မွေးနေ့ရှင် မိန်းကလေး (Birthday Girl by Haruki Murakami)

1
Filed under စာပေ, ဘာသာပြန်, အရေးအသား



_______________________________________________________________________
မွေးနေ့ရှင် မိန်းကလေးဟာ သူ့အသက်(၂၀)ပြည့် မွေးနေ့မှာ ခါတိုင်းလိုပဲ စားပွဲထိုးနေခဲ့တယ်။ သောကြာနေ့တွေမှာ သူ အမြဲ အလုပ် ဆင်း နေကျ ဖြစ်ပေမယ့် တကယ်လို့ စီစဉ်ထားခဲ့တာတွေ သာ နေရာ ကျခဲ့မယ်ဆိုရင် အဲဒီ သောကြာညမှာတော့ သူ အားလပ်ရက် ယူမိမှာပဲ။ တခြား အချိန်ပိုင်း လုပ်တဲ့ မိန်းကလေး တစ်ယောက်နဲ့လဲ အဲဒီ ညအတွက် အလုပ်ချိန်ချင်း လဲဖို့ ညှိထားပြီးသား။ ဟုတ်တယ်လေ။ ပုံမှန် အတိုင်းသာဆိုရင် ဘယ်သူကများ အသက်(၂၀)ပြည့် မွေးနေ့ကို ဒေါသကြီးတဲ့ စားဖိုမှူး တစ်ယောက်ယောက်ရဲ့ ဆူပူ သံတွေ၊ ဖရုံ နိုချီ (pumpkin gnocchi) နဲ့ ပင်လယ်စာ အကြော်အလှော် (seafood fritto) ပန်းကန်တွေကို စားသုံးသူတွေရဲ့ စားပွဲပေါ်အရောက် ခဲရာခဲဆစ် သွားချပေးရတာမျိုးတွေ ကြားထဲ ဖြတ်သန်း ချင်ပါ့မလဲ။ ဒါပေမယ့် လူစားလဲမယ့် ကောင်မလေးက (၁၀၄º)ထိ အဖျားတွေ တက်ပြီး အခြေအနေ ဆက် ဆိုးလာတယ်။ ၀မ်းတွေပါ လျှောပြီး အိပ်ရာထဲက မထနိုင် ဖြစ်သွားတာကို အချိန်ကပ်ပြီးမှ သိလိုက်ရတဲ့ နောက်ဆုံး သူပဲ အလုပ် ဆင်းရတော့တာပါပဲ။

ဖျားနေသူက ဖုန်း ဆက်တောင်းပန်လို့ “သိပ်ပူမနေပါနဲ့ဟာ။ အသက်(၂၀)ပြည့် မွေးနေ့ ဆိုပေမယ့် ငါလဲ ဘာမှ သိပ်ထွေထွေထူးထူး လုပ်ဖို့ မရှိပါဘူး” ဆိုပြီး ပြန် နှစ်သိမ့်ခဲ့ရသေးတယ်။ တကယ်တမ်းလည်း သူ့အနေနဲ့ အရမ်းကြီး စိတ်ညစ် မသွားပါဘူး။ အကြောင်း တစ်ခုကတော့ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက သူ့ချစ်သူနဲ့ တော်တော် အခြေအတင် စကား များထားခဲ့လို့ပါ။ အမှန်ဆို သူ့ချစ်သူဟာ အဲဒီညမှာ သူနဲ့အတူ ရှိနေခဲ့ရမှာ။ အထက်တန်းကတည်းက တွဲခဲ့ကြတဲ့ သူတို့ နှစ်ယောက်ဟာ ခုကိစ္စမှာ ဘာမဟုတ်တာလေးနဲ့ စကား စများခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခါးခါးသီးသီး အပြန်အလှန် အော်ဟစ်ရင်း ထင်မထားတဲ့ အကွေ့တစ်ကွေ့ကို ဆိုးရွားစွာ ရောက်သွားခဲ့ကြတယ်။ သူလည်း သိပ်ကို သေချာ သွားခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကြားက သက်တမ်းရှည် နှောင်ကြိုးတွေကို တစ်ခါတည်းနဲ့ အပြီး ဖြတ်ပစ် ခဲ့ဖို့ကိုပဲပေါ့။ သူ့ရင်ထဲမှာတော့ တစ်ခုခုဟာ ကျောက်တုံးတမျှ မာကျော လာပြီးတဲ့နောက် သေဆုံး သွားသလို မျိုးပါပဲ။ ပြတ်စဲမှု အပြီးမှာ သူ့ ချစ်သူဟောင်းက သူ့ကို ဖုန်း မခေါ်တော့သလို သူ့ဖက်ကလည်း ခေါ်ဖို့ မစဉ်းစားတော့ဘူး။

သူ့အလုပ်ဟာ တိုကျိုမြို့ ရိုပွန်ဂီ (Roppongi) အပိုင်ထဲက လူသိများတဲ့ အီတာလျံ စားသောက်ဆိုင် တစ်ခုမှာပါ။ ၆၀ နှောင်းပိုင်း နှစ်တွေတည်းက စ ဖွင့်ခဲ့တဲ့ အဲဒီ စားသောက်ဆိုင်က ဟင်းလျာတွေဟာ အကောင်းတကာ့ အကောင်းဆုံးရယ်လို့ မဆိုသာပေမယ့် တကယ့်ကို လူသိများပါတယ်။ အဲဒီဆိုင်ကို စားသုံးသူတချို့ မကြာခဏ ဆိုသလို ပြန်လာ စားလေ့ရှိကြပြီး အဲဒီ စားသုံးသူတွေ အနေနဲ့လဲ ဒီဆိုင်ကြောင့် ဘယ်တော့မှ စိတ် အနှောင့်အယှက် မဖြစ်ခဲ့ရဘူး။ စားသောက်ခန်းမဟာ ငြိမ်သက် ချမ်းမြေ့ပြီး ဖိအား တစ်စွန်းတစ်စမှ မရှိတဲ့ ပတ်ဝန်းကျင် တစ်ခုလည်း ဖြစ်တယ်။ လူငယ်အုပ်စုတွေ ထက်စာရင် အဲဒီစားသောက်ဆိုင်ကို သက်ကြီးပိုင်း စားသုံးသူတွေ ပိုလာ လေ့ရှိကြတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ စင်ပေါ်က လူတချို့နဲ့ စာရေးဆရာတွေတောင် ပါလေရဲ့။

အဲဒီမှာ တစ်ပတ်ကို (၆)ရက် အလုပ်လုပ်တဲ့ အချိန်ပြည့် စားပွဲထိုး နှစ်ယောက် ရှိတယ်။ သူနဲ့ တခြား ကောင်မလေး တစ် ယောက်ကတော့ ကျောင်းသူတွေ ဖြစ်ပြီး တစ်ယောက် (၃)ရက် တစ်လှည့်စီ အချိန်ပိုင်း လုပ်ကြတယ်။ မန်နေဂျာ တစ်ယောက် ရှိတယ်။ ငွေသိမ်းတဲ့ နေရာမှာ သက်လတ်ပိုင်း ခပ်ပိန်ပိန် အမျိုးသမီး တစ်ယောက် ရှိတယ်။ သူကတော့ စားသောက်ဆိုင် စဖွင့်ကတည်းက ရှိနေခဲ့ပုံပဲ။ Little Dorrit ထဲက စိတ်ညစ်စရာ ခပ်မှိုင်းမှိုင်း ဇာတ်ကောင် တစ်ကောင်လို တစ်နေရာ ထဲမှာပဲ သေသေချာချာ ကျောက်ချ နေလေ့ရှိတယ်။ သူ တစ်ယောက်ကတော့ စားသုံးသူတွေ ပေးတဲ့ ကျသင့်ငွေကို လက်ခံဖို့နဲ့ တယ်လီဖုန်း ကိုင်ဖို့ဆိုတဲ့ တာဝန်(၂)ခုနဲ့ပေါ့။ လိုအပ်တဲ့ အချိန်မှာပဲ စကား ပြောလေ့ရှိပြီး အနက်ရောင် ၀တ်စုံ တစ်မျိုး တည်းကိုပဲ အမြဲ ၀တ်လေ့ရှိတယ်။ အေးစက် မာကျောတဲ့ အရာတစ်ခု ဆိုပါတော့။ အဲဒီ အမျိုးသမီးကိုသာ ညနက်နက် ပင်လယ်ထဲမှာ သွားထားခဲ့ရင် သူ့ကို တိုက်မိမယ့် ဘယ်လှေမျိုးကို မဆို နစ်မြုပ်စေမယ့် သူမျိုး။

မန်နေဂျာ ကတော့ အသက်(၄၀)ကျော်တာ အတော်ကြာပြီး ဖြစ်ပုံရတယ်။ အရပ်ရှည်ပြီး ရင်အုပ် ကားလေတော့ ငယ်ငယ်တုန်းက အားကစားသမား တစ်ယောက် ဖြစ်ခဲ့မှန်း သိသာစေတယ်။ ဒါပေမယ့် သူ့မေးစေ့နဲ့ ဗိုက်မှာ အသားပိုတွေ တက်စပြုနေပါပြီ။ တိုတို တောင့်တောင့် ဆံပင်တွေဟာ ငယ်ထိပ် တ၀ိုက်မှာ ပါးနေပြီး အထူး စပယ်ရှယ် လူပျို သိုးကြီးနံ့ သူ့ အပေါ်ကပ်နေပုံက အံဆွဲ တစ်ခုထဲမှာ ချောင်းဆိုးပျောက် ဆေးလုံးတွေနဲ့ တူတူ သိမ်းထားတဲ့ သတင်းစာ စက္ကူတွေလိုပါပဲ။ မွေးနေ့ရှင် မိန်းကလေးမှာလည်း အဲလိုအနံ့မျိုးနဲ့ ဦးလေး တစ်ယောက် ရှိတယ်။

မန်နေဂျာဟာ အင်္ကျီဖြူ အောက်ခံနဲ့ အနက်ရောင် ၀တ်စုံကို လည်စည်းနဲ့ အမြဲတွဲပြီး ၀တ်လေ့ရှိတယ်။ လည်စည်းမှ လက်နဲ့ ကျကျနန ချည်ထားတဲ့ လည်စည်းမျိုး။ မှန်မကြည့်ပဲ လည်စည်းကို အဲလို ပုံမျိုးထွက်အောင် ချည် နိုင်တာကိုလည်း သူ ဂုဏ်ယူတယ်။ သူ့ အလုပ်တွေကတော့ ဧည့်သည် အ၀င်အထွက်တွေကို ကြည့်တာ၊ သီးသန့် နေရာအတွက် ကြိုပေးထားတဲ့ စာရင်းတွေကို စိတ်နဲ့ မှတ်ရတာ၊ ပုံမှန် ဖောက်သည်တွေရဲ့ နာမည် တွေကို သိထားရတာ၊ အဲဒီ ဖောက်သည်ကြီးတွေကို ပြုံးပြ နှုတ်ဆက်ရတာ၊ စားသုံးသူတွေရဲ့ တိုင်ကြားချက်တွေ ပေါ်လာရင် တလေးတစား နားထောင် ပေးရတာ၊ ၀ိုင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင် အကြံပေးမှုတွေ လုပ်ရတာ၊ စားပွဲထိုး တွေရဲ့ အလုပ်ကို ခြုံငုံ ကြီးကြပ်ရတာတို့ပါပဲ။ အဲဒီ တာဝန်တွေကို နိစ္စဓူဝ ကျွမ်းကျင်လိမ်မာစွာ သူလုပ်တယ်။ သူ့ရဲ့ အထူးတာဝန် နောက်တစ်ခုကတော့ စားသောက်ဆိုင် ပိုင်ရှင်ရဲ့ အခန်းကို နေ့စဉ် ညစာ သွားပို့ရတာပါပဲ။

“ခြောက်ထပ်မှာ ဆိုင်ရှင်ရဲ့ ကိုယ်ပိုင်အခန်း ရှိတယ်လေ….”

