Tomatoes And Onions

0
Filed under အက်ဆေး

photo from sailusfood.com

_______________________________________________________________________

ကျွန်တော်က ခရမ်းချဉ်သီးဆိုရင် တခြားလူတွေက ကြက်သွန်နီပေါ့။ အဲဒီအချက်ကို ငယ်ငယ် လေးထဲက အရွယ်ရောက်ပြီးတဲ့ သူတွေကို ကြည့်ပြီး ကျွန်တော်သိခဲ့တယ်။ စားသောက်ဆိုင်ပဲ သွားသွား၊ ရုပ်ရှင်ပဲသွားသွား သူတို့ ရဲ့ အပြုအမူတွေကို ကျွန်တော်သတိပြုမိတယ်။ သူတို့တွေ တယောက်နဲ့ တယောက် မတူကြဘူး ။ ဒါပေမယ့် တူညီတဲ့ အပြုအမူတွေ လုပ်ပြကြပြန်ရော။ လူကြီးတွေဟာ ကြက်သွန်နီပဲ၊ သူတို့မှာ တကယ်အစစ်အမှန်ကို ကာထားတဲ့ အလွှာတစ်ခု ဖုံး ထားတယ်။ ကျွန်တော်ကတော့ ခရမ်းချဉ်သီးလေးပါ။ ကမ္ဘာကြီးထဲ ခုမှရောက်လာတဲ့ ထိလွယ် ရှ လွယ်လေးပေါ့။ နဲနဲလေးထိမိတာနဲ့ ကျွန်တော့်စိတ်ထဲမှာ အရာကျန်နေခဲ့တယ်။ ပြီးရင် အဲဒီ အကြောင်းပဲ တွေးနေတော့တာပဲ။

တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ခရမ်းချဉ်သီးလေးတွေ အနေနဲ့ မွေးလာကြတာပါ။ အသက်ဆယ်နှစ် ကျော်တာနဲ့ ကြက်သွန်နီဘ၀ကို စပြီးပြောင်းတော့တာပဲ။ ဖြစ်စဉ်က အရမ်း ညင်သာတယ်။ အဲဒါက အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ စတယ်။ ဆိုလိုတာက ကလေးရဲ့ဘ၀ကို လွှမ်းမိုးတဲ့ မိဘတွေ၊ သူငယ်ချင်းတွေ၊ ကျောင်း၊ ပြီးတော့ တီဗွီ။ ဒီပုဂ္ဂိုလ်တွေရဲ့ လက်ခံမှုရ အောင်လို့ ကလေးဟာ တချို့သော ဥပဒေသတွေကို လက်ခံလိုက်ရတယ်။ မိန်းကလေးတွေက ပိန်ဖို့ သင်ကြားကြတယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေ အထင်ကြီးအောင် ကြိုးစား ကြတယ်။ ကျောင်းမှာ အဖြေမှန်ဖြေနိုင်အောင် ကြိုးစားကြတယ်။ ဒီစံသတ်မှတ်ချက် တစ်ခုခုကို လိုက်ရာမှာ အရေးနိမ့်ခဲ့ရင် သူတို့ အရှက်ရကြတယ်။ ဒါဟာ ကြက်သွန်နီနီအဆင့်ပဲ၊ တကယ့် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကြားမှာပေါ့။ သိပ်မကြာခင်မှာပဲ ကလေးတွေဟာ ဝေဖန်မှုကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေ ဖန်တီးကြတော့တယ်။ မိန်းကလေးတွေဟာ အစားမစားဘဲ နေ ချင်နေ၊ ဒါမှမဟုတ်ရင် ဂရုမထားချင်ယောင်ဆောင်ကြတယ်။ ချာတိတ်တွေက ထင်ရှားတဲ့ သူ တွေကို အတုခိုးချင်ခိုး၊ ဒါမှမဟုတ် ကောင်မလေးတွေကို မုန်းတယ်ဆိုတာမျိုး လုပ်လာကြ တယ်။ ကျောင်းမှာ အမြဲလိုလို အဖြေမှန်ရတဲ့ ကလေးတွေဟာ အဖြေမှန်ရတယ်လို့ အထင်ခံရ မယ့် နည်းလမ်းတွေကို ရှာလာတယ်။ အဖြေမှန် ရံဖန်ရံခါသာရတဲ့ ကလေးတွေက ဂရုမထား ပါဘူးဆိုတဲ့ ဂိုက်ဖမ်းလာကြတယ်။ ကြက်သွန်ခွန်ဖြစ်လာတဲ့ အပိုင်းရောက်လာပြီပေါ့။ အထက် တန်း ကျောင်းအရောက်မှာ အခွံက ပိုရင့်လာတယ်။ အချိန်နဲ့ အမျှ အခွံကထူလာတယ်။ တချို့ ကြက်သွန်နီတွေဟာ ကြက်သွန်နီဆိုတာကို မှတ်မိကြတယ်။ ဒါပေမယ့် လုံခြုံမှုအတွက် အခွံခွာ ပစ်ဖို့ ၀န်လေးနေကြတယ်။ ရံခါဆိုသလို ကျွန်တော့်ကို ကျွန်တော် ကြက်သွန်နီဖြစ်ခြင်း ဖြစ်စဉ် ထဲမှာ ပြန်တွေ့ရတယ်။ အထူးသဖြင့် တစ်စုံတစ်ရာက အနှောင့်အယှက်ပေးနေတဲ့ အခါမှာပေါ့။ အထက်တန်းကျောင်းရဲ့ နှစ်အစမှာ ကျွန်တော် လူတွေနဲ့ မိတ်ဆွေမဖွဲ့နိုင်ဘူးဆိုပြီး ကြောက် လန့်နေခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အထိးကျန်သမားအဖြစ် ယူဆနေမိတယ်။ လတွေ ကြာအောင် ကျွန်တော် လူတွေနဲ့ တွေ့ဖို့ ငြင်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင်မပြေမှာ စိုးလို့ပဲ။ ဒါဟာ အမာရွတ်တစ်ခု ကျန်ခဲ့လိမ့်မယ်။ ပြသနာကို ဖုံးအုပ်ထားခဲ့ရင်ပေါ့။ ဒါပေမယ့် ကျွန်တော် လူတွေနဲ့ တကယ်ဆက်ဆံကြည့်တဲ့အခါ ကျွန်တော် စိတ်ကူးကြည့်တာထက် ပိုအ ဆင်ပြေခဲ့ပါတယ်။ ကောလိပ်မှာတော့ ပုံမှန်အခြေအနေကို မေးခွန်းထုတ်တတ်ဖို့ သင်ကြားရ တယ်။ ခရမ်းချဉ်သီးလေးတွေအတွက် သင့်လျော်မယ့်ပုံပဲ။ လာနေတဲ့ အချိန်က တကယ်တော့ စိန်ခေါ်မှုတစ်ခုပဲ။ ကျွန်တော် အတွေးသစ်တွေ၊ အခြေအနေသစ်တွေ၊ ကြောက်ရွံ့မှုအသစ် တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကမ္ဘာကြီးအပေါ် ကျွန်တော့်အမြင်ကို လတ်ဆတ်နေအောင်ရယ်၊ ပွင့်လင်းမှုရှိအောင်ရယ် ထိန်းထားရလိမ့်မယ်။ တည်ရှိပြီးသား စိတ်ကူးတွေနဲ့ ကျွန်တော့် ကိုယ် ကျွန်တော် ကြက်သွန်ခွံ ထူမလာအောင်ပေါ့။

