပဲလို့ ဇာတ်လမ်းမှာ ပြောထားခဲ့ပါတယ်။

ဇာတ်လမ်း အဆုံးပိုင်းမှာတော့ ခရစ္စမတ်အားလပ်ရက် ကာလမှာ ဖရန့်မျှော်လင့်ထားသလို သားသမီးတွေနဲ့ သူ့ခြံထဲမှာ ကုန်ဆုံးခွင့်ရခဲ့ပါတယ်။ ဒီလိုရဖို့အတွက် ဖရန့်ဘယ်လို ကြိုးစားခဲ့ရသလဲ ဆိုတာကို ဇာတ်ကားမှာပြခဲ့ပါတယ်။

ဇာတ်ကားနဲ့ပတ်သက်လို့ မြင်မိတဲ့အချက်တွေပြောပါမယ်။

၁) ဖရန့်နေရာက သရုပ်ဆောင်တဲ့ Robert De Niroဟာ ဇာတ်ရုပ်အပေါ် ပိုင်နိုင်သေသပ်မှု ရှိခဲ့ပါတယ်။

၂) သားသမီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Kate Beckinsale၊ Sam Rockwell နဲ့Drew Barrymore တို့ဟာလည်း အပြစ်ပြောစရာမရှိပါဘူး။

၃) ဇာတ်ကားမှာသုံးခဲ့တဲ့ ဇာတ်ဝင်သီချင်းတွေက ဇာတ်ကားနဲ့ အံ့ကိုက်မှုရှိခဲ့ပါတယ်။

၎) သားသမီးတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ ဖရန့်ရဲ့မျက်စိထဲ သားသမီးတွေ အရွယ်ရောက်လာပေမယ့် ကလေးလိုပဲ မြင်တတ်တယ် ဆိုတာကို ပုံရိပ်ဖော်ပြီး ပြတာ၊ တယ်လီဖုံးဝါယာကြိုးတွေထဲမှာ သားသမီးတွေရဲ့ စကားသံတွေ ဆူပွက်နေတာ၊ ဖရန့်ဆေးရုံ ရောက်သွားတဲ့အချိန် သူ့ရဲ့ခရီးဆောင်အိတ်က လေဆိပ်ထဲ Bag Gate ထက်မှာ တစ်လုံးတည်း လည်ပတ်ကျန်နေခဲ့တာ၊ သတိလစ်နေတဲ့အချိန် ဖြစ်နေတဲ့အနေအထားတွေကို ကလေးငယ် တွေရဲ့ ရှင်းပြမှု၊ စတာတွေအပြင် သက်ကြီးပိုင်းတစ်ယောက်ရဲ့ အားနည်းမှုကိုပြတဲ့ ပြကွက်တွေမှာလည်း ဟာကွက်မရှိခဲ့ပါဘူး။

၅) နောက်တစ်ခုက ဒိုင်ယာလော့ခ်တွေ ကောင်းခဲ့တာပါပဲ။ ဥပမာအားဖြင့် အားလပ်ရက်မှာ တို့တွေ ဆုံချင်တယ်ဆိုတဲ့ စာတိုလေးနဲ့ ပို့စကတ်တွေကို အီးမေလ်က ပို့လို့ရပေမယ့် သားသမီးတွေဆီ လူကိုယ်တိုင်ပို့ချင်တယ်ဆိုတဲ့ စကားပြောမျိုးဖြစ်ပါတယ်။

၆) ဇာတ်သိမ်းက ပျော်စရာနဲ့ သိမ်းပေးခဲ့တာကတော့ သိပ်မကြိုက်လှပါဘူး။ အတင်းဆွဲ ခေါ်လာခဲ့ပြီးမှ အတင်းဖြေလွှတ်လိုက်တာမျိုးဖြစ်နေပါတယ်။