မွေးနေ့ရှင် မိန်းကလေးက ပြောတယ်။

“အိမ်ခန်းလိုလို ရုံးခန်းလိုလိုပါပဲဟာ”

ကျမတို့ရဲ့ အသက်(၂၀)ပြည့် မွေးနေ့တွေ အကြောင်း သူနဲ့ကျမ တနည်းနည်းနဲ့ စကားစပ်ဖြစ်ခဲ့ကြတယ်။ ကျမတို့ တစ်ဦးချင်းစီအတွက် ဘယ်လို နေ့မျိုး ဖြစ်ခဲ့တယ် ဆိုတာကိုပေါ့။ လူအများစုဟာ သူတို့ရဲ့ (၂၀)ပြည့် မွေးနေ့တွေကို မှတ်မိ တတ်ကြပါတယ်။ သူ့အသက် (၂၀)ပြည့် မွေးနေ့ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖြစ်ခဲ့တာပေါ့။

“ဆိုင်ပိုင်ရှင်ဟာ သူ့ဆိုင်မှာ ဘယ်တုန်းကမှ မျက်နှာ မပြခဲ့ဖူးဘူးဟ၊ သူ့ကို မြင်ဖူးတဲ့ လူဆိုလို့ မန်နေဂျာ တစ်ယောက်ပဲ ရှိတယ်၊ သူတစ်ယောက်ထဲပဲ လုပ်ရ တဲ့ သီးသန့် တာဝန်က ဆိုင်ရှင်ကို ညစာ သွားပို့ရတာလေ၊ တခြား ဘယ် အလုပ်သမားမှ ဆိုင်ရှင်ဟာ ဘယ်လို ပုံပန်း ရှိတယ်ဆိုတာ မသိကြဘူး”

“ဒါဆို အဲဒီဆိုင်ရှင်က သူ့ဆိုင်ကချက်တဲ့ ညစာကို သူ့ပြန်ပို့ခိုင်းနေတာ ဆိုပါတော့ … ”

“အင်းပေါ့၊ ညတိုင်း (၈)နာရီထိုးပြီဆိုရင် မန်နေဂျာက သူ့အခန်းကို ညစာ သွား ပို့ရတော့တာပဲ၊ အဲဒီအချိန်က ဆိုင်မှာ အလုပ် အရှုပ်ဆုံး အချိန်လဲ ဖြစ်နေတော့ အဲလိုကြီး မန်နေဂျာ ပျောက် ပျောက်သွားတာ ငါတို့ အတွက် ပြဿနာ တစ်ခုပဲဟာ၊ ဒါပေမယ့် တခြားနည်းလမ်းလဲ မရှိ ဘူးလေ၊ ဒါက ဒီလိုပဲ လုပ်နေကျကိုး၊ ညစာကို သူတို့ ဟိုတယ်တွေမှာ room service အတွက် သုံးလေ့ရှိတဲ့ တွန်းလှည်း တစ်ခုခုပေါ် တင်မယ်၊ မန်နေဂျာက အဲဒီလှည်းကို ဓာတ်လှေကားပေါ် တွန်းသွားရင်းနဲ့ မျက်နှာကိုပါ ရိုရိုကျိုးကျိုး ဖြစ်နေအောင် တစ်ခါတည်း ပုံပြောင်းသွားမယ်၊ (၁၅)မိနစ်ကြာရင် လက်ဗလာနဲ့ ပြန်လာမယ်၊ နောက် တစ်နာရီကြာရင် သူ ပြန်တက်သွားပြီး ပန်းကန် ခွက်ယောက် အလွတ်တွေ ပြန်သယ်လာမယ်၊ နာရီ လည်သလို နေ့တိုင်းပဲ၊ ပထမဆုံး စတွေ့တုန်းကတော့ တော်တော်လေး ထူးခြားတဲ့ ကိစ္စပဲလို့ ငါတွေးခဲ့မိတယ်၊ ဘာသာရေးနဲ့ ဆိုင်တဲ့ ဓလေ့ တစ်ခုခုကို လုပ်နေတဲ့အတိုင်းပဲ သိလား၊ နောက် ကြာလာတော့လဲ ရိုးသွားတာပါပဲ၊ အဲလိုမျိုးလဲ ထပ် မတွေးဖြစ်တော့ပါဘူး”

ဆိုင်ရှင်က အမြဲ ကြက်သားနဲ့ပဲ စားတယ်။ ချက်ပုံ ချက်နည်းနဲ့ ဟင်းသီးဟင်းရွက် ဟင်းရံပွဲတွေသာ နေ့စဉ်နဲ့ အမျှ နည်းနည်း ကွာသွားမယ်။ ပင်တိုင် ဟင်းကတော့ ကြက်သားပဲ။ စားဖိုမှူး အငယ်တစ်ယောက်က သူ့ကို တစ်ခါပြောဖူးတယ်။ ဘာများဖြစ်လာမလဲဆိုတာ သိချင်လို့ ကြက်သားရို့စ် တစ်မျိုးထဲကိုပဲ တစ်ပတ် တိတိ သူနေ့တိုင်း စမ်းပို့ ကြည့်ဖူးသတဲ့။ ဒါပေမယ့် ဘာ တိုင်သံ တောသံမှ ထွက်မလာခဲ့ဘူး ဆိုပဲ။ စားဖိုမှူးတိုင်းကတော့ ဘာကိုမဆို ခြားနားတဲ့ နည်းလမ်းတွေနဲ့ စီမံချင် ကြတာ ချည်းပဲပေါ့။ စားဖိုမှူး တစ်ယောက်စီဟာ သူတွေးလို့ ကြံလို့ ရသလောက် နည်းမျိုးစုံနဲ့ ကြက် သားဟင်းကို (ကိုယ့်အစွမ်းကိုယ် စိန်ခေါ်ကြည့်တဲ့ သဘောမျိုး) စီမံ ချက်ပြုတ် ကြည့်ခဲ့ကြတယ်။ တန်ဖိုးကြီး အဆင့်မြင့် ဆော့စ်တွေ သုံးတာမျိုး၊ အသား သွင်းတဲ့ အ၀ယ်တော် ပေါင်းစုံဆီက ကြက်အမျိုး ပေါင်းစုံ ပြောင်း သုံးကြတာမျိုး စသဖြင့်ပေါ့။ ဒါပေမယ့်လည်း သူတို့ ကြိုးစားသမျှဟာ ဘာမှ ထူးခြား မလာခဲ့ပါဘူး။ ကျောက်ဂူ အလွတ်တစ်ခုထဲကို ကျောက်စရစ် ခဲလေးတွေ ပစ်ပစ် ထည့်နေကြသလို ပေါ့လေ။ နောက်ဆုံးတော့ အားလုံး လက်လျှော့ပြီး ဆိုင်ရှင့်ဆီကို ပုံမှန် ကြက်သားဟင်းလျာ တစ်မျိုးထဲပဲ နေ့စဉ် ပို့ကြရတော့တယ်။ သူတို့ ဆီက မှာတာ ဆိုလို့လဲ ဒါလေးပဲဟာကိုး။

နိုဝင်ဘာလ (၁၇)ရက်။ သူ့အသက် (၂၀)ပြည့် မွေးနေ့ဖြစ်တဲ့ အဲဒီနေ့မှာလဲ လုပ်ငန်းခွင်ဟာ ထုံးစံအတိုင်း စပြီး အသက် ၀င်လာ တယ်။ နေ့လည် တည်းက ရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့ မိုးဟာ ညနေခင်း အစောပိုင်းမှာ ဆက်တိုက် ရွာလာပါတော့တယ်။ ညနေ(၅)နာရီမှာ မန်နေဂျာက အလုပ် သမားအားလုံးကို စုပြီး အဲဒီနေ့အတွက် အထူး ဟင်းလျာတွေကို ရှင်းပြတယ်။ စားပွဲထိုးမယ့် သူတွေကို မီနျူး ကတ်ပြားတွေ ပေးမကိုင်တဲ့ အတွက် အဲဒီ အချက်တွေကို တစ်ခုချင်း သေချာ မှတ်သား ထားရတယ်။ မီလန်ဗီးလ် (veal)၊ ငါး သေတ္တာနဲ့ ဂေါ်ဖီ pasta၊ သစ်အယ်သီးနဲ့ မလိုင် အချိုပွဲ စတာ တွေပေါ့။ တစ်ခါ တစ်လေမှာတော့ မန်နေဂျာက စားသုံးသူ ဖက်က မေးနိုင်တဲ့ မေးခွန်းတွေ စမ်း မေးကြည့်တာမျိုး လုပ်တတ်တယ်။ အဲဒါ တွေအပြီးမှာ အလုပ်သမားတွေကို ညနေစာ ကျွေးပါတယ်။ ဒီစားသောက်ဆိုင်ရဲ့ စားပွဲထိုးတွေ အနေနဲ့ လူတွေ နားရပ်ပြီး သူတို့ မှာတာတွေကို နား ထောင်နေတုန်းမှာ ဗိုက်ထဲက တဂြီဂြီ ဖြစ်မနေသင့်ဘူး မဟုတ်လား။

ညနေ(၆)နာရီမှာ စားသောက်ဆိုင် တံခါးတွေ စဖွင့်တယ်။ ဒါပေမယ့် မိုးကလဲ မစဲသေးတဲ့တော့ လူအလာကျဲပြီး တချို့ သီးသန့် စာရင်းပေးထားတဲ့ စားပွဲ တွေတောင် cancel ဖြစ်ကုန်တယ်။ အမျိုးသမီးတွေဟာ မိုးကြောင့် သူတို့ ၀တ်ကောင်း စားလှတွေ ပျက်စီးကုန်မှာ မလိုလားဘူးလေ။ မန်နေဂျာဟာ နှုတ်ခမ်း တင်းတင်းစေ့ လမ်းလျှောက်နေပြီး စားပွဲထိုးတွေကတော့ ဆား၊ ငရုတ်ကောင်း စတဲ့ ပုလင်းတွေကို အ၀တ်နဲ့ သုတ်သူသုတ်၊ စားဖိုမှူးနဲ့ ချက်ရေး ပြုတ်ရေးအကြောင်း ပြောသူပြောနဲ့ အချိန်ဖြုန်း နေကြတယ်။ သူကတော့ စားသောက်ခန်းထဲ ထိုင်နေတဲ့ တစ်တွဲ တည်းသော စုံတွဲကို စောင့်ကြည့်နေရင်း မျက်နှာကျက် စပီကာတွေထဲက သိုသို သိပ်သိပ် စီးထွက်လာနေတဲ့ စန္ဒရား အသားပေး ဂီတသံကို နား ထောင်နေတယ်။ ဆောင်းနှောင်းမိုးရဲ့ နက်ရှိုင်းတဲ့ ရနံ့ တစ်မျိုးဟာ စားသောက်ဆိုင်ထဲကို သူ့နည်း သူ့ဟန်နဲ့ တစိမ့်စိမ့် ၀င်လာနေလေရဲ့။