မိုးဆတ်
၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီ။

မောင်ချောနွယ် ၈ နှစ်ပြည့်

0
Filed under ကဗျာ, ပေးစာ

ဓာတ်ပုံ - မိုးဝေး

_______________________________________________________________________
စက်တင်ဘာ ၃ ရက်။  မောင်ချောနွယ် ၈ နှစ်ပြည့်။  မောင်ချောနွယ်ကိုအကြောင်းပြုလို့ မောင် ချောနွယ် ချစ်သူတွေ၊ ကဗျာချစ်သူတွေ ဆုံကြဖို့ စက်တင်ဘာ ၂ ရက်နေ့မှာ ကိုမိုးဝေး တစ် ယောက် ကဗျာဆရာတွေကို လှမ်းချိတ်တယ်။ သူ့ခမျာလည်း တစ်ယောက်တည်းမို့ ချိတ်လို့ ရ သလောက် လှမ်းချိတ်တယ်။ စက်တင်ဘာ ၃ ရက်နေ့ ၂၈ လမ်းမှာ ဆုံဖို့၊ ညနေ ၄ နာရီမှာ ဆုံဖို့။ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ လမ်းမှာ လင်းဝေးခက်ရောက်လာတယ်။ စိုင်းဝင်းမြင့် ရောက်လာတယ်။ မိုးဝေး ရောက်လာတယ်။ မောင်ပြည့်မင်းနဲ့ ခင်အောင်အေး ရောက်လာတယ်။ ဇေယျာလင်း ရောက်လာတယ်။ မောင်ချောနွယ်ကို ဖိတ်ခေါ်ဖို့ စတင်ကြတယ်။ မင်းနိုင်သားနဲ့ ၀င်းဇော်လွင် ရောက်လာတယ်။ စတင်ဖို့ မောင်ပြည့်မင်းက ဆော်သြတယ်။ လူဆန်း ရောက် လာတယ်။ ဝေးခေါင် ရောက်လာတယ်။ ဇေယျာလင်းက “မောင်ချောနွယ် ၀စနာလင်္ကာရ“ စာတမ်းဖတ်တယ်။ စာတမ်းဖတ်ပြီးတော့ မောင်ချောနွယ်နဲ့ ပတ်သက်လို့ ဆက်မိစပ်ရာ ပြောကြ တယ်။ ပြောရင်းဆိုရင်း “ပါရမီသက်ကုန်ရင် ပညာသက်နဲ့ ဆက်ရတယ်“ စကားနဲ့ ပတ်သက်ပြီး ပြောကြတယ်။ စိုင်းဝင်းမြင့်မေးတဲ့ ၆၀ ကျော်ရင်၊ ၄၀ ကျော်ရင် ကဗျာကိစ္စ၊ မြင်စိုင်းသူမြား ကိစ္စ မောင်ပြည့်မင်း ဖြေတယ်။ ခင်အောင်အေး ကုန်သည်ကြီးများဟိုတယ်ကို လှမ်းကြည့်ရင်း ခေတ် ပေါ်ကဗျာမှာ ချန်ခဲ့လို့မရတဲ့ နေရာတွေအကြောင်း ဆက်စပ်တယ်။ မောင်ပြည့်မင်းက ဖြည့်စွက် ပေးတယ်။ အဲဒီနောက် အဲဒီနောက် စိုင်းဝင်းမြင့် ပြန်သွားတယ်။ စကားတွေ ဆက်တယ်။ အရက် တွေ ဆက်တယ်။ အမြည်းတွေ ဆက်တယ်။ မင်းနိုင်သားက တစ်ခုလောက် ပြောမယ်ဆိုပြီး “ဆက်သွယ်ရေးလုပ်ငန်း လုပ်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်တွေ့ပေါ့။ သူတို့တွေဟာ ဆေးရုံ တစ်ရုံမှာ ဖုန်းလိုင်းတွေ သွားရောက် ချိတ်ဆက်ရတယ်။ အဲဒီဆေးရုံမှာ တော်တော်ခေါင်တဲ့ တောနယ်တစ်နယ်က အမျိုးသမီးတစ်ယောက် ဆေးရုံတက်နေတယ်။ ဖုန်းလိုင်းတွေ ဆင်ပြီး သွားတော့ ဖုန်းအသုံးပြုလိုသူတွေ ဖုန်းအသုံးပြုလို့ရပြီ ဖြစ်ကြောင်း ပြောကြတော့ တောနယ် က နေ ဆေးရုံဆီ ဖုန်းဆက်တယ်။ လူနာစောင့် ကလေးမလေးက ဖုန်းကိုင်တယ်။ ကလေးမလေးက
ဖုန်းမဆက်ဖူးတော့ ဖုန်းခွက်ကို ပြောင်းပြန်ကိုင်တယ်။ ပါးစပ်ကနေ ဟဲလို ဟဲလို ပြောတယ်။ အနားက နာစ့်မလေးက “ညီမလေး ပြောင်းပြန်ကြီး၊ ပြောင်းပြန်ကြီး“ လို့ ပြောတယ်။ ကလေး မလေးက လိုဟဲ လိုဟဲလို့ ပြင်ပြောတယ်” လို့ ပြောတယ်။ မင်းနိုင်သားက ဆက်ပြောတယ်။ စဉ်းစားဖို့ပါ တဲ့။ အဲဒီနောက် မောင်ချောနွယ် အကြောင်းနည်းနည်း၊ ဟို အကြောင်းနည်းနည်း၊ ဒီအကြောင်း နည်းနည်း ဆက်ပြောပြီး လမ်းခွဲကြတယ်။ မောင်ချောနွယ် ၈ နှစ်ပြည့်က ဒီ လောက်ပါပဲ။ တခြား မောင်ချောနွယ်ချစ်သူတွေလည်း ၈ နှစ်ပြည့်လုပ်တယ်လို့ သတင်း ကြားရ တယ်။ အနယ်နယ် အရပ်ရပ်မှာလည်း မောင်ချောနွယ်ကို သတိရကြမှာပါ။