၇) နာမည်ကျော် ဂျပန်ဒါရိုက်တာ အိုဇု(Yasujiro Ozu) ရဲ့ Tokyo Story (၁၉၅၃)ကို သတိရစေပါတယ်။ (Tokyo Story ဇာတ်ကားမှာတော့ နယ်မှာရှိတဲ့ မိဘနှစ်ပါးက တိုကျိုက သားသမီးတွေ ဆီသွားလည်ရာက မမျှော်လင့်တာတွေ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူတို့ထင်ထားသလို သားသမီးတွေက အဆင်မပြေ၊ သားနဲ့သမီးက မိဘနှစ်ပါးကို ဟိုတယ်ပို့ပြီးအပန်းဖြေစေပေမယ့် မပျော်နိုင်၊ သားသမီးတွေက ကောင်းမယ်ထင်ပေမယ့် လွန်ခဲ့တဲ့ရှစ်နှစ်လောက်ထဲက ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူရဲ့ဇနီး (ဆင်းရဲစွာနဲ့ဘ၀ကို ရုန်းကန်နေရတဲ့ ချွေးမ)က ယောက္ခမတွေအပေါ် စေတနာထားခဲ့၊ တိုကျိုက ပြန်လာအပြီး ဆုံးသွားခဲ့တဲ့ အမေရဲ့ နာရေးကိုအလေးအထား၊ ကျန်နေတဲ့ အဖေ့အတွက်လည်း မစဉ်းစားပေးဘဲ မောဟဖုံးလွှမ်းနေတဲ့ သားသမီးတွေ၊ နောက်ဆုံး ချွေးမကသာ နောက်အိမ်ထောင်မပြုပဲ ယောက္ခမကို စောင့်ရှောက် ပေးခဲ့ရတဲ့ ဖြစ်ရပ်၊ စတဲ့ဇာတ်လမ်းတွေနဲ့ ပုံဖော်ထားခဲ့ပါတယ်။ အိုဇုကတော့ သူရဲ့ ပုံစံတွေအတိုင်း ဇာတ်နာအောင်ကို အတင်းဆွဲခေါ်သွားတတ်ပြီး ဘယ်တော့မှ ဖြေချမပေးတတ်တာမို့ ကြည့်နေရင်းက မျက်ရည်ကျလောက်အောင် ခံစားမှုပေးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်)

Everybody’s Fine ဇာတ်ကားကတော့ အပျော်နဲ့ ဇာတ်သိမ်းသွားတာပါ။ ဥရောပရုပ်ရှင်တွေရဲ့ မေတ္တာဘွဲ့ဇာတ်လမ်းတွေမှာ မြင်ရလေ့ရှိတဲ့ ပုံစံတွေအတိုင်းပါပဲ။ ဇာတ် အတင်အချကို နိုင်နိုင်နင်းနင်းသွက်သွက်လက်လက် တင်ပြခဲ့ပါတယ်။ ဇာတ်ကားမှာပေးခဲ့တဲ့ နောက်ဆုံးစကား။ ရိုးသားပါ၊ အရှိအတိုင်းဖြစ်ပါစေ၊ Everybody’s Fine ဆိုတဲ့စကားကတော့ မေ့မသွားစေမယ့် အချက်ဖြစ်ခဲ့ပါတယ်။ အိုဇုရဲ့ Tokyo Story ဇာတ်ကားက မျက်ရည်ကျလောက်အောင် ကောင်းခဲ့ပါတယ်။ Everybody’s Fine ဇာတ်ကားကတော့ ကြည့်ရှုသူရဲ့ နှလုံးသားကို တအုံ့နွေးနွေးဖြစ်ကျန်နေအောင် ဆွဲဆောင်လိမ့်မယ်လို့ အာမခံပါတယ်။ မိဘနေရာကဖြစ်စေ၊ သားသမီးနေရာက ဖြစ်စေ၊ ဘယ်နေရာက မဆိုဝင်ရောက်ခံစားနိုင်မှာပါ။

ဟုတ်ကဲ့။ Everybody’s Fine ။ ဒါအမှန်ပါပဲ။

နေ့ရက်/နေရပ်များ

0
Filed under ကဗျာ

'Beginning',_magna_on_canvas_painting_by_Kenneth_Noland,_Hirshhorn_Museum_and_Sculpture_Garden,_1958.
- Beginning(1958) by Kenneth Noland