အဲဒီနေ့ ညနေ(၇)နာရီခွဲပြီးနောက်မှာ မန်နေဂျာ စပြီး နေမကောင်း ဖြစ်ပါတော့တယ်။ ကုလားထိုင် တစ်လုံးပေါ် ကမန်းကတန်း ထိုင်ချလိုက်ပြီး သူ့ ဗိုက်ကို လက်နဲ့ဖိရင်း ခဏငြိမ်နေတယ်။ သူ့ပုံစံက ရုတ်တရက်ကြီး ဗိုက်ကို သေနတ်နဲ့ အပစ် ခံလိုက်ရသလိုပဲ။ နဖူးထိပ်မှာ ချွေးတွေ သီးလာရင်းက “ငါ ဆေးရုံသွားရင် ကောင်းမယ် ထင်တယ်”လို့ ရေရွတ် လိုက်တယ်။ သူ့အတွက်တော့ ဆေးကု ယူရလောက်တဲ့ ပြဿနာဆိုတာ အရင်က မဖြစ်ခဲ့ ဖူးတဲ့ ကိစ္စတစ်ခုပါပဲ။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် သူဒီဆိုင်မှာ အလုပ် စ၀င်ကတည်းက တစ်ရက်မှ မပျက်ခဲ့ဘူး။ အဲလို နေထိုင် မကောင်းဖြစ်လို့၊ ထိခိုက် အနာတရဖြစ်လို့ အလုပ် ပျက်ကွက်တာမျိုး မရှိခဲ့ဖူးတာဟာလည်း မန်နေဂျာ့ အတွက် ဂုဏ်ယူစရာ နောက်တစ်ချက်ပေါ့။ ဒါပေမယ့် ခုလို နာကျင် ရှုံ့မဲ့နေပုံအရ သူ့ အခြေအနေဟာ အတော် ဆိုးနေတယ်လို့ ပြောလို့ရတယ်။

မွေးနေ့ရှင် မိန်းကလေးက ထီး တစ်ချောင်းဆွဲ အပြင်ထွက်ပြီး တက္ကစီ တစ်စီး တားလာတယ်။ နောက် စားပွဲထိုးတစ်ယောက်က မန်နေဂျာကို မြဲမြဲတွဲ
ကား ပေါ်ဆွဲတင်ပြီး အနီးဆုံး ဆေးရုံတစ်ရုံကို ပို့ဖို့လုပ်တယ်။ ကားထဲ မ၀င်ခင်မှာ မန်နေဂျာက အသံ အစ်အစ်နဲ့ သူ့ကို မှာတယ်။

“(၈)နာရီမှာ အခန်း နံပါတ် (၆၀၄)ကို မင်း ညစာ သွားပို့ပေးပါ၊ မင်းလုပ်ရမှာက တံခါးဘဲလ်ကို နှိပ်ပြီး ‘ဒီမှာ ညစာရပါပြီ’လို့ပြော၊ ပြီးရင် ထားခဲ့ လိုက်ရုံပဲ”

“အခန်းနံပါတ် (၆၀၄)နော်”လို့ သူ သေချာအောင် ပြန် မေးလိုက်တယ်။

“(၈)နာရီ” မန်နေဂျာက ထပ်မှာတယ်။ “တိတိ” မျက်နှာကို နောက် တစ်ခေါက် ထပ်မဲ့ရင်း ကားထဲ ၀င်အပြီးမှာ တက္ကစီဟာ ထွက် သွားတော့တယ်။ မန်နေဂျာ ထွက်သွားပြီးတဲ့နောက်လည်း မိုးက တိတ်မယ့် လက္ခဏာ မပြသေးဘူး။ လူအလာကလဲ ကျဲနေဆဲပဲ။ တစ်ချိန်မှာ စားပွဲ တစ်ဝိုင်း နှစ်ဝိုင်းပဲ လူကျနေတယ်။ ဒီတော့ မန်နေဂျာ တစ်ယောက်နဲ့ စားပွဲထိုး တစ်ယောက်သာ ပျက်ကွက် ချင်တယ်ဆိုရင် အခုအချိန်ဟာ အကောင်းဆုံးအချိန်လို့ ဆိုရမယ်။ ဆိုင်မှာ တကယ်တမ်းသာ အလုပ်များကြပြီ ဆိုရင် တစ်ဆိုင်လုံး ရှိသမျှ အလုပ်သမား အားလုံးနဲ့ တောင် မနိုင်မနင်း ဖြစ်တတ် ကြတာ မျိုးကိုး။

ည(၈)နာရီမှာ ဆိုင်ရှင် အတွက် အသင့်ပြင်ပြီးသား ညစာကို တွန်းလှည်းလေးနဲ့ တင်ပြီး ခြောက်ထပ်ကို ဓာတ်လှေကားနဲ့ တက်ခဲ့တယ်။ ညစာကတော့ ရိုးရိုး ပုံမှန်ပါပဲ။ ဖော့ဆို့ ပြန်ဆို့ပေးထားတဲ့ ၀ိုင်နီ ပုလင်းတစ်ဝက်ရယ်၊ ကော်ဖီတစ်အိုးရယ်၊ ကြက်သားဟင်းပွဲနဲ့ ဟင်းသီး ဟင်း ရွက် ပြုတ်ရယ်၊ ပေါင်မုန့်နဲ့ ထောပတ် ရယ်ပါပဲ။ ဓာတ်လှေကား ကျဉ်းကျဉ်းလေးထဲ ကြက်သားဟင်းနံ့လေးလေးက ခဏချင်း ပျံ့နှံ့သွားပြီး မိုးနံ့ နဲ့ ရော သွား တော့တယ်။ ဓာတ်လှေကား ကြမ်းပြင်မှာ မျဉ်းစက်တွေ ချထားသလို မိုးစက်တွေကို တွေ့ရပုံအရ စိုနေတဲ့ ထီးနဲ့ တစ်ယောက်ယောက် ဟာ ဒီ ဓာတ်လှေကားကို မကြာသေးခင်ကမှ စီးသွားခဲ့ပုံပဲ။

စင်္ကြန်တစ်လျှောက် လှည်းကို တွန်းသွားရင်းက (၆၀၄)လို့ေ ရးထားတဲ့ အခန်း ရှေ့အရောက်မှာ သူ ရပ်လိုက်တယ်။ စိတ်ထဲမှာ နှစ်ခါပြန် စစ် လိုက်တယ် – ၆၀၄ – ဟုတ်တယ်၊ ဒီအခန်းပဲ။ တစ်ချက် လည်ချောင်း ရှင်းလိုက်ပြီး တံခါးဘေးက ဘဲလ်ကို နှိပ် လိုက်တော့ ဘာသံမှ ပြန်ပေါ်မလာဘူး။ စက္ကန့်(၂၀)လောက် သူရပ်နေရင်း ဘဲလ်ကို နောက် တစ်ခေါက် ထပ် နှိပ်ကြည့်ဖို့ စဉ်းစားနေတုန်းမှာပဲ တံခါးဟာ အတွင်းဖက်ကို ပွင့်သွားပြီး ပိန်ပိန် ပါးပါး အဖိုးအို တစ်ယောက် ပေါ်လာတယ်။ အဲဒီ လူဟာ သူ့ထက် အရပ်ပိုပုတယ်။ မသကာ ၄-၅ လက်မ လောက်တော့ ပုမယ့်ပုံပဲ။ ခပ်မှိုင်းမှိုင်း ၀တ်စုံနဲ့ လည် စီးနဲ့။ အတွင်းက ရှပ် အင်္ကျီ ဖြူအောက်ခံမှာ ၀ါညိုညိုနဲ့ သစ်ရွက် ခြောက်ရောင် လည်စီးဟာ ထင်းနေတယ်။ လူ ပုံစံကတော့ တော်တော် သန့်ရှင်း သပ်ယပ်နေတယ်။ အ၀တ်တွေကို သေချာ မီးပူတိုက်ထားပြီး ဆံပင် ဖြူဖြူတွေကို ဖီးသင် ထားပုံဟာ ခုညမှာတင်ပဲ တစ်နေရာ ရာက တွေ့ဆုံပွဲ တစ်ခုကို သွားတော့မယ့် အတိုင်းပါပဲ။ မျက်ခုံးတွေ တ၀ိုက် ချိုင့်ဝင်သွားတဲ့ အရေး အ ကြောင်း တွေကိုမြင်ပြီး ကောင်းကင်က ဆီး ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ ပါတဲ့ လျှိုမြောင် နက်နက်ကြီးတွေကို သူ သွားသတိရမိတယ်။

“ဆရာ့ အတွက် ညစာပါရှင်”လို့ အသံ ခပ်အက်အက်နဲ့ ပြောမိရင်း သူ့ လည်ချောင်းကို တိတ်တိတ်လေး နောက် တစ်ခေါက် ထပ် ရှင်းလိုက်မိတယ်။ စိတ် လှုပ်ရှားနေတဲ့ အခါတွေမှာ အဲ့လိုပဲ သူ့အသံဟာ အက် အက် သွားလေ့ရှိတယ်။

“ညစာ …”

“ဟုတ်ကဲ့ ဆရာ၊ မန်နေဂျာက ရုတ်တရက်ကြီး နေမကောင်း ဖြစ်လာလို့ ဒီနေ့ သူ့တာဝန်ကို ကျမ ၀င်ယူလိုက်ရတာပါ၊ ဆရာ့ အတွက် ညစာပါ …”

“အော် ဟုတ်လား”လို့ အဖိုးအိုက သူ့ကိုယ်သူ ပြန်ပြောနေသလို ပြောလိုက်တယ်။ သူ့ လက်တွေကတော့ တံခါးဘုကို ဆုပ်ထားဆဲပဲ။

“နေမကောင်း ဖြစ်သွားတယ် ဟုတ်စ …  ခုန မင်းပြောတာ”

“ရုတ်တရက် ဗိုက်ထဲက အောင့်လာလို့ ခုပဲ ဆေးရုံကို သွားပါပြီ၊ အူအတက် ရောင်တာ များလားလို့ သူ ထင်နေတယ်”

“ဟာ ဒါမကောင်းဘူး”လို့ နဖူးပေါ်က အရေး အကြောင်းတွေကို ပွတ်လိုက်ရင်း အဖိုးအိုက ပြောတယ်။

“ဒါ လုံးဝ မကောင်းဘူုး”

လည်ချောင်း ထပ်ရှင်းရင်း သူ မေးလိုက်တယ်။ “ညစာကို အထဲ ယူလာ ခဲ့ရမလားရှင့်”

“အော် အင်း ..  ဒါပေါ့ ”လို့ အဖိုးအိုက ပြောတယ်။

“အေးပေါ့၊ .. မင်းဆန္ဒ အတိုင်းပေါ့ …  ငါ့အတွက် အဆင်ပြေပါတယ်”