လင်းဝေးခက်

မပြောင်းလဲတဲ့သူက သေတယ်

1
Filed under ကဗျာ

Stilleben mit Bordeuauxflasche (1919) by Juan Gris

_______________________________________________________________________
မိတ်ဆွေ ခင်ဗျားအရပ်သိပ်မြင့်လာတယ်
ဟာရိုးရော်ဘင်ရဲ့ ဇာတ်ကောင်တစ်ယောက်လို စတိုင်နဲ့ အမူအကျင့်နဲ့
ခင်ဗျားပင်လယ်ကိုသွားတော့ တစ်ယောက်တည်းဆိုဗျ
နေစမ်းပါဦး ခင်ဗျားလက်ထဲက ကျူးဘားဆေးပြင်းလိပ်ကြီးကို ခင်ဗျားကြိုက်ရောကြိုက်ရဲ့လား
ဒါနဲ့ ခင်ဗျား ဒီမိုကရက်ပဲလား
ဘာဘာ ဘယ်လိုဘယ်လို
ဟိုဟို ဒီဒီ ၀ါဒီဝါဒတွေ စိတ်မ၀င်စားတော့ဘူး ဟုတ်စ
ဟိုတုန်းကတော့ ခင်ဗျား အပြာမှ အပြာအစစ်ဆို
သြော် အင်းလေ ဟုတ်မှာပါ
ဘ၀ဆိုတာ ပြောင်းလဲနေရမှာပေါ့
ကျွန်တော်လား
ကျွန်တော်က အရင်လို အရပ်ပုပုပါပဲ
အား ဟုတ်တာပေါ့ ခင်ဗျားပြောသလို နင်းပြားပဲထားပါတော့
ဘာလဲ ဆိုရှယ်လစ်အနံ့ ရနေလို့လား
ကျွန်တော် အခုထိ ပင်လယ်ကို မမြင်ဖူးသေးပါဘူး
ငယ်တုန်းကတော့ ပင်လယ်လေ ရှူဖို့ တက်ကြွခဲ့ဖူးပါရဲ့
အခုတော့ စိတ်ကိုပဲ ရှုမှတ်နေပါတယ်
အပြောင်းအလဲတော့ သိပ်မရှိပါဘူး
ကျွန်တော်အခုထိ အပြာပါပဲ
ခင်ဗျားစကားအရ သေနေတဲ့ ဘ၀ပေါ့
ကဲ သွားလိုက်ပါဦးမယ် မိတ်ဆွေကြီးရေ
ခင်ဗျားလည်း မသေအောင် အမျိုးမျိုးပြောင်းလဲလိုက်ပါဦး

ပီမို

ပြေစာ ရောက်မလာသေးပါ

4
Filed under အရေးအသား

Sitzender Mann(1914) by Roger-Noël-François

_______________________________________________________________________

အကယ်၍များ ဒုတိယနည်းလမ်းကို မစဉ်းစားထားဘူးဆိုရင် တူးဆွလို့မဆုံးခင်လေးမှာပဲ တွင်း ထဲကို အချိန်မရွေး ရောက်သွားနိုင်ပါတယ်။ ဖြစ်နေတာကို ထိုင်ကြည့်ပြီးတော့ မြေကြီးထဲကို အတင်းကာရော ယက်ဆင်းဝင်သွားမလား။ ဒီလိုမှမဟုတ် ဖြစ်နေတာကို တွန်းလှန် ကာကွယ် သွားမလား။ အသေအချာ ယုံကြည်တယ်ဆိုရင် ရွေးချယ်ဆုံးဖြတ်ရန် ဖြစ်ပါတယ်။ မနေ့ညက နာရီအနည်းငယ်လောက် မိုးသည်းသည်းထန်ထန် ရွာသွန်းသွားပါတယ်။ လေပြင်းတွေကြားထဲ လွင့်ပါသွားတဲ့ မျက်နှာဖုံးတွေထဲမှာ မျက်နှာတစ်ခု ပျောက်ဆုံးသွားတယ်။ နောက်တစ်နေ့ မနက် ကြားရတဲ့ သတင်းက မင်္ဂလာရှိတဲ့သတင်း မဟုတ်ပါဘူး။ ဘူးခါးနင်းတော့ စောင်းခြမ်း ပေါ်သတဲ့။ ဒီလောက်ပဲ တွေးတောနိုင်ပါတယ်။ အခုချိန်ကလေးမှာတင် မိုးကတဖွဲဖွဲ ပြန်ရွာလာ ပါပြီ။ မိုးကိုမုန်းတီးရာက တဖြည်းဖြည်း တွယ်တာစွဲလန်းလာတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ သိပ်ပြီး အကြောင့်အကျ မဖြစ်စေနဲ့ပေါ့လို့ ပြောတာ နားမလည်ခဲ့ရင် ကိစ္စမရှိပါ။ အကြွေးရှိ သလို ခံစားနေရတာမို့ ဖုန်းဆက်လာတဲ့ သူကိုလည်း ကြိုဆိုပါတယ်။ အရှေ့ဆီမှာ ရောင်နီ သန်းတာကို မြင်ချင်ရင် အမှောင်ထဲက ထိုင်စောင့်ရုံ တစ်ခုပဲလား။ သေချာတယ်နော်၊ အဆင် မပြေရင် သွေးထွက်မှာတဲ့။ ဆူးနဲ့နှင်းဆီကို သတိရလျက်ပါ။ ပြောရင်းဆိုရင်း မိုးက ဇွတ် အတင်းကို သည်းလာပြန်ပါတော့တယ်။ အံဆွဲထဲက ပုလင်းခွံတွေ နေ့ရက်အလိုက် တိုးတက် များပြားလာတာ စိတ်ပျက်စရာပါပဲ။ နေတုန်းခဏတော့ ရမှာပေါ့။ ဒီလိုမှမလုပ်ရင်လည်း ဟိုလို လုပ်စရာက မရှိပြန်ဘူး။ မျက်လုံးတွေဟာ နေ့ညမရွေး ပွင့်လန်းနေတာ နေ့ညဆက်တိုက် ဖြစ် နေတယ်ဆို။ အချိန်မရွေးခေါ်ဆိုပါဆိုတဲ့ ဖုန်းနံပါတ်က မှတ်စုစာအုပ်ထဲမှာ မှင်လွင့်စပြုနေပါပြီ။