နေထွက်လာတာလည်း နေ့ရက်တစ်ခု နေ၀င်သွားတာလည်းနေ့ရက်
မနေ့ကဖြစ်စေ၊ ဒီနေ့ဖြစ်စေ၊ မနေ့ရဲ့တစ်နေ့ဖြစ်စေ၊ တစ်နေ့ရဲ့တစ်နေ့ဖြစ်စေ နေ့ရက်တစ်ခုဟာလည်း နေ့ရက်တစ်ခုအတိုင်း နေ့ရက်တစ်ခုပဲဖြစ်တယ်
နေ့ရက်တွေဟာ နေရပ်မှာနေရာယူတယ်၊ နေရပ်တွေမှာ နေ့ရက်တွေ ရှိနေတယ်
စိတ်ရဲ့ နေရပ်/နေ့ရက်များ၊ ကိုယ်ရဲ့ နေရပ်/နေ့ရက်များ၊ သူတို့ရဲ့နေရပ်/နေ့ရက်များ၊ သူ့ရဲ့နေရပ်/နေ့ရက်များ၊ ကျွန်တော်ရဲ့ နေရပ်/နေ့ရက်များ၊
နေရက်များထဲ နေရပ်တွေ အတောင့်လိုက်ဖြစ်ကျန်နေခဲ့ဖူးသလား
နေရပ်တွေထဲ နေ့ရက်တွေ စူးစိုက်နေခဲ့ဖူးသလား
စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး/မကိုက်ဘူး၊ နေရပ်နဲ့နေ့ရက် မကိုက်ဘူး/မကပ်ဘူး
(ဘာတစ်ခုမှ အရေးမကြီးဘူးဆိုတာ အရေးကြီးတာ ဘာတစ်မှမဟုတ်နိုင် မဟုတ်ဘူး)
နေရပ်တွေဟာ နေခဲ့တဲ့အရပ်မှာပဲ ရပ်တန့်နေခဲ့သလား ထွက်ခွာသွားခဲ့သလား
နေ့ရက်တွေကတော့ နေခဲ့တဲ့ ရက်တွေထဲမှာ ရပ်တန့်မနေတာတော့အမှန်ပဲ
နေ့ရက်တွေကအသက်ရှိတယ်၊ ဒါကြောင့် သူ့ခရီး သူဆက်သွားတယ်
မြင်ရာအကန့်များထဲမှ ငှက်များ ပျံသန်းသွားတယ် နေထွက်လာတာလား
နေ၀င်သွားတာလား မြင်ရာအကန့်များထဲမှ ငှက်များ ပျံသန်းလာတယ်
နေရပ်အလွှားများစွာဆီမှာ နေ့ရက်တွေ တဖျတ်ဖျတ်ခပ်နေတယ်။
ပူလွန်းသမို့ ….. ။