ကျမဆန္ဒအတိုင်း …  ပြောပုံက အဆန်းပါလား။ ကျမရဲ့ ဆန္ဒက ဘာများပါလိမ့်။

အဖိုးအိုက တံခါးကို အပြည့် ဖွင့်ပေးလိုက်တော့ လှည်းကလေးကို တွန်းပြီး အခန်းထဲ သူ ၀င်လာခဲ့တယ်။ ကြမ်းပြင် တလျှောက် မီးခိုး ရောင် ကော်ဇော ပါးပါး ခင်းထားတယ်။ ဖိနပ် ချွတ်စရာ နေရာတော့ မတွေ့ရဘူး။ ပထမဆုံး တွေ့ရတဲ့ အခန်းကတော့ စာကြည့်ခန်း အကြီးစားပဲ။ လူနေတဲ့ အခန်းထက် ရုံးခန်း ပုံစံမျိုး ပို ပေါက်နေတယ်။ ပြတင်းပေါက်ကနေ မနီးမဝေးက တိုကျို မျှော်စင်ကို လှမ်းမြင်ရတယ်။ မျှော်စင်ရဲ့ စတီးလ် ကောက်ကြောင်းတွေကို ညရဲ့ အလင်းမှာ ထင်ထင်ရှားရှား တွေ့ရတယ်။ ပြတင်းပေါက်ဘေးမှာ စာကြည့် စားပွဲကြီးတစ်လုံး၊ ဆိုဖာ အသေးတစ်လုံးနဲ့ love seat တစ်ခုံ ရှိနေ တယ်။ ဆိုဖာရှေ့က ပလတ် စတစ်ခင်း ကော်ဖီ စားပွဲဖက်ကို အဖိုးအိုက ညွှန်ပြလိုက်လို့ အဲဒီစားပွဲပေါ်မှာပဲ ညစာကို သူပြင်လိုက်တယ်။ လက် သုတ် ပုဝါအဖြူနဲ့ ငွေထည် အသုံး အဆောင်တွေ၊ ကော်ဖီအိုးနဲ့ ကော်ဖီခွက်၊ ၀ိုင်နဲ့ ၀ိုင်ဖန်ခွက်၊ ပေါင်မုန့်နဲ့ ထောပတ်၊ ကြက်သားဟင်းနဲ့ ဟင်းသီးဟင်းရွက် ပန်းကန်တွေ။

“ဆရာ စားသောက်ပြီးရင် ပန်းကန်တွေကို ကျေးဇူးပြုပြီး ခါတိုင်းလို ခန်းမအပြင်ဖက် ထုတ်ထား ပေးနိုင်မလားရှင့်၊ နောက်တစ်နာရီမှာ ကျမ ပြန်လာ သိမ်းပါ့မယ်”

သူ့ ညစာသူ သဘောကျသလို အတွေးနက်နေပုံရတဲ့ အဖိုးအို ပြန်သတိဝင်လာတယ်။ “အော် အင်း.. ဒါပေါ့ ..  ကျုပ် ခန်းမ အပြင် ဖက် ပြန် ထုတ် ပေးထားမယ်၊ တွန်း လှည်းပေါ်မှာ၊  နောက် တစ်နာရီ ၊ မင်းဆန္ဒအတိုင်း .. ”

ဟုတ်ကဲ့လို့ သူ့ စိတ်ထဲက ကြိတ် ပြောလိုက်တယ်။ လောလော ဆယ်တော့ ကျမ ဆန္ဒက အဲဒီ အတိုင်းပါပဲ။

“ဆရာ့ အတွက် ကျမ တစ်ခုခု လုပ်ပေး နိုင်တာများ ရှိပါသေးလားရှင်”

“မရှိ လောက်တော့ပါဘူး”လို့ ခဏ စဉ်းစားပြီး အဖိုးအိုက ပြန်ပြောတယ်။ သူ ၀တ်ထားတဲ့ အနက်ရောင် ဖိနပ်တွေဟာ အပြောင်လက်ဆုံး တိုက် ချွတ် ထားပုံရပြီး ခပ်သေးသေးနဲ့ ခေတ်ဆန်ဆန် ခပ်ကြော့ကြော့ပါပဲ။ ၀တ်စား ထားပုံကတော့ စတိုင် အပြည့်ပဲလို့ သူ တွေးမိတယ်။ ရပ်နေပုံကလဲ အသက်သာ ကြီးတယ်၊ ခပ်မတ်မတ်ပဲ။

“ကောင်းပါပြီဆရာ၊ ကျမ အလုပ်ပြန်ဝင်လိုက်ပါဦးမယ်”

“အော် ခဏလောက် စောင့်ပါဦး”

“ရှင်…”

“မင်းရဲ့ အချိန် (၅)မိနစ်လောက် ကျုပ်ကို ပေးနိုင်မယ်လို့ ထင်သလား မိန်းကလေး၊ ကျုပ်မှာ မင်းကို ပြောချင်တာ တစ်ခု ရှိနေတယ်”

တောင်းဆိုပုံက သိမ်မွေ့ လွန်းလို့ သူ နည်းနည်းတောင် ရှက် အမ်းအမ်း ဖြစ်သွားတယ်။

“ဟုတ်ကဲ့၊ ရလိမ့်မယ် ထင်ပါတယ်”လို့ သူပြန်ဖြေလိုက်တယ်။

“တကယ်လို့ (၅)မိနစ် လောက်ပဲ ဆိုရင်ပေါ့”

တကယ်တော့ အဖိုးအိုဟာ သူ့ အလုပ်ရှင်ပဲ။ သူတို့ လုပ်ခတွေကို နာရီနဲ့ တွက်ပြီး ပေးနေတာဆိုတော့ ဒါ မေးစရာတောင် မလိုတဲ့ ကိစ္စပဲလေ။ ပြီးတော့ ဒီအဖိုး အိုကို ကြည့်ရတာ သူ့ကို တစ်ခုခု ဆိုးဆိုး ၀ါးဝါး လုပ်မယ့်ပုံလဲ မပေါ်ပါဘူး။

“စကားမစပ် မင်းအသက် ဘယ်လောက်ရှိပြီလဲ”လို့ စားပွဲနားမှာ မတ်မတ်ရပ် လက်ပိုက်ထားတဲ့ အဖိုးအိုက သူ့ကို တည့်တည့် စိုက်ကြည့် ရင်း မေးလိုက်တယ်။

“အခု ကျမ အသက်(၂၀)ပါရှင့်”

“အခု အသက်(၂၀)” အက်ကြောင်း တစ်ခုခုကို စူးစိုက် ကြည့်သလိုမျိုး သူ့ မျက်လုံးတွေကို ကျဉ်းပစ် လိုက်ရင်း အဖိုးအိုက ထပ်ပြောတယ်။

“အခု အသက်(၂၀)ပြည့်ပြီ။ ဘယ်တုန်း ကတည်းကလဲ”

“အခု လောလောဆယ် ပြည့်တာပါ…”

ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူဆက်ပြောလိုက်တယ်။

“ဒီနေ့က ကျမ မွေးနေ့ပါဆရာ”

“ဒီလိုကိုး … ” အတော်ကြီး ရှင်းလင်း သွားပုံနဲ့ သူ့ မေးစေ့ သူပွတ်ရင်း အဖိုးအိုက “ဒီနေ့ .. ဟုတ်လား … ဒီနေ့ဟာ မင်းအသက်(၂၀)ပြည့် မွေးနေ့ ..”

တိတ်တဆိတ်ပဲ သူ ခေါင်းညိတ် ပြလိုက်တယ်။

“လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက ဒီနေ့မှာ ဒီကမ္ဘာကြီးထဲ မင်းဘ၀ စခဲ့တာပေါ့”

“ဟုတ်ကဲ့ဆရာ။ အဲဒါ အမှန်ပါပဲ”

“သိပြီ။ သိပြီ။” အဖိုးအိုက ပြောတယ်။ “ဒါ သိပ်ကောင်းတာပေါ့၊ အေးကွယ်၊ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ ..”

“ကျေးဇူး အများကြီး တင်ပါတယ်ရှင်”လို့ ပြောလိုက်ရင်း တစ်နေ့လုံးမှာ သူ့အတွက် ပထမဆုံး ကြားလိုက်ရတဲ့ မွေးနေ့ ဆုတောင်းပါလား ဆိုတဲ့ အတွေးက လက်ကနဲ ဖြာကျတယ်။ တကယ်လို့သာ သူ့ မိဘတွေက အိုအိုက်တာ(Oita)ကနေ ဖုန်း လှမ်းဆက်ခဲ့ရင်တော့ သူ အိမ်ပြန်ရောက်လို့ answering machine ဖွင့်လိုက်ရင် တစ်ခုခု ကြားရဦးမှာပေါ့။

“အေးကွ။ ဒါဟာ အခမ်းအနားလေး တစ်ခု ကျင်းပဖို့ အကောင်းဆုံး အကြောင်းရင်းပဲ”လို့ အဖိုးအိုက ပြောလိုက်တယ်။ “ဆုတောင်း သောက်ပွဲလေး တစ်ခုဆို ဘယ့်နှယ်လဲ … ကျုပ်တို့ ဒီဝိုင်နီကို သောက်လိုက်လို့ ရတယ်…”

“ကျေးဇူးပါပဲ ဆရာရယ်။ ဒါပေမယ့် မဖြစ်သေးပါဘူး။ အခုကျမက အလုပ် ဆင်းနေတာ ဆိုတော့”

“အောင်မလေး၊ တစ်ခွက် တစ်ဖလား လောက်နဲ့များ ဘာ သွား ထိခိုက်နိုင်လို့လဲဗျာ။ ကျုပ်ကသာ ပြဿနာ မရှိပါဘူးဆိုရင် ဘယ်သူကမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။ အခမ်းအနားလေး အတွက် အမှတ်တရ သောက်ပွဲလေး သက်သက်ပါ …”

အဖိုးအိုက ဖော့ဆို့ကို ဆွဲဖြုတ်ပြီး ပုလင်းထဲက ၀ိုင်နည်းနည်းကို မိန်းကလေးအတွက် ငှဲ့လိုက်တယ်။ ပြီးတော့ မှန်တံခါးတပ် ကက်ဘိနက်ထဲက ရိုးရိုး ရေခွက်တစ်ခွက်ထုတ်ပြီး သူ့ အတွက်သူ ၀ိုင်နည်းနည်း ထည့်လိုက်တယ်။

“ပျော်ရွှင်စရာ နေမွးနေ့ ဖြစ်ပါစေ” အဖိုးအိုက ပြောတယ်။ “ကြွယ်ဝပြီး အကျိုးဖြစ်ထွန်းတဲ့ ဘ၀တစ်ခုမှာ မင်းနေနိုင်ပါစေ။ အဲဒီဘ၀ကိုလဲ ဘယ်လို အရိပ် မည်း မျိုးမှ မထိုးပါစေနဲ့…”

သူတို့ ဖန်ခွက်ချင်း ချွင်ကနဲ ထိလိုက်ကြတယ်။

ဘယ်လို အရိပ်မည်းမျိုးမှ အဲဒီ အပေါ် မထိုးပါစေနဲ့။ အဖိုးအိုရဲ့ မှတ်ချက်ကို သူ့ စိတ်ထဲမှာ တိတ်တိတ်လေး ထပ်ကျော့မိတယ်။ ဘာကြောင့်များ အဲ လောက် သမားရိုးကျ မဟုတ်တဲ့ စကားလုံးတွေကို သူ့ မွေးနေ့ ဆုတောင်းအတွက် ရွေးခဲ့ရပါလိမ့်။

“မင်းရဲ့ အသက်(၂၀)ပြည့် မွေးနေ့ဟာ တစ်သက်မှာ တစ်ခါပဲ လာတယ် မိန်းကလေး၊ အစားထိုးလို့ မရတဲ့ နေ့တစ်နေ့ပဲ..”