တောကျောင်းဆရာ
၂၀၀၉ ခုနှစ် မေလ။

အခုတော့ ဖျောက်တောက်တောက်ပဲ

3
Filed under ကဗျာ

La casquette bleue de Jean by Daniel Bouvard

_______________________________________________________________________

ကောက်ရပစ္စည်းလို ဒီလိုပဲလေ
အလွယ်တကူ တောင်တွေဟာ
တစ်လုံးပြီး တစ်လုံး ကျော်သွားကြတယ်
ပြီးတော့လည်း အကြားတွေ ကြားထဲက ဘ၀အကျိုးများ
ဆွဲထုတ်လိုက် အစတစ်စကို ဆတူဖြစ်ချင်မှ ဖြစ်
အစတူတူ မတူတူ မဆုံးသေးဘူး အစတွေလား
ပြုံးထားကြပေါ့ သုံးစားမရတာတွေချည်း မိုးကောင်းတုန်း
ပြုံးထား ပြုံးထား ပါးပါးကလေး လုံးသွားတယ် စရွေးကိုက် ဆတူ
လုံးလုံးကလေး ပါးသွားတယ် ပြုန်းတီးသွားတယ် အပြုံးများ
တရားသေ မှတ်နေကျ တရားစာတွေကို အလုံးလိုက်ရွတ်သွင်း
ဖြစ်/ပျက် နေမှတော့ အမြင်တွေထဲ ထည့်ထားပေါ့ စိုက်ထားပေါ့
ဘုရားသခင်လည်း မိုးထဲ ရေထဲ ထီးဝင်ရိုးမှာ တန်းလန်း
ငုတ်တုတ် ချိတ်ခံထားရတာ အချိန်ပေါက်စေ့ ထိုင်ရင်းမဖြစ်တော့
ရေတွက်နေဖို့ ပြီးခဲ့သော ရက်များအကြောင်း ဘောင်သွင်းမလို့
ခေတ်ထဲ ကျန်းမာစွာတာဝန် ထမ်းဆောင်လျက်ရှိနေပါတယ်
သေချာနေတာပါ ပြန်စရာအိမ် မရှိသေးလို့ပါ ဂျိမ်းရေ။

တောကျောင်းဆရာ
၂၀၁၀ပြည့်နှစ်၊ သြဂုတ်လ။

My Love My Love

2
Filed under ရုပ်ရှင်


_______________________________________________________________________
ဒီရက်ပိုင်း စိတ်ထဲမှာသတိတရရှိနေတဲ့ ဇာတ်ကားတစ်ကား အကြောင်းဖြစ်ပါတယ်။ ဇာတ် ကား နာမည်က My Love My Love ။ အစ္စရေးဒါရိုက်တာ Igal Peeri က ဖန်တီးထားခဲ့တာပါ။ ဇာတ်ကားလို့သာ ပြောရတာ။ အမှန်တော့ ဇာတ်ကားမဟုတ်တဲ့ ဇာတ်ကား။ ဓာတ်ပုံတွေနဲ့ ရိုက်ပြခဲ့တဲ့ ဇာတ်ကားဖြစ်နေလို့ပါ။ ဒီဇာတ်ကားကို ၂၀၀၉ တုန်းက တစ်ခါကြည့်ခဲ့ဖူးတယ်။ အမှတ်မမှားဘူးဆိုရင် ၂၀၀၉ ထဲမှာပဲ My Love My Love ဇာတ်ကားကို နိုင်ငံတကာမှာ ပြခဲ့ တယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ သောက်သောက်လဲ ရခဲ့တယ်။ အံ့သြစရာ ကောင်းပါ တယ် ။ ကင်မရာတစ်လုံး၊ ကွန်ပျူတာတစ်လုံးတည်းနဲ့ ဖန်တီးထားတဲ့ My Love My Love ဇာတ်ကားက ရုပ်ရှင်ဂုရုတွေကို မှင်သက်သွားစေခဲ့တာ ကြောင့်ပါ။

My Love My Love ဇာတ်ကားက ကြာချိန် ၁၅ မိနစ်ပဲရှိပါတယ်။ လန်ဘနွန်စစ်ပွဲကို နောက်ခံ လို့ စစ်ဆန့်ကျင်ရေးကို ပြခဲ့ပါတယ်။ ဆယ်ကျော်သက် ချစ်မေတ္တာကိုလည်း ဆွတ်ပျံ့အောင် တင် ပြခဲ့ပါတယ်။ ၁၇ အရွယ်ကောင်မလေးနဲ့ အစ္စရေးစစ်သား လူငယ်လေးတစ်ယောက်ရဲ့ အကြောင်း။ Love story between girl 17 years old who knows that herboy friend going to killed in this war ဆိုပြီး My Love My Love ဇာတ်ကားကို ညွှန်းဆိုကြတယ်။ ဒီထက်ပိုတဲ့ ရသကို ပေးခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။ အစ္စရေးဘက်ကရိုက်ပြတဲ့ Propaganda လို့ ဆိုရမည်လား။ ဒါဆိုရင်တော့ ချစ်စရာကောင်းအောင် တင်ပြလိုက်တဲ့ Propaganda ဇာတ် ကားလို့ပဲ ပြောရမှာဖြစ်ပါတယ်။

My Love My Love ဇာတ်ကားမှာ ရုပ်ရှင်ဖလင်ကို မသုံးထားပါဘူး။ ဓာတ်ပုံတွေကို အသုံးပြုပြီး ဇာတ်ကား လုပ်ထားပါတယ်။ Stills-Photography Movie လို့တော့ ခေါ်ဆိုပါတယ်။ My Love My Love ဇာတ်ကားဖြစ်စေဖို့ Igal Peeri က ဓာတ်ပုံပေါင်း ၇၀၀၀ ရိုက်ကူးခဲ့ပါတယ်။ ဒီဓာတ်ပုံ ၇၀၀၀ ထဲကမှ ၁၀၀၀ ကျော်ကို ဆက်ပြီး ဇာတ်ကားအဖြစ် ဖန်တီးလိုက်ပါတယ်။ ၆၀၀၀ ကျော်ကိုတော့ ဖယ်ထုတ် လိုက်ပါတယ်။ ရုပ်သေ တင်ဆက်မှုကို အသုံးပြုခဲ့ပါတယ်။ ဓာတ်ပုံတွေအချပ်လိုက် ပေါင်းစပ်ပြီး နောက်ခံဂီတနဲ့၊ ရထားသံ၊ ကားသံ၊ ပတ်ဝန်းကျင်သံ၊ ဒါတွေကို ရောပြွန်းလို့ ဇာတ်ကြောင်းပြောသူ တစ်ယောက်ကို နောက်ခံစကားပြောစေခဲ့ပါ တယ်။

Igal Peeri ကတော့ My Love My Love လို ဇာတ်ကားမျိုးကို လူတိုင်းကရိုက်နိုင်ပါတယ်လို့ ပြောဖူးပါတယ်။ သူပြောတာ မှန်သလိုရှိပါတယ်။ လူတိုင်းက My Love My Love ဇာတ်ကားကို ရိုက်နိုင်ပါတယ်။ တီထွင်ထိုးထွင်းနိုင်တဲ့ အသိဉာဏ်ရှိမယ်ဆိုရင်ပေါ့။