ပျော်စရာတွေ ဘယ်ဆီရောက်

0
Filed under ကဗျာ

793px-Kline_no2
-Painting Number 2 (1954) by Franz Kline


ပျော်စရာဆီရောက်ဖို့ အတော်ကြာပါတယ်တဲ့
သွားနေရင်းလည်း ပျင်းလာတတ်သတဲ့
အဲသလို ပျင်းနေရတာကိုက ပျော်စရာပဲလား
ဂလိုဆိုတော့လည်း မဆိုးပါဘူး
သီချင်းဆိုနေရတာ ပျော်စရာ
မေးခွန်းတွေ ဖြေနေရတာ ပျော်စရာ
သေနတ်မောင်းကို ဆွဲညှစ်လိုက်တာ ပျော်စရာ
သွေးသား ဆန္ဒကို လိုက်လျောလိုက်တာ ပျော်စရာ
အများနည်းတူ လက်ခုပ်လက်ဝါးတီး ရယ်ရတာ ပျော်စရာ
အဲသလို ကြံဖန်ပြီး ပျော်စရာတွေကလည်း အများသားကလား
ကုန်းမြင့်တစ်နေရာကနေ ဇာတိမြို့ကလေးကို ငေးနေမလား
မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် သတိရနေမလား
တစ်ခါက ကက်ဆက်ဇာတ်လမ်းများလို တစ်ခါက တစ်ခါ က လုပ်နေမလား
ကိုယ့်အပေါ် အလွန်အမင်းစိုးရိမ်ရှာသူများ ရှိနေမလား တွေးလို့တွေးမလား
စကားပြောခန်းတွေကို ကျော်ပစ်
အရက်ခွက်ထဲက ရေခဲလို ပျော်ပစ်
ပျင်းတောင် ပျင်းပါသေးတယ် ပျော်စရာ
ပျော်စရာဆီ သွားမလား
ပျော်စရာ လာတာကို ထိုင်စောင့်မလား
ပျော်စရာဆိုတာ ငါတို့ ဖန်တီးတာ ငါတို့ သတ်မှတ်တာ
သူ့ဘက်က ကြည့်တဲ့ ပျော်စရာတွေလည်း ရှိသတဲ့
(ဒီလိုနဲ့ ပျော်ချင်သူကြီး ခင်မျာမယ်)
အချိန် ရေစီးကြောင်း တိုက်စားမှုနဲ့ ကိုယ်က ရွဲ့တိရွဲ့စောင်း
ဘ၀ ဘ၀ နဲ့ ဘ၀ ဆိုတာကြီးကို အော်ဟစ်
ပြောင်းလဲခြင်းမှာ အပြောင်းတွေ အလဲတွေနဲ့
အကြိမ်ကြိမ် ပြင်ဆင်လိုက် အကြိမ်ကြိမ် တည်ဆောက်လိုက်
တကယ့် ဘ၀ကို ဖုံးအုပ်ထားတဲ့ တကယ်မဟုတ်သော ဘ၀မှာ ရတာမလို လိုတာမရ
ရသလိုလို မရသလိုလို လိုသလိုလို မလိုသလိုလို
ပျော်စရာကနေ သွေဖည်သွားသတဲ့
ပျော်စရာရှာရင်း ပျင်းပျင်းလာသတဲ့
ပျင်းသလို ပျော်သလိုနဲ့ အရူးကွက်ကို မရူးဘဲနင်းလို့နင်း
ဟိုငေးဒီငေး ငိုသံပါကြီးနဲ့ ကဗျာ ရေးလို့ရေး
ပျော်စရာဆိုဘာလဲလို့ မေးယူရတဲ့အထိ
ပျော်စရာတွေ ဘယ်ဆီရောက်ကုန်ပါလိမ့်
ငါ့ပျော်စရာကို ဘယ်သူရွှေ့သလဲ
အစရှိသဖြင့် ပျော်စရာ အကြောင်းအရာပါဝင်သော အကြောင်းအရာများကို
မရပ်မနား ။

ပီမို

အတိတ် အခု အနာဂတ် ငါးတွေ အုပ်ဖွဲ့ ပျံသန်းသွားပြီးနောက်

1
Filed under ကဗျာ

177icons.jpg.w300h412

Paint from: http://www.tommcnease.net

အပြုံးတွေ အပြုံလိုက်တပ်ဆင်ရင်း စကားစကိုစတယ်
ဘာဖြစ်ချင်တာလဲ အခုကစမယ်
ပြီးမှ အတိတ် အခု အနာဂတ် စဉ်းစားမယ်
စဉ်းစားခြင်းစီမံကိန်းတွေကို စီမံစိတ်ကူးကြည့်မယ်
စကားဆွေးနွေးမှုကို ဒီလိုပဲစခဲ့တာ နောက်တော့မှခက်တာ
ဇာတ်သဘောအရဆို ဘယ်ဝင်ညာထွက်
အတိတ်က ဖြစ်ခဲ့တာတွေ ညာဘက်ကထွက်
အနာဂတ်ဆိုတာ ဘယ်က၀င်လာတာလဲဟင်
လုပ်တယ် ချော်လဲရောထိုင်လုပ်လာတယ်
အနာဂတ်က ညာခြင်းတွေနဲ့ ပြည့်နှက်နေတာလား
အတိတ်ဆိုကရော ဘယ်လို ဘယ်ပုံမျိုးလဲ
ရောထိုင်ရင်း ချောလဲသလို ဟန်ဆောင်ပြပြန်တယ်
အဖြစ်ကဗျာ အပျက်ကဗျာ အခက်ကဗျာ နှက်ကရောဗျာ
နောက်နေတာလား၊ နှောက်နေတာလား၊ ဂေါက်နေတာလား
ဒီလိုနဲ့ စကားစဟာ ပြန်မဆက်နိုင်တော့
တိတ်ဆိတ်သွားတယ် ပြီးမှ စကားပြန်စတယ် စကားနှစ်စငြိတယ်
ဖြစ်ခဲ့တာတွေ ပြန်မပြောတော့ဘူးဗျာ
စုတ်သသပ်သပ်နဲ့ စုတ်ပြတ်သွားခဲ့တဲ့အကြောင်းတွေ
ကြံတောမရှိတော့သလို (သူလည်း) ပြန်မပြောတော့ဘူး
နှစ်အတန်ကြာခဲ့ပြီးနောက် ငါးတွေအုပ်ဖွဲ့ပျံသန်းသွားတယ်
အဲ့ဒီငါးတွေထဲ သူပါသွားတယ်။

ခုတလော ကောင်းကင်ကြီးလည်းပြာလို့

3
Filed under ကဗျာ

- Cagnes sur mer 1910 by Georges Emile Lebacq  1876-1950.