“ဟုတ်ကဲ့ဆရာ… ကျမ သိပါတယ်” ၀ိုင်ကို သတိနဲ့ တစ်ငုံငုံလိုက်ရင်း သူ ပြန်ပြောလိုက်တယ်။

“ပြီးတော့ ခုလို မင်းရဲ့ အထူးနေ့မှာ ဒဏ္ဍာရီထဲက ကြင်နာတတ်တဲ့ နတ်သမီးလေး တစ်ပါးလို ဒုက္ခခံပြီး ကျုပ်ဆီကို ညစာ လာပို့တယ်”

“ဒါ ကျမရဲ့ ၀တ္တရားပါ ဆရာ”

“မဟုတ်သေးဘူးလေ၊ အဲလိုလဲ မဟုတ်သေးဘူး” အဖိုးအိုက ခေါင်းကို ခပ်သွက်သွက် ခါလိုက်တယ်။

ပြီးတော့ စာကြည့်စားပွဲနားက သားရေကုလားထိုင်ပေါ် ထိုင်လိုက်ပြီး သူ့ကို ဆိုဖာဖက် ညွှန်လိုက်တယ်။ ၀ိုင်ဖန်ခွက်ကို လက်ကကိုင်ရင်း ဆိုဖာ အစွန်းပေါ် မ၀ံ့မရဲ သူ ထိုင်ချလိုက်တယ်။ သူ့စကပ် အနားစကို သပ်၊ ဒူးနှစ်ဖက်ကို စေ့ရင်းက လည်ချောင်း ထပ် ရှင်းမိပြန်တယ်။ ပြတင်း မှန်ပေါ်မှာ မိုးစက်တွေ တလိမ့်လိမ့် စီးကျနေတယ်။ အခန်းထဲ မှာတော့ ထူးဆန်းစွာ တိတ်ဆိတ် နေလေရဲ့။

“ဒီနေ့ဟာ မင်းရဲ့ အသက်(၂၀)ပြည့်မွေးနေ့ ဖြစ်နေတယ်၊ ဒါ့အပြင် ဟောဒီ နှစ်သက်စရာ နွေးထွေးတဲ့ ညစာကိုလဲ ကျုပ်ဆီကို မင်းယူလာတယ်”လို့ လက်ရှိ အခြေအနေကို ထပ်ပြီး သေချာစေသလိုမျိုး အဖိုးအိုက ပြောလိုက်တယ်။ ပြီးတော့ သူ့ဖန်ခွက်ကို စားပွဲပေါ် ဒေါက်ကနဲ တင်လိုက်ရင်း “ဒါဟာ ထူး ခြားတဲ့ တိုက်ဆိုင်မှု တစ်ခုလို့များ မထင်မိဘူးလား”

စိတ်ထဲမှာ ဝေခွဲရခက်နေပေမယ့် သူကြိုးစားပြီး ခေါင်းညိတ်ပြလိုက်တယ်။

သူ့ရော်ဝါရွက်ရောင် လည်စည်း အထုံးကို ထိလိုက်ရင်း အဖိုးအိုက ဆက် ပြောလိုက်တယ်။ “မင်းကို မွေးနေ့ လက်ဆောင် တစ်ခုပေးဖို့ ကျုပ်အတွက် အရေး ကြီးတယ်လို့ တွေးမိတယ်။ အထူး မွေးနေ့တစ်ခုဟာ အထူး ဂုဏ်ပြု လက်ဆောင်တစ်ခုကို တောင်းဆိုတယ်ဗျ”

ပျာပျာသလဲ သူ ခေါင်းခါလိုက်ရင်း “မလုပ်ပါနဲ့ ဆရာရယ်၊ ကျေးဇူးပြုပြီး ထပ်မတွေးပါနဲ့တော့၊ ကျမက သူတို့ ပြောတဲ့အတိုင်း ညစာကို ယူလာပေးရုံ သက်သက်ပါ”

အဖိုးအိုက လက်ဝါး နှစ်ဖက် ကာပြလိုက်ရင်း “မဟုတ်ဘူး မိန်းကလေး။ မင်းသာ ထပ် မတွေးပါနဲ့တော့။ ကျုပ်စိတ်ထဲမှာ ရှိနေတဲ့ ‘လက်ဆောင်’ အမျိုး အစားက ထိလို့ ကိုင်လို့ရတဲ့ အစားမျိုး မဟုတ်ဘူး။ ကျသင့် တန်ဖိုး ကပ်ထားတဲ့ အရာမျိုးလဲ မဟုတ်ဘူး။ လွယ်လွယ် ပြောရရင်တော့… ” သူ့ လက်တွေကို စားပွဲပေါ် တင်ပြီး ဖြည်းဖြည်းနဲ့လေးလေး အသက် တစ်ချက်ရှူလိုက်ရင်း “မင်းလို ချစ်စရာ နတ်သမီး ပျိုလေး တစ်ပါးကို ကျုပ် လုပ်ပေးချင်တာက မင်း အလိုရှိရာ ဆုတစ်ခုကို တောင်းစေပြီး အဲဒီ ဆုတောင်းကို ပြည့်အောင် လုပ်ပေးဖို့ပဲ၊ ဘယ်လို ဆုမျိုး တောင်းတောင်း၊ ကြိုက်တဲ့ ဆုသာ တောင်းပေရော့”

“ဆုတစ်ခု တောင်းရမယ်… ” လို့ မေးလိုက်ရင်း သူ့ လည်ချောင်းတွေ ခြောက်သွေ့ လာတယ်။

“မင်း ဖြစ်ချင်တာ တစ်ခုခုပေါ့ မိန်းကလေးရဲ့။ မင်းမှာ တောင်းချင်နေတဲ့ ဆုတစ်ခု၊ တစ်ခု ထဲနော်၊ အဲသလိုသာ ရှိမယ်ဆိုရင် အဲဒီ ဆုတောင်းကို ကျုပ်က ပြည့်အောင် လုပ်ပေးမယ်၊ ဒါဟာ ကျုပ်ပေးနိုင်တဲ့ မွေးနေ့ လက်ဆောင် အမျိုးအစားပဲ၊ ဒါပေမယ့် အဲဒါကို မင်း အနေနဲ့ သေချာ စဉ်းစား ဖို့တော့ လိုလိမ့်မယ်နော်၊ ဘာလို့လဲဆိုတော့ ကျုပ်က တစ်ခုထဲပဲ လုပ်ပေးနိုင်မှာ မို့လို့ပဲ” အဖိုးအိုက လက်ချောင်း တစ်ချောင်း ကို လေထဲ မြှောက်ပြ လိုက်ရင်း “တစ်ခုထဲပဲ …  ပြီးတော့မှ မင်း စိတ်ပြောင်းသွားပြီး ပြန်ပြင် ချင်လို့တော့ မရဘူးဗျ … ”

သူ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ် ကျသွားတယ်။ တောင်းဆုတစ်ဆု …။  လေအဝှေ့မှာ ပြတင်းမှန်ကို မိုးစက်တွေ မညီမညာ လာရိုက်တယ်။ သူ ငိုင်နေတဲ့ တစ်ချိန်လုံး အဖိုးအိုဟာ ဘာမှမပြောပဲ သူ့ မျက်လုံးတွေထဲကိုပဲ စိုက်ကြည့် နေခဲ့တယ်။ အချိန်ရဲ့ မညီမညာခုန်နှုန်းတွေဟာ သူ့နားထဲကို လာ လာ ရိုက်နေလေရဲ့။

“ကျမ ဆုတစ်ခုခု တောင်းရမယ်၊ ပြီးတော့ အဲဒီ ဆုတောင်းဟာလဲ ပြည့်မယ်၊ အဲလိုလား …”

စားပွဲပေါ်မှာ လက်နှစ်ဖက်လုံး တင်ထားဆဲ အဖိုးအို ကတော့ သူ့ အမေးကို ပြန်မဖြေပဲ တစ်ချက် ပြုံးလိုက်တယ်။ အလှိုက်လှဲ အဖော်ရွေဆုံး အပြုံးမျိုး ပါပဲ။

“မင်းမှာ တောင်းစရာ ဆု တစ်ခုခု ရှိသလား မရှိဘူးလား မိန်းကလေးရဲ့”လို့ ငြင်ငြင် သာသာ မေးလိုက်တယ်။

“အဲဒါ တကယ်ကို ဖြစ်ခဲ့တာနော်”လို့ ကျမကို တည့်တည့် စိုက်ကြည့်ရင်း သူကပြောတယ်။

“ငါ ပုံပြောနေတာ မဟုတ်ဘူး”

“အင်းပါ။ ဟုတ်ပါပြီ”လို့ ကျမ ပြန်ပြောလိုက်တယ်။ သူဟာ လေထဲမှာ ပါလာတဲ့ ခပ်ကြောင်ကြောင် ဇာတ်လမ်း တစ်ပုဒ်ကို ပုံလုပ်ပြီး ပြောနေမယ့် လူစားမျိုးမှ မဟုတ်ပဲ။

“အဲဒီတော့ နင် ဆုတောင်းခဲ့လား”

သူ ကျမကို တွေပြီး စိုက်ကြည့်နေတယ်။ ခဏ ကြာတော့မှ သက်ပြင်းလေး တစ်ချက် ချလိုက်ရင်း “ငါ့ကို အထင်တော့ မမှားပါနဲ့။ ငါ့ အနေနဲ့ အဲဒီလူကို ရာ နှုန်းပြည့် အမှန်အကန် ယုံကြည် မနေခဲ့တာကတော့ သေချာတယ်။ ဆိုလိုတာကဟာ အသက် တောင်(၂၀)ပြည့်မှတော့ ငါလဲ နတ်သမီး ပုံပြင် တွေကို ယုံတဲ့ အရွယ်မှ မဟုတ်တော့တာ။ တကယ်လို့ သူသာ နောက်နေတာ ဆိုလို့ ကတော့ ငါလဲ အဲဒီ နေရာတင် ချက်ချင်း သူ့ဟာသကို သူ့ ပြန် ပေးလိုက်မလို့ပါပဲ။ သူ့ပုံစံက သပ်သပ် ရပ်ရပ် ကျစ်ကျစ် လျစ်လျစ်နဲ့ မျက်လုံးထဲမှာ ရယ်မြူး ရိပ်သန်းနေတဲ့ လူအို တစ်ယောက်ပဲ။ ဒါနဲ့ သူ့ ဇာတ်လမ်းကို ဆက်ကဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ အဲဒီနေ့ဟာ ငါ့ အသက်(၂၀)ပြည့် မွေးနေ့လဲ ဖြစ်နေတယ်။ ယုံတာ မယုံတာ ခဏ ခေါက်ထားပြီး ရိုးရိုး သာမန်မဟုတ်တဲ့ အဖြစ်မျိုး တစ်ခုတော့ အဲဒီနေ့မှာ ဖြစ်ရင် ကောင်းမယ်လို့ ထင်တယ်လေ”