ခင်ဗျားမှာ ကင်မရာတစ်လုံးနဲ့ ကွန်ပျူတာတစ်လုံးသာရှိမယ်ဆိုရင် My Love My Love လို ဇာတ်ကားမျိုး ရိုက်ကူးပြနိုင်မလား။ စိတ်ကူးက အရေးကြီးပါတယ်။ My Love My Love နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Igal Peeri ရဲ့ ၀က်ဘ်စာမျက်နှာမှာလဲ ဖတ်ရှုလေ့လာ နိုင်မှာဖြစ်ပါတယ်။ You Tube မှာတင်ထားတဲ့ Trailer ကိုလည်း မြည်းစမ်းနိုင်ပါတယ်။

တောကျောင်းဆရာ

_______________________________________________________________________

လွန်ခဲ့သောနှစ်များ….. အစ အန

2
Filed under အရေးအသား

- Jenny Holzer's installation at MassMoCA (2008)

_______________________________________________________________________

စုတ်ပြတ် သွားတယ်။ ဖွာလန်ကြဲ သွားတယ်။ ကျကွဲ သွားတယ်။ ပြာကျ သွားတယ်။ ဖြာကျ သွား တယ်။ ချောက်ကျ သွားတယ်။ ချောင်ကျ သွားတယ်။ ပျက်ကျ သွားတယ်။ ဈေးကျ သွားတယ်။ ဂွကျ သွားတယ်။ လွတ်ကျ သွားတယ်။ တရားကျ သွားတယ်။ ဆွဲဆုတ် သွားတယ်။ ခွေခေါက် သွားတယ်။ အရှိုက်ထိ သွားတယ်။ အငိုက်မိ သွားတယ်။ ငိုင် သွားတယ်။ ငေါ သွားတယ်။ ငူ သွားတယ်။ ငေါင် သွားတယ်။ ငတ် သွားတယ်။ ငယ် သွားတယ်။ အောင့်သက်သက် ဖြစ်သွား တယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ ပဋိပက္ခ ဖြစ်သွားတယ်။ စုန်းစုန်းမြုပ် သွားတယ်။ ပြိုပျက် သွားတယ်။ ကြေမွ သွားတယ်။ ချာချာလည် သွားတယ်။ ခြောက်ခြား သွားတယ်။ လွင့်စင် သွားတယ်။ အေးစက် သွားတယ်။ ကာဆီး သွားတယ်။ ပေမမီဒေါက်မမီ ဖြစ်သွားတယ်။ မျက်နှာကို ဖြတ်ရိုက် သွားတယ်။ ထူပူ သွားတယ်။ ထစ်ငေါ့ သွားတယ်။ ဆက်ရက် တောင်ပံကျိုး သွားတယ်။ မျောက် သစ်ကိုင်း လွတ် သွားတယ်။ ခွေးအ, လှည်းနင်း သွားတယ်။ ရောဂါကြွ သွားတယ်။ ကွဲအက် သွားတယ်။ ထက်ပိုင်းပြတ် သွားတယ်။ ထိုးရပ် သွားတယ်။ ဆွေးသွား တယ်။ ကွေးသွား တယ်။ လေး သွားတယ်။ အေး သွားတယ်။ နှေးသွား တယ်။ မရှူနိုင် မကယ်နိုင် ဖြစ်သွားတယ်။ ကြိမ်မီးအုံး သွားတယ်။ မိုးမီးလောင် သွားတယ်။ ကျိုးပဲ့ သွားတယ်။ ချိုးဖဲ့ သွားတယ်။ အသိုက်ပျက် သွားတယ်။ ဘောင်ဘင်ခတ် သွားတယ်။ မှုန် ကုပ်ကုပ်ဖြစ် သွားတယ်။ စပ်ဖျင်းဖျင်း ဖြစ်သွားတယ်။ ပေါက်ပန်းဈေး ဖြစ်သွားတယ်။ မွန်းကျပ် သွားတယ်။ ပျော့ဖတ် သွားတယ်။ အကာအကွယ်မဲ့ သွားတယ်။ အဆက်အစပ်မဲ့ သွားတယ်။ ဆွေ့ဆွေ့ခုန် သွားတယ်။ တီကောင်ဆားထိ သွားတယ်။ အနာပေါ်တုတ်ကျ သွားတယ်။ လှိုက်စား သွားတယ်။ အော်ဂလီဆန် သွားတယ်။ တံတွေးခွက်ထဲ ပက်လက်မျော သွားတယ်။ တိုက်စား သွားတယ်။ ကိုက်ခဲ သွားတယ်။ ပေါက်ပြဲ သွားတယ်။ ဒရွတ်တိုက် သွားတယ်။ မှောင် သွားတယ်။ မိုက် သွားတယ်။ မော သွားတယ်။ မှား သွားတယ်။ မှတ် သွားတယ်။ သတိလစ် သွားတယ်။ ထူပိန်း သွားတယ်။ ခါးသက် သွားတယ်။ ရက်လွန် သွားတယ်။ လှုပ်ယမ်း သွားတယ်။ အမြစ်က ကျွတ်ထွက် သွားတယ်။ လက်လွတ် သွားတယ်။ တိမ်းမှောက် သွားတယ်။ ရွဲ့စောင်း သွားတယ်။ ထိခိုက် သွားတယ်။ ပြတ်ရှ သွားတယ်။ ကြိတ်ခွဲ သွားတယ်။ လူးလိမ့် သွားတယ်။ မအီမသာ ဖြစ်သွားတယ်။ လက်ခုပ်ထဲကရေ ဖြစ်သွားတယ်။ ပခြုပ်ထဲကမြွေ ဖြစ်သွားတယ်။ ကျောရိုးမဲ့ သွားတယ်။ ကွေ့ကောက် သွားတယ်။ ကွေးကောက် သွားတယ်။ ပြတ်တောက် သွားတယ်။ ကျဉ်းထဲကျပ်ထဲ ရောက် သွားတယ်။ ဇာတ်သိမ်း သွားတယ်။ ဖန်တရာတေ သွားတယ်။ ချဉ် သွားတယ်။ ခြောက် သွားတယ်။ ချုပ် သွားတယ်။ ချော် သွားတယ်။ ချည် သွားတယ်။ ဓါတ်လိုက် သွားတယ်။ ယက်ကန်ယက်ကန် ဖြစ်သွားတယ်။ ယူကျုံးမရ ဖြစ်သွားတယ်။ေ၀၀ါး သွားတယ်။ ပြားကိုးဆယ် ဖြစ်သွားတယ်။ အထည်ကြီး ပျက်သွားတယ်။ အဆိပ်တက် သွားတယ်။ ပိုးထိုး သွားတယ်။ ဗလာမဲပေါက် သွားတယ်။ ဗလုံး ဗထွေး ဖြစ်သွားတယ်။ ဗျာများ သွားတယ်။ ဗလောင်ဆူ သွားတယ်။ ဗုန်းဗုန်းလဲ သွားတယ်။ တုံးအ, သွားတယ်။ ဆူပွက် သွားတယ်။ ပုပ်သိုး သွားတယ်။ ပိတ်မိ သွားတယ်။ စွန့်ခွာ သွားတယ်။ လုံးပါးပါး သွားတယ်။ အမှုန့်ဖြစ် သွားတယ်။ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ အံကျိတ် သွားတယ်။ ခူး သွားတယ်။ စူး သွားတယ်။ မူး သွားတယ်။ ရူး သွားတယ်။ နူး သွားတယ်။ ကူး သွားတယ်။ အုံ့ဆိုင်း သွားတယ်။ ဒုံးဝေး သွားတယ်။ တောင့်တင်း သွားတယ်။ ထိုင်းမှိုင်း သွားတယ်။ လျော့ပါး သွားတယ်။ နွံနစ် သွားတယ်။ ရုပ်ပျက်ဆင်းပျက် သွားတယ်။ ပွန်းစား သွားတယ်။ ကိစ္စချော သွားတယ်။ ဒုက္ခိတဖြစ် သွားတယ်။ နောက်ကျိ သွားတယ်။ ကွေးညွတ် သွားတယ်။ စိုက်ဝင် သွားတယ်။ ရင့်ရော် သွားတယ်။ အသံပျောက် သွားတယ်။ အသက်ပျောက် သွားတယ်။ အသည်းပျောက် သွားတယ်။အသိပျောက် သွားတယ်။ ဒါဏ်ရာရ သွားတယ်။ နာကျင်ယိုစီး သွားတယ်။ လိပ်ပြာလွင့် သွားတယ်။ အခြေအနေအရ ဖြစ်သွားတယ်။ အခြေအနေ အရရဲ့ သားကောင် ဖြစ်သွားတယ်။