လမ်းနှင့် လူနှင့် ညများစွာဖြင့်
ပြောပြစရာ စကားများစွာရှိနေသည့်တိုင်
ပြောစရာ စကားအပိုများမရှိသလို
အပိုပြောစရာ စကားများလည်း ရှိမနေခဲ့တာ
ကျယ်ပြောသော မြင်ခင်းစိမ်းပြင်ကျယ်
ချစ်ရသော ဘယ်သူ ဘယ်ဝါ တစ်ယောက်ကို
သတိတရ ရှိနေမိတဲ့အကြောင်း
ကမ္ဘာပြားတာကို ငါပြားသလို ခံစားလာရတဲ့အကြောင်း
ဘတ်စ်ကားကျပ်ကျပ်ထဲ ရောခ့်သီချင်းတစ်ပုဒ်နားထောင်ဖြစ်တဲ့အကြောင်း
ထိုကဲ့သို့သော  အစရှိသဖြင့် အကြောင်းတရားများစွာထဲမှ
၂၀၁၀: ဆံပင်ကို အရှည်ထားသောနှစ်
အရိပ်တွေပိုရှည်လာတယ်
တစုံတစ်ရာကို ရှာဖွေတွေ့ရှိလာတယ်။

နောက်ဆုံးစာမျက်နှာများစွာ နောက်ဆုံးလူမျက်နှာများစွာ (ဆန်းထွန်းသောင်)

9
Filed under ကဗျာ

poem

အနန္တစကြာဝဠာထဲမှာ
ပဲ့ကျလွင့်ပါနေတဲ့
လုံးဝိုင်းသော အစိုင်အခဲတစ်ခုအတွင်း

မွေးဖွားခြင်း အစဖြင့်
ကြီးထွားလာကြ
နံရံအနက်ပေါ်မှ
အဖြူရောင်စာလုံးများ
မှတ်သားကြရ
စာမေးပွဲဖြေကြ
အောင်ကြ၊ ကျရှုံးကြ
ဝတ်ရုံအနက်များဝတ် ဓာတ်ပုံရိုက်ကြ
ဧည့်ခန်းတွင်း ချိတ်ဆွဲကြ
မင်္ဂလာဆောင်ကြ ဖိတ်စာတွင် အမြီးတပ်ဖို့ အသုံးကြ။

အလုပ်ရှာကြ၊ ရကြ မရကြ
ရရာလုပ်ကြ ထမင်းရှာကြ
ငွေဟုရွတ်ဆိုကြ
သမိုင်းပေးတာဝန်ဟု ပြောကြ။

ရန်ဖြစ်ကြ
စကားများကြ အသတ်သတ်ကြ
အတန်းအစားခွဲကြ
အသွေးအရောင်ခွဲကြ။

ဖန်းဆင်းရှင်ဟု
ဖန်ဆင်းသည်ဟု
မြင့်မြတ်ခြင်း နိမ့်ကျခြင်း
အုပ်ချုပ်သူ အုပ်ချုပ်ခံရသူ။

ချစ်သူ မုန်းသူ
ကြင်နာသူ ရက်စက်သူ
အများအကျိုးဆောင်ရွက်သူ
ကိုယ့်ကျိုးကြည့်သူ
ချီးကျူးခြင်း၊ ရှုံ့ချခြင်း။

အယူအဆများ၊ ၀ါဒများ
ငြင်းကြ လက္ခံကြ
ကိုးကွယ်ကြ စွန့်လွှတ်ကြ
ကောင်းတယ်ပြောကြ မကောင်းဘူးပြောကြ
ထောက်ခံကြ ကန့်ကွက်ကြ… ကြားနေကြ။