ဘာမှ မပြောပဲ ကျမ ခေါင်းညိတ် ပြလိုက်တယ်။

“ငါ ဘယ်လို ခံစားခဲ့ရမယ် ဆိုတာ နင် နားလည်မှာပါ။ ဘာ တစ်ခုမှ ထူးခြား မလာဘဲ ဘယ်သူကမှ မွေးနေ့ ဆုတောင်း လုပ်တာ မခံရဘဲနဲ့ ငါ့ အသက်(၂၀)ပြည့် မွေးနေ့ဟာ အပြီး သတ်တော့မှာလေ။ အဲ့လို အချိန်မှာ ငါ လုပ်နေတာဆိုလို့ တော်တယ်လီနီ (tortellini) နဲ့ အန်ချိုဗီ ဆော့စ် (anchovy sauce) တွေကို လူတွေရဲ့ စားပွဲပေါ် လိုက်ချပေးနေရတာပဲ ရှိမယ်”

ကျမ နောက်တစ်ခေါက် ထပ် ခေါင်းညိတ် ပြလိုက်တယ်။ “အေးပါ ၊ ငါနားလည်ပါတယ်”

“အဲဒီတော့ ငါ ဆုတစ်ဆု တောင်းလိုက်တယ်။”

အဖိုးအိုဟာ ဘာမှမပြောဘဲ သူ့ကိုဆက်ပြီး စိုက်ကြည့်နေခဲ့တယ်။ သူ့လက်တွေကို စားပွဲပေါ်မှာ တင်ထားဆဲ။ စားပွဲပေါ်မှာ တခြား ရှိနေ တာ တွေကတော့ စာရင်း စာအုပ်တွေလို့ ယူဆရတဲ့ ဖိုင်တွဲ အထူကြီး တချို့ရယ်၊ စာရေး ကိရိယာတချို့ရယ်၊ ပြက္ခဒိန် တစ်ခုရယ်၊ အစိမ်း ရောင် အုပ်ဆောင်းနဲ့ မီးအိမ် တစ်လုံးရယ် တို့ပါပဲ။ အဲဒါတွေ ကြားထဲမှာ အဖိုးအိုရဲ့ သေးငယ်တဲ့ လက်အစုံဟာ နောက်ထပ် စားပွဲတင် ပရိဘောဂ တစ်စုံနဲ့ တောင် တူနေသလို ထင်ရတယ်။ ပြတင်းမှန်တွေကို မိုးဟာ ဆက်ပြီး ပက်နေဆဲ။ တိုကျို မျှော်စင်ဆီက အလင်းရောင်တွေဟာ မိုးစက် တွေကြားထဲ ထိုးဖောက် ဖြာထွက်နေတယ်။

အဖိုးအိုရဲ့ နဖူးပေါ်က အစင်း ကြောင်းတွေဟာ နည်းနည်းလေး ပိုပြီး နက်သွားသလိုပဲ။ “အဲဒါ မင်းဆုတောင်းလား”

“ဟုတ်ကဲ့”လို့ သူပြန်ဖြေလိုက်တယ်။ “အဲဒါ ကျမရဲ့ ဆုတောင်းပါပဲ”

“မင်းအရွယ် မိန်းကလေး တစ်ယောက်အတွက် နည်းနည်း ထူးခြားနေသလိုပဲ”လို့ အဖိုးအိုက ပြောတယ်။ “ကျုပ်က တခြားဟာ တစ်ခုခု ကို မျှော်လင့် ထားတာ”

“တကယ်လို့ အဲဒါက မကောင်းဘူး ဆိုရင် ကျမ တခြားဆုတစ်ခုခု တောင်းလိုက်မယ်လေ”လို့ လည်ချောင်း ရှင်းလိုက်ရင်း သူပြောလိုက်တယ်။

“ကိစ္စမရှိဘူး။ ကျမ တခြား တစ်ခုခု ထပ် စဉ်းစားကြည့်မယ်”

“နိုး နိုး” သူ့လက်တွေကို လေထဲမှာ အလံလို ဝှေ့ယမ်း လိုက်ရင်းနဲ့ အဖိုးအိုက ပြောတယ်။ “အဲဒါ ဘာမှ မမှားဘူး မိန်းကလေး။ နည်းနည်း အံ့သြစရာ ကောင်းသွား ရုံလေးပါပဲ။ မင်းမှာ တခြား တစ်ခုခု မရှိဘူးလား။ ထားပါတော့ မင်း ပိုချော ပိုလှချင်တာ မျိုးတို့၊ ဥာဏ် ပိုကောင်းချင်တာ မျိုးတို့၊ ချမ်းသာ ချင်တာမျိုးတို့။ အဲလို ရိုးရိုး သာမန် မိန်းကလေး တစ်ယောက် လိုချင်မယ့် ဟာတွေ မတောင်းဘဲနဲ့ မင်း အဆင်ပြေ ပါတယ်နော် …”

သင့်တော်မယ့် စကားလုံးတွေ လိုက်ရှာဖို့ သူ အချိန်နည်းနည်း ယူလိုက်တယ်။ အဖိုးအိုက လက်တွေကို စားပွဲပေါ် ပြန်ချထားပြီး ဘာမှ မပြောပဲ စောင့်နေတယ်။

“ကျမလဲ ပိုချောပိုလှ ဥာဏ် ပိုကောင်းပြီး ချမ်းချမ်း သာသာ နေချင် တာပေါ့ ၊ ဒါပေမယ့် အဲလို ဟာတွေထဲက တစ်ခုခုသာ တကယ် ဖြစ်လာခဲ့ရင် ကျမ ဘာ ဆက်လုပ်ရမလဲ ဆိုတာ ဘယ်လိုမှ တွေးကြည့်လို့ မရဘူး၊ ကျမ ကိုင်တွယ်တတ်တာ ထက်တောင် ပိုချင်ပိုလိမ့်မယ်၊ ခုထက်ထိ ဘ၀ဆိုတာ ဘာမှန်း ကျမ သေချာ မသိသေးဘူး ၊ သူ့သဘောသဘာဝကို ကျမ နားမလည်သေးဘူး”

“အော်၊ သိပြီ” အဖိုးအိုက သူ့လက်ချောင်းတွေကို တစ်ခုနဲ့ တစ်ခု ယှက်လိုက်ပြီး ပြန် ခွာလိုက်တယ်။ “ကျုပ်သိပြီ …”

“ဒါဆို ကျမ ဆုတောင်းက အဆင်ပြေရဲ့လား”

“ပြေပါတယ်”လို့ သူပြောတယ်။ “ပြေပါတယ်၊ ဒါ့အတွက် ကျုပ်မှာ လုံးဝ ပြဿနာ မရှိဘူး”

ချက်ချင်းပဲ အဖိုးအိုဟာ လေထဲက အစက် တစ်စက်ကို စူးစူး စိုက်စိုက် လှမ်း ကြည့်လိုက်တယ်။ သူ့ နဖူးကြောတွေ ပိုရှူံ့သွားတယ်။ သူ့အတွေး တွေကို အာရုံ စိုက်နေတုန်း သူ့ ဦးနှောက်ပေါ်မှာ ပေါ်နေတဲ့ အစင်းကြောင်းတွေ များလား လို့တောင် ထင်စရာပဲ။ သူ့ကို ကြည့်ရတာ လေထဲမှာ ပေါလော မျောနေတဲ့ မြင်နိုင်စွမ်း မရှိသော အရာတစ်ခုခုကို စိုက်ကြည့် နေသလိုပါ။ အဖိုးအိုဟာ သူ့လက်နှစ်ဖက်ကို အကျယ်ကြီး ဆန့် ထုတ်လိုက်တယ်။ ကုလားထိုင်ပေါ် ထိုင်နေရာကနေ နည်းနည်း ကြွလိုက်ပြီး လက်ဖ၀ါးနှစ်ခုကို ဖြောင်းကနဲ မြည်သွားအောင် ရိုက် လိုက်တယ်။ ပြီးတော့ ကုလား ထိုင်ပေါ် ပြန်ထိုင်ပြီး သူ့ လက်ချောင်း ထိပ်လေးတွေနဲ့ မျက်ခုံးထက်က အစင်းကြောင်းတွေကို ပြန် ဖျော့ပေးနေတဲ့ပုံမျိုး ခပ်ဖြည်းဖြည်း ပွတ်သပ်နေတယ်။ ပြီးတော့မှ မိန်းကလေးဖက် လှည့်ပြီး နူးနူးညံ့ညံ့ တစ်ချက် ပြုံးပြလိုက်တယ်။

“လုပ်လိုက်ပြီ”လို့ အဖိုးအိုက ပြောတယ်။ “မင်းဆုတောင်း ပြည့်သွားပြီကွယ့်”

“ဟင်၊ ပြည့်ပြီးသွားပြီ…”

“အေး … ဘာမှ ပြဿနာ မရှိဘူး၊ မင်းရဲ့ ဆုတောင်းဟာ ပြည့် သွားခဲ့ပြီ ချစ်စရာ ကောင်းတဲ့ မိန်းကလေးရဲ့၊ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ၊ မင်းအလုပ်ကို မင်း ပြန်လို့ရပါပြီ။ တွန်းလှည်း အတွက် မပူပါနဲ့။ ကျုပ် အပြင် ပြန် ထုတ်ပေးထားမယ်”

စားသောက်ဆိုင်ကို ဓာတ်လှေကားနဲ့ သူ ပြန်ဆင်းလာခဲ့တယ်။ လက်ထဲမှာ ဘာမှမရှိတော့တဲ့ အဲဒီအချိန်မှာ သူဟာ သိသိသာသာ ကြီး ကို ပေါ့ပါး နေခဲ့ပြီး ထူးခြား ဆန်းကြယ်တဲ့ တိမ်စိုင် တစ်ခုပေါ် လမ်းလျှောက် နေရသလို မျိုးတောင် ခံစားမိတယ်။

“အဆင် ပြေရဲ့လား၊ အစ်မကို ကြည့်ရတာ အတော် ပင်ပန်းနေပုံပဲ”လို့ စားပွဲထိုး အငယ် တစ်ယောက်က သူ့ကို မေးတယ်။

သူ ခပ်ဝါးဝါး တစ်ချက် ပြုံးပြရင်း ခေါင်းခါ လိုက်တယ်။ “ဟယ် … တကယ်လား၊ ငါ ဘာမှ မဖြစ်ပါဘူး”

“ဆိုင်ရှင့် အကြောင်း ပြောပြစမ်းပါဗျာ၊ ဘယ်လိုပုံစံမျိုးလဲ … ”

“ငါလဲ မသိပါဘူးဟာ၊ သူ့ကို သေချာ မမြင်လိုက်ရဘူး”ဆိုပြီး စကားကို ခပ်မြန်မြန် ဖြတ်လိုက်တယ်။