နေ၀ိုင်ဝိုင်

Susan Sontag ရဲ့ အပိုင်းအစ

0
Filed under ဘာသာပြန်, အရေးအသား

_______________________________________________________________________
ဗုဒ္ဓဟူးနေ့ ညနေစောင်းမှာ နင့်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် ရူးမိုက်ရာကျလိမ့်မယ်လို့ ဂျူ လီယာ့ကို ကျမ ပြောလိုက်တယ်။ သူက အင်း လိုက်နေတယ်။ ငါပြောတာ လက်ခံတဲ့ပုံပဲလို့ ကျမက ထင်လိုက်မိတယ်။ နောက်နှစ်ရက်နေတော့ သူအခန်းကနေထွက်သွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ရူးမိုက်ရာကျတဲ့ အလုပ်တွေကို လုပ်ဖို့ ၀န်မလေးဘူး ဆိုတာ ကျွန်မကို ပြလိုက်တယ်။ ကျွန်မပြောရမယ်။ သူငယ်ချင်းတွေကို ကျွန်မတော့ ရူးမိုက်တာ တစ်ခုခု လုပ်တော့မယ်လို့ ပြောဖြစ်ရင်တောင် အဲဒါကို တကယ်လုပ်ဖို့ စိတ်မကူးပါဘူး။ ကျမရဲ့လိပ်ပြာကို ကျမကယ်တင်ရမယ်။ တုန်လှုပ်နေရှာတဲ့ လေကလေး။ တချို့ညတွေမှာ ကျမ ဂျူလီယာ့ကို ဆံပင်ကနေ ဆွဲလာတယ်လို့ အိပ်မက်မက်တယ်။ သူ မြစ်ထဲ ခုန်မချခင်ကလေးပေါ့။ ဒါမှမဟုတ် သူ့ကို မြစ်ထဲမှာတွေ့တယ်လို့ အိပ်မက်မက်တယ်။ ကျမကတော့ ခေါင်မိုးပေါ်မှာ။ နယူးဂျာစီကို မျက်နှာချင်းဆိုင်လို့ ။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ ပေါလောပေါ်နေတာတွေ့လိုက်တယ်။ ကျမ ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်တယ်။ အောက်ကို ထိုးကျသွားရင်း ငှက်တစ်ကောင်လို ၀ဲလိုက်တယ်။ သူ့ကို ဆံပင်ကနေဆွဲပြီး ရေထဲကနေဆယ်လိုက်တယ်။ ဂျူလီယာ၊ ချစ်တဲ့ ဂျူလီယာ၊ နင်ဟာ တွင်းထဲကို ထပ်ပြီး ငုံ့ကိုင်းနေဖို့ မသင့်တော့ပါဘူး။ စိတ်ကောင်း နှလုံး ကောင်းနဲ့ ခပ်ရဲရဲတစ်ယောက်က အနားကိုလာပြီး မင်းကိုကယ်ဖို့.. ကြင်နာဖို့။ အနည်းဆုံးတော့ နင်ဟာ နွေးထွေးတဲ့ အိပ်ယာထဲမှာဘဲ သေသင့်ပါတယ်.. တိတ်တိတ်ဆိတ်ဆိတ်။ အပြစ်တွေ၊ နင့်ကို ချစ်တဲ့ ပုံမကျ ပန်းမကျလူတွေ ၀ိုင်းရံလို့၊ နောက်ဆုံးအချိန်အထိ သူတို့ နင်ကြောင့် စိတ် တွေတိုကြ၊ မခံချင်တွေဖြစ်ကြပေါ့။ နင့်ကို ပြန်မတွေ့ခင် နင်ရဲ့ကိုယ်ခန္ဓာကို ညစ်တစ်တစ် ဟဒ် ဆန်မြစ်ရေက ဘာများ လုပ်လိုက်မလဲလို့ ငါမတွေးတော့ပါဘူး။ ဂျူလီယာ… ဖယောင်းတိုက် ထားတဲ့ အခေါင်းထဲက ပလတ်စတစ်သားမျက်နှာ…နင့်အသက်ရှိသလောက် ဘယ်လို အိုမင်း နိုင်ပါ့မလဲ။ ၀ိုက်ဒနာ စာကြည့်တိုက်ရဲ့ လှေကားထစ်တွေပေါ် ခပ်ကြောင်ကြောင် ပညာတတ် စ ကားတွေ စပြောခဲ့တဲ့ ၂၃ နှစ်အရွယ်အတိုင်း ရှိတုံးပါပဲ။ ခပ်ပါးပါး၊ ခပ်မိုက်မိုက်၊ ဖြတ်ခနဲ၊ လွင့် ခနဲ။ ငါ့ထက်နင်က နုပျိုလို့။ တကယ်တမ်းကျ နင်က ငါ့ထက် လေးနှစ်ပိုကြီးတာလေ။ ငါကတော့ နွမ်းနယ်လို့၊ ပင်ပန်းလို့၊ စိတ်တွေလှုပ်ရှားလို့။ ငါ နင့်ကို ပိတ်ရိုက်ပစ်ချင်ခဲ့တယ်။ ငါတို့ရဲ့ ခင်မင်မှု ၀န်ထုပ်ဝန်ပိုးအောက်မှာ ငါဘယ်လောက် ငိုညဉ်းခဲ့ရသလဲ။ ဒါပေမယ့် နင့်ရဲ့ သေခြင်းက ငါ့အ တွက် ပိုပြီးလေးလံခဲ့တယ်။ မင်းဘာကြောင့် အလျှော့ပေးလိုက်သလဲ။ တခြားသူတွေ သူတို့ရဲ့ ဘ၀ထဲက ပျောက်ကွယ်ချိန်မှာ။ ရှင်ကျန်ဖို့ဟာ ငါ့အတွက် ပဟေဠိဆန်တယ်။ ဆိုပါစို့ ငါတို့ အား လုံး အိပ်မောကျနေတယ်။ ငါတို့ နိုးထချင်သလား။ ငါတယောက်ထဲနိုးထပြီး နင်ကတော့ မပါဘူး ဆိုရင်ကော..တရားပါ့မလား။ မျှတမှုကရော ဘာအသုံးကျသလဲ။ ဒါပေမယ့် နင်မပါဘဲ ငါနိုးမထ ချင်ဘူး..