ဗီတိုအာဏာ သုံးကြ
အနိုင်ကျင့်ကြ အရှုံးပေးကြ
လူ့အခွင့်ရေး ပြောဆိုငြင်းခုန်ကြ
အရင်းရှင်ဟု ကွန်မြူနစ်ဟု ဘက်မလိုက်ဟု
အင်တာနေရှင်တယ်ဟု (လ္ဘက်ရည်ဆိုင်မှာ)
ပြောကြ ပြောကြ…. ငြင်းကြ …. ငြင်းကြ
(ယူနီဗာဆယ် ဟုကား မပြောကြသေးပေ)

ပူပန်ကြ လောင်ကျွမ်းကြ ငြိုးနွမ်းကြ
မသိမူကျမ်းကြီး ရေးထုတ်ရ
ငြိမ်းချမ်းမှု လွတ်မြောက်မှု ရှာကြ
စုပြုံတိုးဝှေ့ အရက်သောက်ကြ ဘိန်းရှုကြ
နံပါတ်ဖိုး သောက်ကြ ပုတီးစိတ်ကြ ကမ္မဋ္ဌာန်းထိုင်ကြ
ဝိပဿနာရှုကြ ကဗျာရေးကြ ပန်းချီဆွဲကြ
ငြိမ်းချမ်းမှု လွတ်မြောက်မှု နိဗ္ဗာန်ဟု ပြောကြ
အမှန်တရားဟု သစ္စာတရားဟု ငြင်းကြ။

ပိုသူ လိုသူ သင့်လျော်သူ
စားပိုးနင့်၍သေပြီ ငတ်၍သေပြီ
နှလုံးခုန်နှုံး ရပ်၍သေပြီ….
ရေကြီး၍သေပြီ နေပူ၍သေပြီ ရေခဲ၍သေပြီ
ရောဂါကြောင့်သေသည်…
လက်နက်ကြောင့်သေသည်…
မိမိကိုယ်ကိုသတ်သေသည်….
မီးဇာကုန်ပြီ ဆီခမ်းပြီ
စာမျက်နှာကုန်ပြီ။

ဆန်းထွန်းသောင်
(၁၉၇၈- သြဂုတ်- ဆည်းလည်းသံကဗျာများမှ… )

မှတ်ချက်:

ဒီကဗျာဟာ ရန်ကုန်အခြေစိုက် အနုပညာရှင်များရဲ့ bodyreports ပွဲ ဒုတိယနေ့အစီအစဉ်မှာ ဖြူမွန် တင်ဆက်ခဲ့တဲ့ အနုပညာတင်ဆက်မှုနဲ့အတူ ပူးတွဲရွတ်ဆိုခဲ့တဲ့ ကဗျာဖြစ်ပါတယ်။

ကဗျာကိုရေးသားခဲ့သူ ဆရာဆန်းထွန်းသောင်ဟာ လက်ရှိအအချိန်မှာတော့ ဒဿနိကဗေဒ ပညာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ သူရဲ့အတွေးအမြင်ဆိုင်ရာ ဆောင်းပါးတွေ ကိုလည်း ဂျာနယ်စာမျက်နှာတစ်ချို့မှာ တွေ့နေရပါတယ်။ ဆရာရဲ့ ဖခင်ဖြစ်သူကတော့ ဦးလေးသောင်အမည်နဲ့ ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။

ဆရာရဲ့ ကဗျာဟာ ၁၉၇၈ခုနှစ်က ရေးသားခဲ့တာ ဖြစ်ပေမယ့် လက်ရှိခေတ်ကို ထင်ဟပ်နိုင်တဲ့ အယူအဆတွေ အများကြီး ပါနေပါတယ်။ မော်ဒန်အမျိုးအစားလို့ သတ်မှတ်ရမယ့်  ကဗျာရဲ့တစ်နေရာမှာ “ယူနီဗာဆယ် ဟုကား မပြောကြသေးပေ” ဆိုတာပါခဲ့ပါတယ်။ အခု ၂၀၁၀ ပြည်နှစ်မှာတော့ ယူနီဗာဆယ်လို့ မပြောနိုင်သေးပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းဆို ဖြစ်လာခဲ့ပါပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဆိုးကျိုးတွေထဲမှာ “မြန်မာနိုင်ငံလို တိုင်းပြည်တွေက လူငယ်တွေရဲ့ ယဉ်ကျေးမှုစရိုက်တွေ လျော့ပါးပျောက်ဆုံးလာခဲ့ရတယ်”ဆိုတဲ့ အချက်ပါလာတဲ့ အကြောင်း မနေ့တုန်းက(ဖေဖော်ဝါရီ ၁၀) ရန်ကုန်တက္ကသိုလ်ထဲမှာ လုပ်ခဲ့တဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်မှာ သမိုင်းကော်မရှင်က ဒေါက်တာခင်မောင်ညွန့်က ပြောသွားခဲ့ပါတယ်။ ကဗျာနဲ့ပတ်သက်လို့ ဆက်စပ်မိတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