နောက် တစ်နာရီမှာ တွန်းလှည်း သွားယူဖို့ သူ အပေါ် ပြန် တက်သွားတယ်။ ပန်းကန် ခွက်ယောက်တွေ နေရာတကျနဲ့ တွန်းလှည်းလေးဟာ ခန်းမ ထဲမှာ ရှိနေတယ်။ အုပ်ဆောင်းကို ဖွင့် ကြည့်လိုက်တော့ ကြက်သားနဲ့ ဟင်းသီး ဟင်းရွက်တွေ ကုန်သွားတာ တွေ့ရတယ်။ ၀ိုင်ပုလင်း နဲ့ ကော်ဖီအိုး ထဲမှာလဲ ပြောင်လို့။ အခန်း(၆၀၄)ရဲ့ တံခါးဟာ အသက်မဲ့စွာ ပိတ်နေလေရဲ့။ အဲဒီတံခါး ပွင့်များ ပွင့်လာနိုးနဲ့ သူ အဲဒီနားမှာ ခဏရပ်နေခဲ့မိသေးတယ်။ ဒါပေမယ့် တံခါးကတော့ ပွင့်မလာခဲ့ဘူး။ တွန်းလှည်းကို ဓာတ်လှေကားထဲ သွင်းပြီး သူ ပြန် ဆင်းလာခဲ့တယ်။ ပြီးတော့ ပန်းကန် ဆေးတဲ့နေရာကို တွန်း သွားတယ်။ စားဖိုမှူးက ခါတိုင်းလိုပဲ ပြောင်တလင်း ခါပြီး ပြန်ပါလာတဲ့ ပန်းကန်ကို ကြည့်ပြီး အမှတ်မဲ့ ခေါင်း တစ်ချက် ညိတ်တယ်။

“ဆိုင်ရှင်ကို ထပ်မတွေ့ရတော့ဘူး”လို့ သူ ဆက်ပြောတယ်။ “တစ်ခါမှကို မတွေ့တော့တာ၊ အဲဒီညက မန်နေဂျာ ဖြစ်တာကလဲ ရိုးရိုး ဗိုက် အောင့်တာပဲ ဆိုတော့ နောက်တစ်နေ့ ကစပြီး ဆိုင်ရှင်ကို ညစာပို့တဲ့ ကိစ္စကို သူပဲ ဆက်လုပ်တယ်၊ နှစ်သစ်ကူးပြီး နောက်ပိုင်းမှာ ငါလဲ အဲဒီ အလုပ်က ထွက်ခဲ့တယ်၊ အဲဒီ နောက်ပိုင်း ထပ် မရောက်တော့ဘူး။ ငါ့ စိတ်ထဲမှာ တစ်ခုခုက သတိ ပေးနေပုံမျိုး အဲဒီနားကို မသွားတာ ပိုကောင်း မယ်လို့ ခံစားရတယ်”

ဖန်ခွက်အောက်ခံ ကတ်ထူပြားလေးကို ဆော့နေရင်းနဲ့ သူ အတွေး လွန် သွားပြန်တယ်။ “တစ်ခါတစ်လေ ငါ့စိတ်ထဲမှာ အဲဒီ အသက်(၂၀)ပြည့် မွေးနေ့တုန်းက ဖြစ်ခဲ့တာတွေ အားလုံးဟာ အိပ်မက်တစ်ခုလိုပဲလို့ ထင်မိတယ်။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာ မဟုတ်ဘူးလို့ တစ် ခုခုက စိတ်ထဲမှာ လာ ပြောနေတဲ့ ပုံမျိုး။ ဒါပေမယ့် ဒါတွေ တကယ် ဖြစ်ခဲ့တယ်ဆိုတာ ငါ သေချာတယ်။ အခန်း(၆၀၄)ထဲမှာ ရှိနေတဲ့ ပရိဘောဂ အကုန် လုံးနဲ့ အသေးအဖွဲ မှန်သမျှ အားလုံးကို ပြတ်ပြတ် သားသားကြီးကို ငါ ပြန်တွေးကြည့်လို့ ရနေတယ်။ အဲဒီမှာ ဖြစ်ခဲ့တာတွေဟာ တကယ်ပဲ။ ပြီးတော့ ငါ့အတွက်လဲ အရေးကြီးတဲ့ အဓိပ္ပာယ်တစ်ခုကို ဆောင်နေတယ်”

သောက် စရာရှိတာ သောက်ရင်း ကျမတို့ နှစ်ယောက်သား ကိုယ့် အတွေးနဲ့ ကိုယ် ခဏ ငြိမ်သွားကြတယ်။

“နင့်ကို တစ်ခု မေးရင် စိတ်ဆိုးမလား”လို့ ကျမ မေးလိုက်တယ်။ “ဒါမှမဟုတ် အတိအကျ မေးရရင် နှစ်ခုဆိုပါတော့”

“မေးလေ”လို့ သူက ပြန်ပြောတယ်။ “ငါ အဲဒီတုန်းက ဘာ ဆုတောင်းခဲ့လဲလို့ မေးမလို့ထင်တယ်။ အဲဒါ နင် အသိချင်ဆုံး ကိစ္စ ဖြစ်မှာပဲ”

“ဒါပေမယ့် နင့်ကြည့်ရတာ အဲဒီ အကြောင်း ပြောပြချင်တဲ့ပုံ မပေါက်ဘူး”

“ဟုတ်လား … ”

ကျမ ခေါင်းညိတ် ပြလိုက်တယ်။

ကတ်ထူ ပြားလေးကို ပြန် ချထား လိုက်ရင်း မမြင်နိုင်တဲ့ ခပ်ဝေးဝေး နေရာတစ်ခုကို ငေးကြည့်နေသလို သူ့ မျက်ဝန်းတွေ ကျဉ်းသွားတယ်။

“ကိုယ် ဘာ ဆုတောင်းခဲ့တယ် ဆိုတာ ဘယ်သူ့ ကိုမှ ပြန် ပြောပြလို့ မရဘူး၊ သိလား”

“အေးပါဟာ၊ ငါလဲ နင့်ဆီက မရအရ ဆွဲမထုတ်ပါဘူး”လို့ ကျမ ပြောလိုက်တယ်။ “အဲဒီဆုတောင်း ပြည့်သွားလား မပြည့်သွားဘူးလား ဆိုတာကိုတော့ သိချင်သား၊ ပြီးတော့ အဲဒီဆုတောင်းဟာ ဘယ်လိုဟာမျိုးပဲဖြစ်ဖြစ် နောက်ပိုင်းမှာ နင်ရွေးခဲ့တဲ့ ဆုတောင်းအတွက် နောင်တရသွားလား၊ တခြား ဆု တစ်ခုခု မတောင်းခဲ့ရ ကောင်းလားလို့ စိတ်မကောင်း မဖြစ်မိဘူးလားလို့ပါ”

“ပထမ မေးခွန်းအတွက် အဖြေကတော့ ‘အင်း’ နဲ့ ‘ဟင့်အင်း’ ပဲ၊ ငါရှေ့ဆက်ပြီး အများကြီး နေရဖို့ ရှိသေးတယ်၊ အဆုံးသတ်မှာ အခြေအနေတွေက ဘယ်လို ဖြစ်လာမယ်ဆိုတာ မသိရသေးဘူးလေ”

“ဆိုတော့ အဲဒီ ဆုတောင်းဟာ အချိန်ယူပြီးမှ ပြည့်မပြည့် ပြောလို့ရမယ့် ဆုတောင်းမျိုးပေါ့ …”

“အင်း… ပြောလို့ရတယ်၊ အချိန်ဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါနေတယ်”

“တချို့ဟင်းတွေ ချက်သလိုပေါ့နော်”

သူခေါင်းညိတ်ပြတယ်။

ကျမ အဲဒါကို တစ်ချက် စဉ်းစားကြည့်တယ်။ ဒါပေမယ့် စိတ်ကူးထဲပေါ်လာတဲ့ တစ်ခုတည်းသော အရာကတော့ အင်မတန်ကြီးမားတဲ့ မုန့်ကြီး တစ်ခုကို မုန့်ဖုတ် စက်ထဲမှာ မီး အေးအေးနဲ့ ဖုတ်နေပုံပါပဲ။

“ဒုတိယ မေးခွန်းအတွက် အဖြေကရော”

“ထပ်မေးပါလား… ဘာပါလိမ့် …”

“အဲဒီ ဆုတောင်းအတွက် နောင်တ ရခဲ့သလား မရခဲ့ဘူးလား ဆိုတာလေ”

အဲဒီမှာ ခဏ တိတ်သွားတယ်။ ကျမကို ကြည့်နေတဲ့ သူ့ မျက်လုံးတွေထဲမှာ ဘာ အဓိပ္ပာယ်မှ မရှိတော့ သလိုပဲ။ သူ့ နှုတ်ခမ်းတွေမှာ ခြောက်သွေ့တဲ့ အပြုံး တစ်ခု ရိပ်ရိပ်ကလေး ပေါ်လာတယ်။ ဒါနဲ့ ကျမလဲ ဘာမှ ဆက်မပြောတာ ကောင်းလိမ့်မယ်လို့ သဘောရလိုက်တယ်။

“ငါ အခု အိမ်ထောင် ကျပြီးပြီ”လို့ သူပြောတယ်။ “ငါ့ထက် သုံးနှစ်ပိုကြီးတဲ့ CPA တစ်ယောက်နဲ့။ ငါ့မှာ ကလေးနှစ်ယောက် ရှိ တယ်။ ယောင်္ကျားလေး တစ်ယောက် မိန်းကလေး တစ်ယောက်။ ငါတို့မှာ Irish setter ခွေးတစ်ကောင် ရှိတယ်။ ငါမောင်းတဲ့ ကားက အော်ဒီ(Audi)။ ငါ့ မိန်းကလေး သူငယ်ချင်းတွေနဲ့ တစ်ပတ် နှစ်ခါ တင်းနစ် ရိုက်တယ်။ ဒါဟာ ခုလောလောဆယ် ငါနေနေတဲ့ ဘ၀ပဲ”

“တော်တော် ကောင်းပုံရတာပဲ”လို့ ကျမ ပြန်ပြောလိုက်တယ်။

“အဲဒီ အော်ဒီကားရဲ့ ဘန်ပါမှာ အချိုင့် နှစ်ချိုင့် ထင်နေပြီ”

“ဟေး၊ ဘန်ပါဆိုတာ အချိုင့်ထင်ဖို့ လုပ်ထားတာပါကွာ”

“ဘန်ပါ စတစ်ကာ လုပ်လို့ သိပ်ကောင်းမယ့် စကားပဲ”လို့ သူပြောတယ်။ “ဘန်ပါတွေဟာ ချိုင့်ဖို့…”

အဲလို သူ ပြောလိုက်ချိန်မှာ သူ့ နှုတ်ခမ်းတွေကို ကျမကြည့်လိုက်မိတယ်။

“ငါပြောချင်တာက ဒီလိုဟာ” နားသန်သီး တစ်ဖက်ကို ပွတ်နေရင်း လေသံ ခပ်ဖျော့ဖျော့နဲ့ သူ ဆက်ပြောတယ်။ သူ့နားသန်သီး ကျပုံက အတော်လှ တယ်။  “ဘယ်လို ဆုမျိုးပဲ တောင်းတောင်း၊ ဘယ်လောက် ဝေးဝေးပဲ သွားသွား၊ လူတွေဟာ သူတို့ ကိုယ်တိုင်ထက် တခြား ဘာမှ မပိုနိုင်ပါဘူး။ ဒါပါပဲ … ”