မိုးဆတ်
Susan Sontag ရဲ့ I,etcetera မှ

အခုလို ဆန်းဒေး မိုးအေးအေးတစ်ရက်မှာ

2
Filed under အက်ဆေး

Iluminacion(May 14, 2010) by Hebert Sanchez

(၁)
လက်စ လက်န ရှိသလို တွေးနေမိတယ်။ ဆန်းဒေးဟာ အထီးကျန်ဆန်တယ် ဆိုတဲ့အကြောင်း။ မိုးကလည်း ရွာနေတော့တာ။ အရမ်းကို သည်းလွန်းနေပြန်တယ်။ ဒီမိုးက တစ်ပတ်လုံး လှိမ့်ရွာ နေခဲ့တာ။ အဲဒီမိုးက။ ဆန်းဒေးမှာလည်း ဆက်ရွာနေတယ်။ လူတွေက အပြင်မှာ။ မိုးရေထဲ လျှောက်သွားနေတယ်။ သူတို့စိတ်ထဲမှာတော့ ခြောက်သွေ့ပူလောင်တဲ့ ရာသီဥတု ဖြစ်နေ မလား။ ကျွန်းသား ပြတင်းဘောင်ကနေ လှမ်းကြည့်ရင်း မြင်နေတာ။ သံချေးတက်နေတဲ့ တံခါး ပတ္တာဆီက သံဆွေးရေတွေ စိမ့်ကျနေတယ်။ တစ်သက်လုံးသာ မိုးရွာနေရင် ခက်ရချည်ရဲ့။

ဆန်းဒေးမှာ ရွာတဲ့မိုးက စနေမှာရွာတဲ့ မိုးထက်စွေတယ်လို့ပဲ ပြောချင်တယ်။ ပြီးခဲ့တဲ့ တစ်ပတ် ဆန်းဒေးမှာလည်း မိုးက အခုလိုပဲ ရွာနေတာ။ ဂျပန်မှာတုန်းက။ မုန်းတိုင်းထဲမှာပေါ့။ တံတားကို ဖြတ်ရင်း ဘီသိုဗင်တေးသွားကို နားထောင်ပြီး အားတက်ဖူးတယ်။ ပြီးခဲ့တဲ့ ဆန်းဒေးတုန်းက။ မိုးသည်းတွေကြားထဲမှာ လူတစ်ယောက်က ပြောဖူးတယ်။ အခုတော့ သူလည်း အောင်မြင်နေ ပြီ။ သူ့စိတ်နဲ့ သူ့အတွက် အောင်မြင်နေတာ။ ကိုမိုးဆတ်ဆီက ဖုန်းဝင်လာတော့ အဲဘက်မှာ မိုးရွာ နေတာလား။ ဒီဘက်မှာတော့ မရွာဘူးဆိုပဲ။ ဒီဘက်မှာတော့ ရန်ကုန်မြစ်ထဲက ရေတွေ တောင် လမ်းပေါ်ကို တက်လာတယ်။ ရေတက်နေတာလေတဲ့။ လူတွေကတော့ အေးအေး ဆေး ဆေးပဲ။ မုန်တိုင်းထဲမှာ ဘီသိုဗင်သီချင်း နားထောင်တယ်ဆိုတဲ့ လူလည်း တက္ကစီငှားပြီး သူ့အိမ် သူပြန်သွားတယ်။

(၂)
နိုကီယာ တီးလုံးသံလိုလို၊ တခြားသံစဉ်တစ်ခုလိုလို အသံ ကြားလိုက်တယ်။ တင်းန်တောင်ဆိုတဲ့ အသံလည်း ဖြစ်မှာပေါ့။ လူတစ်ယောက်က တံခါးပေါက်ဝမှာ။ တံခါးကို ဖွင့်လိုက်တယ်။ ဘရာ သာဂျွန်နဲ့ မတွေ့ဖြစ်တာ လေးငါးခြောက်လ။ ဒါမှမဟုတ် လေးငါး ခြောက်နှစ်။ အဲသလောက် ရှိပြီ။ ဘရာသာဂျွန်က တံခါးလော့ခ်အပွင့်မှာ အထဲကို ၀င်လာတယ်။ သူ့ရဲ့အောင်မြင်မှု အထုပ် ကို ဘေးချရင်း မြို့မငြိမ်းကို ဘယ်သူကမှ မတွယ်နှောင်ခဲ့ဘူးလားလို့ မေးတယ်။ ထိုင်ခုံပေါ် ၀င်ထိုင်လိုက်တယ်။ ကတ်ကိုဘိန်းရောတဲ့။ ဟိဒ်လဒ်ဂျာတော့ ထားလိုက်ပါတဲ့။ မှုန်ကုပ်နေတဲ့ မျက်နှာက သူရဲ့ ပြောင်နေတဲ့နဖူးနဲ့ မလိုက်ဖက်အောင်ကို ရှိနေတယ်။ ဖွင့်ထားတဲ့ ပြတင်း ပေါက်ကနေ အဝေးကိုကြည့်ရင်း ဘရာသာဂျွန်က ရှေ့တည့်တည့်မှာ။