ဒီကဗျာကို ဆရာဆန်းထွန်းသောင် ရေးသားထားတဲ့ မူရင်းသတ်ပုံများအတိုင်း ကဗျာကိုပြန်တင် ပေးလိုက်ပါတယ်။ ဒေါ်ကြေးမုံ ကျေနပ်နိုင်ပါစေ။

တောကျောင်းဆရာ

ထမင်းစားရေသောက်အဓိပ္ပါယ်

2
Filed under ကဗျာ

Hieronymus_Bosch_-_The_Garden_of_Earthly_Delights_-_The_exterior_(shutters)

- Creation (De schepping van de wereld) 1480-1490 by Jheronimus Bosch

ကျွန်တော်တို့အားလုံး အဓိပ္ပါယ်မရှိတာတွေ လုပ်ခဲ့ဖူးတာချည်းပဲ (အီရတ်ပြန် အမေရိကန် စစ်သားတစ်ဦးအား လူသတ်မှုဖြင့် ရဲစခန်းတွင် စစ်ဆေးမေးမြန်းစဉ်) အီရတ်စစ်ပွဲအတွက် ကျွန်တော်နောင်တမရပါဘူး (၂၀၀၈သမတ္တဘုရှ်မိန့်ခွန်းမှ) ဆိုတော့ ကမ္ဘာကြီးဟာ နားလည်ရ ခက်ဆဲပဲ၊ အဆုံးမှာ ဘယ်လိုနားလည်လာသလဲဆိုတော့ ဘယ်လိုနားလည်လိုက်ရ သလဲဆို တော့ ‘ငါ ဘယ်တော့မှ နားမလည်နိုင်တော့ဘူး’လို့၊ ငါ နားလည်လည် မလည်လည် ကမ္ဘာကြီးကဆက်လည်နေမှာပဲလို့။ တွေးကြည့်ရင် တစ်ဖက်မှာ အဓိပ္ပါယ်ဟာ ကုန်းကောက်စရာတောင်မရှိ၊ မူးလို့ရှူစရာမရှိ၊ တစ်ဖက်မှာတော့ အဓိပ္ပါယ်ဟာ လျှံများတောင်ကျလို့။ (အဓိပ္ပါယ်)ရှိတဲ့သူတွေများ ရှိပြီးရင်းရှိလို့။ စာရွက်စာတမ်းကိစ္စတဲ့၊ မပြေးရမလွားရဘူးလား။ ၀မ်းမီးကိစ္စတဲ့ ခေါင်းမီးမတောက်ရဘူးလား။ ဂဏန်းအသားစားဖို့ ဇွန်းခက်ရင်းအပြင် ဓါးနဲ့တူနဲ့ပလိုင်ယာနဲ့ ခရမ်းချဉ်သီးဆွပ်လား ချဉ်ငံစပ်လား သခွားသီးအချဉ်လား မရွေးရဘူးလား။ လုပ်ငန်းသုံးရန်၊ လုပ်ငန်းသုံးကွန်ပြူတာမှာသုံးရန် မှတ်ဥာဏ်သိုလှောင်ကိရိယာလေးနဲ့ အဲဒီကိရိယာလေးမှာသုံးရန် အင်တီဗိုင်းရပ်စ်ဆော့ဖ်ဝဲနဲ့ အဲဒီဆော့ဖ်ဝဲကို အင်စတောလုပ်ရန် အင်စတောလုပ်ရာတွင် လိုင်စင်နံပါတ်ဖြည့်စွက်ရန် အင်စတောလုပ်ထားပြီးပေမယ့် အပ်ဒိတ်လုပ်ရန် တခါတလေဗိုင်းရပ်စ်က အင်တီဗိုင်းရပ်စ် ဟန်ဆောင်လာတာမျိုးရှိလို့ သတိပြုရန်၊ မျက်ခုံးစက်ထိုး၊ နှုတ်ခမ်းလိုင်းဖေါ်၊ လက်သည်းပန်းချီ၊ ဂျိုင်းပေါင်းဒူးခေါင်းဖြူ စသဖြင့် စသဖြင့် ပညာသင်၊ ကျောင်းပြီး၊ အိမ်ထောင်ယူ၊ ကလေးမွေး၊ ရုန်းကန်၊ တရားရုံးရောက်၊ ဆေးရုံဆေးခန်းရောက်၊ စိတ်နာ၊ အထီးကျန်၊ မပျော်ရွင်၊ အိုမင်း၊ သေဆုံး စသဖြင့် စသဖြင့် ဘယ်လောက်အဓိပ္ပါယ်ရှိလိုက်တဲ့ ကမ္ဘာကြီးလဲ။ တချို့များဆို မင်းလေးက ငါ့ဘ၀အဓိပ္ပါယ်ပဲတဲ့၊ ကဲ။ ဒိထက် ဘာအဓိပ္ပါယ်ရှိချင်သေးသလဲ၊ အဓိပ္ပါယ်တွေများမှများ၊ ရှိပ်စပီးယားပြဇာတ်များကနေ လူပေါင်းရာထောင်ချီ ၀က်လက်စလစ်ပြေးပွဲများအထိ ကမ္ဘာကြီးဟာ အဓိပ္ပါယ်တွေ’တောင်’ပုံ ယာပုံ။ ‘ကိုင်းကိုင်း ငိုနေလို့မပြီးဘူး’တဲ့၊ ‘သေတဲ့လူလည်း ပြန်ရှင်မလာတော့ဘူး’ တဲ့၊ ‘လူဆိုတာ သေမျိုးပဲ’တဲ့၊ စီစဉ်စရာရှိတာလေးတွေ စီစဉ်ရမတဲ့၊ လုပ်စရာရှိတာလေးတွေ လုပ်ကြရမတဲ့၊ သေသောသူကြာရင်မေ့ဆိုသလို၊ ‘တရားနဲ့ဖြေပေါ့ကွာ’ဆိုသလို၊ ကိုယ့်တရားနဲ့ကိုယ် ကောက်ဖြေလိုက်ကြ၊ ကျားသားမိုးကြိုးတွေ ပြေလည်းပြေသွားကြ။ မပြေလို့လည်းမရ(သလိုလို)။ တွေ့ဆုံဧည့်ခံရန်ကျန်သေး၊ ကျေးဇူးတင်ရှိရန်ကျန်သေး၊ သွားလေသူအတွက် ကျန်ရစ်သူတို့ ဆက်လက်ဆောင်ရွက်သွားရန် ကျန်သေး၊ ရက်လည်မှာ ဈာပနအခမ်းအနား မှတ်တမ်းတင် ဒီဗွီဒီပြရန် ကျန်သေး၊ ‘ငါ’ ကျန်သေး၊ ပတ်ဝန်းကျင်က ရှိသေးတယ်မဟုတ်လား၊ လူမှုရေးက ရှိသေးတယ်မဟုတ်လား၊ ဟုတ်မှာပေါ့ဗျာ၊ ဟုတ်နေကြတာပဲဗျာ၊ ပစ်တင်ပစ်ချ၊ ပေါ့ပေါ့ပါးပါး၊ ညရေးညတာလည်းသုံးနိုင် အရေးအကြောင်းဆို သယ်ရလွယ်သုံးရလွယ် ကိုယ်ပိုင်အဓိပ္ပါယ်လေးတစ်ခု ကျွန်တော်လည်း လိုချင်အားကျမိပါရဲ့ဗျာ။ သူတို့ပြောပုံအရတော့ အဓိပ္ပါယ်ဟာ အမြို့အမြို့အဆိုင်ဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်သလိုလို၊ လူမျိုးမရွေးဘာသာမရွေးပဲ စားသုံးနိုင်သလိုလို။

မောင်ယုပိုင်
၂၀၀၈ခုနှစ်၊ ဇူလိုင်လ။