ဘာတွေဖြစ်နေတာလဲလို့ စိတ်က မှန်းဆကြည့်တယ်။ ရှာတွေ့သလိုရှိတဲ့ မသေချာခြင်းတွေ။ အောင်မြင်ပြီးသား လူတစ်ယောက်အတွက် ပြောစရာစကား သိပ်မရှိဘူး။ ကိုယ့်ဘ၀မှာ မိသားစု၊ သားသမီးတွေ၊ နောက်တော့ ကဗျာပေါ့။ ကိုယ့်ကို တွယ်နှောင်ထားတယ်။ မြို့မငြိမ်းကို တွယ် နှောင်ထားတဲ့ သူတွေက မန္တလေးမြို့မှာ မရှိခဲ့ဘူးလား။ တစ်ယောက် တစ်လေမှတောင်။ မရှိခဲ့ ဘူးလား။ ဘရာသာဂျွန်ကို ကြည့်နေရင်းကပဲ စကားလုံးတစ်ချို့ ထွက်သွားတယ်။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မျက်နှာကို အနီးကပ်ရိုက်ပြီး နှုတ်ခမ်းအလှုပ်ကို ပြနေတာမျိုးပဲ။ ကိုယ့်ကဗျာတွေ မကောင်းဘူးလို့ပြောရင် ရယ်နေမှာ။ ခင်ဗျားပြောရင်လည်း ရယ်နေမှာ။

ဘရာသာဂျွန်ရဲ့ အိမ်ရောက်ဆန်းဒေးက မိုးရေတွေကြားထဲ မပြတ်စီးဆင်း နေခဲ့တယ်။ ဇာတ် ကားတွေထဲမှာတော့ အခက်အခဲတွေ ဖြေရှင်းရတာ လွယ်ကူတယ်။ ဘယ်လောက်ကြီးတဲ့ အခက်အခဲဖြစ်ပါစေ။ အလွန်ဆုံး တစ်နာရီလောက်ပဲ ကြာမှာပေါ့။ တစ်သက်လုံးကြာမယ့် ဇာတ် ကားကို ဘရာသာဂျွန် ကြည့်နေတယ်။ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ သူပြောတဲ့ မိသားစု၊ သူပြောတဲ့ သားသမီး၊ သူပြောတဲ့ ကဗျာ။ သူ့ကိုယ်သူ ခိုင်မာအောင် ပြင်ဆင်နေတယ်။ မြို့မငြိမ်းကို ဘယ်သူကမှ မတွယ်နှောင်ခဲ့ဘူးလား။ ဓာတ်ပြားထက်က အပ်သွား ကျိုးသွားရင် ကောင်းမှာပဲ။ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ ဆိုတော့။ နောက်ဖေး သွားချင်စိတ်က အာရုံ ကြောတွေကို အလုပ်ပေးနေတာပဲ မှတ်မိတော့တယ်။

(၃)
ဘရာသာဂျွန်ပြန်ထွက်သွားတုန်းက နန္ဒရဲ့ စာအုပ်ကို သတိရမိတယ်။ ကိုယ့်ကိုကိုယ် သေ ကြောင်း ကြံစည်ခြင်း။ ၁၉၆၆ ခုနှစ် လောက်တုန်းက။ မျက်နှာဖုံးအမည်းလေးနဲ့ ထွက်ခဲ့တယ်။ နောက်ပြီးတော့ ဤဘ၀ ဤမျှသာ။ ကြာခဲ့ပြီလို့ ဆိုရမှာဖြစ်တယ်။ အဲဒီကတည်းက ဘရာသာ ဂျွန်နဲ့ ပြန်မတွေ့တော့တာ။ လေးငါးခြောက်လလား။ လေးငါးခြောက်နှစ်လား။ အခုတော့ ဘရာသာဂျွန်က တံခါးဝမှာ ရောက်နေပြီ။ မြို့မငြိမ်းကို ဘယ်သူကမှ မတွယ်နှောင်ခဲ့ဘူးလား လို့ မေးနေတုန်းပဲ။ ဘရာသာဂျွန်ကို စာအုပ်ငှားပေးလိုက်ရင် ပြန်ရနိုင်ပါတော့မလား။ ဒါမှမ ဟုတ် ဘီသိုဗင်တေးသွားကို လက်ဆောင်ပေးရမလား။ ဒီလိုဆို မုန်တိုင်းက တိုက်နေဦးမှ၊ တံ တားက ရှိနေဦးမှ။ ဇာတ်ကား ကြည့်ရအောင်ဗျာလို့ ပြောလိုက်တယ်။ မိုးက တစ်သက်လုံးပဲ ရွာနေ တော့မလား။ မသိတော့ဘူး။

တောကျောင်းဆရာ
သြဂုတ်လ၊ ၂၀၁၀ပြည့်နှစ်။

ကာဆန် မက်ကူးလားစ် (Carson McCullers)

0
Filed under ကဗျာ

- Henry Charles Bukowski (August 16, 1920 – March 9, 1994)

သူမ အရက်စွဲပြီးသေခဲ့
ပင်လယ်ကူးသင်္ဘောတစ်စီးပေါ်
စားပွဲနဲ့တွဲလျက်သား ကုလားထိုင်ပေါ်
စောင်တထည် ပတ်လျက်သား။

သူမရဲ့စာအုပ်မှန်သမျှ
ခြောက်ခြားနေတဲ့ အထီးကျန်မှု။

သူမစာအုပ်တွေအားလုံး
မေတ္တာမပါတဲ့ အချစ်ရဲ့
ရက်စက်မှုအကြောင်း။

အဲဒါတွေသာ
သူမ ချန်ထားနိုင်ခဲ့။

ကုန်းပတ်ပေါ်လမ်းလျှောက်ထွက်လာတဲ့
ခရီးသည်တစ်ယောက်က
သူမရဲ့ ခန္ဓာကို တွေ့ခဲ့။

သင်္ဘောကပ္ပတိန်ကို အကြောင်းကြား။

သင်္ဘောပေါ်က တခြားတစ်နေရာကို
အလျင်အမြန်ရွှေ့ထားလိုက်ကြတယ်။

အရာအားလုံးဟာ
သူမရေးသားခဲ့တဲ့အတိုင်း
ခရီးဆက်ခဲ့။

မိုးဆတ်
- Charles Bukowski ၏
Carson McCullers ကဗျာကို ဘာသာပြန်သည်။

Carson McCullers

she died of alcoholism
wrapped in a blanket
on a deck chair
on an ocean
steamer.

all her books of
terrified loneliness

all her books about
the cruelty
of loveless love

were all that was left
of her

as the strolling vacationer
discovered her body

notified the captain

and she was quickly dispatched
to somewhere else
on the ship

as everything
continued just
as
she had written it

- Charles Bukowski