“ဒါ နောက်ထပ် ဘန်ပါ စတစ်ကာကောင်း တစ်ခုပဲ”လို့ ကျမ ပြောလိုက်တယ်။ “ဘယ်လောက် ဝေးဝေးသွားသွား လူတွေဟာ သူတို့ကိုယ်တိုင်ထက် ဘာမှ ပိုမဖြစ်နိုင်ဘူး”

သူ စိတ်ပါ လက်ပါနဲ့ အကျယ်ကြီး ထရယ်လိုက်တယ်။ စောစောက မြင်ရတဲ့ ခြောက်သွေ့ အပြုံးရိပ်လည်း သူ့ဆီက လွင့်သွားပုံပါပဲ။

စားပွဲကို တံတောင်နဲ့ ထောက်ရင်း ကျမဖက်ကို လှည့်ကြည့်တယ်။ “ငါ့ကို ပြောပြပါလား”လို့ ပြောတယ်။ “ငါ့ နေရာမှာသာ ဆိုရင် နင်ဘာ ဆု များ တောင်းမလဲ”

“နင် ဆိုလိုတာက ငါ့အသက်(၂၀)ပြည့် မွေးနေ့မှာလား … ”

“အင်းပေါ့”

ကျမ အဲဒါကို ခဏလောက် စဉ်းစား ကြည့်မိတယ်။ ဒါပေမယ့် ဘယ်လို ဆုတောင်း တစ်ခု တစ်လေမှ ထွက်မလာဘူး။

“ငါဘာမှ စဉ်းစားလို့မရဘူး”လို့ ၀န်ခံလိုက်မိတယ်။ “ခုချိန်မှာ အသက် (၂၀) ပြည့် မွေးနေ့ဟာ ငါနဲ့ အတော်ကြီး ဝေးသွားပြီလေ”

“တကယ်ပဲ နင်တစ်ခုမှ စဉ်းစားလို့ မရဘူးလား…”

ကျမ ခေါင်းညိတ် ပြလိုက်တယ်။

“တစ်ခုမှ…”

“တစ်ခုမှ…”

ကျမ မျက်လုံးတွေထဲကို တည့်တည့်ကြီး စိုက်ကြည့်ရင်း သူ ပြောလိုက်တယ်။

“အဲဒါ ဘာလို့လဲ ဆိုတော့ နင့်ဆုကို နင် တောင်းပြီးသွားလို့ပဲ”

ကိုအရိပ် မြန်မာပြန်သည်။
(Haruki Murakami – Birthday Girl. Harper’s Magazine, July, 2003.)

ပျော်သလိုနေမယ်ဆို ပျော်ရဲ့လား

5
Filed under ကဗျာ

The Race by Glen Josselsohn

_______________________________________________________________________
စားပွဲရဲ့တစ်ဘက်
ကော်ဖီခွက်ရဲ့တစ်ဘက်
အမှုန်အမွှားများရဲ့တစ်ဘက်
ကျနော့်ဘက်က တတ်နိုင်တာလည်း
အိပ်ခ်ျစီ သို့မဟုတ် စပယ်ရှယ်ရီဆာ့ဗ်
ခင်ဗျားအဆွေးတွေ
ပျော်မပျော်တော့မသိဘူး
အတိတ်တစ္ဆေတွေ သေမသေတော့ မသိဘူး
ပင်လယ်လေကို ခင်ဗျားဖြတ်လာခဲ့တာ
ပလက်ဖောင်းပေါ် ခင်ဗျားလျှောက်လာခဲ့တာ
ဘယ်လိုပဲဖြစ်ဖြစ်
ခင်ဗျားရွေးထားတဲ့ အခြေအနေ
ခင်ဗျားရွေးထားတဲ့ အမျိုးသမီး
ကျနော်ပြောတာ လွန်ကောင်းလွန်မယ်
ဒါပေမယ့် နောက်ဆုံးအီးမေးတစ်စောင်မှာ
တွေ့ရတဲ့အရေးအသားအရ
ခင်ဗျား သီချင်းမညဉ်းတော့တဲ့ အကြောင်း
သိဟောင်းကျွမ်းဟောင်းနဲ့ လမ်းမှာတွေ့ရင်
ပခုံးတွန့်ပြတတ်တဲ့အကြောင်း
ပြောရရင်
ကျွန်တော်လည်း လွတ်တဲ့ငါး ကြီးဖူးတာ
ထီတိုက်ဖူးတာ
စုထားတဲ့ စာအုပ်အဟောင်းတွေ ချရောင်းဖူးတာ
အစရှိသည်ဖြင့်ပေါ့
သွေးမတိတ်သောအနာတွေ
စိတ်မှာ ရှိပေမယ့်
အဲဒီနေရာရောက်ရင်
ကျော်ပစ်လိုက်တယ် ရစ်ပစ်လိုက်တယ်
ညနေခင်း ရဲ့ မှုန်တိမှုန်မွှား အလင်းရောင်အောက်မှာ
တခြားအရာတွေနဲ့ အတူ
ပျောက်ဆုံးပစ်လိုက်တယ်
အခုလို
လှမ်းမြင်နေရလည်း
ဆက်သွယ်ရန် ဘာသာစကား မတွေ့နိုင်
ခံစားဖူးတဲ့
အအေးဓာတ်ကစလို့
ထုံထိုင်းသွားလောက်တဲ့ နာကျင်မှု
လက်လွတ်စပယ်ဖြစ်စေလောက်တဲ့ ငြီးငွေ့မှုတွေထဲ
ဆံပင်အစိုတွေလို
ကောက်ရိုးခြောက်တွေလို
ထိုးဖွရှာဖွေ
အခုထိတော့ နေထူးနေ့မြတ်တစ်ရက်ရက်အကြောင်းပြုပြီး
အဆက်အသွယ်ပြန်လည် ရရှိခဲ့လျှင်တောင်မှ
ခင်ဗျားအရေးအသားကို ကျွန်တော်တခါပြန်ဖတ်ကြည့်ရမှာ
ညဘက်တွေ ပြတင်းပေါက်အပြင်ကို ကြည့်ရင်း
ဒါမမဟုတ်လည်း ခြင်ထောင်ထဲ လူးလွန့်ရင်း
ပြန်တွေးမိတဲ့အတွေးတွေ
ပြန်မတွေးမိတဲ့ အတွေးတွေ
သပ်သပ်စီ
ခင်ဗျားအတွက်လည်း
အထောက်အကူ တစ်စုံတစ်ရာဖြစ်မလား
ကျွမ်းကျင်မှု တစ်စုံတစ်ရာလိုအပ်တဲ့
အခိုက်အတန့်မှာ
ကျွန်တော်လည်း အတတ်နိုင်ဆုံး
သရုပ်ဆောင်ပြနေရတာ
ခုလို
ခင်ဗျားအတွက် ဒိပလီးကွန်ဆာန်း ဖြစ်တယ်ဆိုတဲ့အကြောင်း
မြို့လယ် မြို့ပတ်ရုံတွေမှာ ပြသနိုင်တဲ့အထိ

မိုးဆတ်
Admin Noted: Republish.

ဒီဇင်ဘာ အခမ်းအနား

2
Filed under အရေးအသား

Two nice graffiti made by a prisoner on a buttress of the Fontevraud Abbey, then inside the prison. A rich man, perhaps as rich as the prisoner wanted to be, and a pansy, the prisoner's companion (pensée, in French, for pansy or thoughts). Fontrevraud-l'Abbaye, Maine-et-Loire, France.

_______________________________________________________________________
ကျွန်တော်တို့ မြို့ပေါ်က ကောင်းကင်ဟာ သံသယနဲ့ မော့ကြည့်နေစရာ
မလိုလောက်အောင် ကြည်လင် ငြိမ်သက်နေတဲ့အချိန်ပေါ့။
၂၀၁၁ ဒီဇင်ဘာရဲ့ နောက်ဆုံးရက်တွေမှာ ကျွန်တော်တို့  အိမ်ရှေ့ မီးသတ်
အဆောက်အဦးဟာ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ ကျွန်တော်တို့ ရပ်ကွက်
မီးသတ်တပ်ဖွဲ့ ၇၅နှစ်မြောက် စိန်ရတုသဘင် ကျင်းပဖို့ အတွက်ပဲ။
အဲဒီ အခမ်းအနားမှာ ပြဖို့ ကျွန်တော်က အဖေနဲ့ အဖိုး ရိုက်ကူးထားတဲ့
မီးသတ်တပ်ဖွဲ့နဲ့ ဆိုင်တဲ့ မှတ်တမ်းတင် ဓါတ်ပုံအဟောင်းတွေ ရှာပေးရတယ်။
ရွှေရတု သဘင်တုန်းက အရောင် မှိန်ဖျော့ဖျော့နဲ့ ကာလာ ဓါတ်ပုံ အဟောင်းတွေ
ပြီးတော့ အဲဒီ မတိုင်ခင်က အဖြူအမည်း ဓါတ်ပုံတွေ ထွက်လာတယ်။
ဓါတ်ပုံထဲမှာ ပါတဲ့ အခမ်းအနား အတွက် ပြင်ဆင်နေကြတဲ့ သက်ကြီး ပိုင်းလူကြီးတွေ
ကျွန်တော့် အဖိုးအပါအဝင် တစ်ယောက်မှ မရှိတော့ဘူး။
အင်္ဂလိပ်ခေတ် ယူနီဖေါင်းဆန်ဆန် ဘောင်းဘီတိုနဲ့ စစ်ဘွတ် ဖိနပ်ကို
ဝင်ဆင်ထားတဲ့ ရဲဘော်တွေ ဖက်မိုး အုပ်အုပ်ကြီး မိုးထားတဲ့ အက်စကီးမိုးတွေ နေတဲ့
တိုက်ပုဆန်ဆန် အဆောက်အဦးရှေ့မှာ အုပ်စုလိုက် ထိုင်နေကြတယ်။ တချို့က
ဘင်ခရာတီးဝိုင်း လှည့်တီးသူက တီးနေတယ်။ ကျွန်တော့် အိမ်ရှေ့တည့်တည့်မှာ
ရှိနေတဲ့ အဲဒီ အဆောက်အဦးက အရင်က ဇရပ်ကြီးတစ်ခု ဖြစ်ခဲ့သတဲ့။
ကမ်းတစ်ဖက်ကနေ သယ်လာတဲ့ လူသေအလောင်းတွေ ယာယီထားတဲ့ ဇရပ်ကြီးပေါ့။
ကျွန်တော်တို့ အိမ်နေရာကလည်း အရင်က ဓနိတော ရွံ့စပ်စပ် သုသာန်မြေ ဖြစ်ခဲ့ဖို့
များတာပဲ။ နှစ်များ ကြာတော့ ရပ်ကွက်လေး တစ်ခု ဖြစ်လာပြီး အဲဒီ ရပ်ကွက်လေးထဲမှာ
ပေါ်ပေါက်လာတဲ့ အရက်ဒိုင်နဲ့ သောင်းကြမ်းသူ အရက်သမားတွေကို ထိန်းသိမ်းဖို့
ငွေကြေးနည်းနည်း တောင့်တင်းတဲ့ လူကြီး တစ်ယောက်ကနေ စတင် ဖွဲ့စည်းခဲ့တာ
ပါတဲ့လေ။ အဲဒီ အဖြူအမည်း ခေတ်ဟာ တကယ်ရှိခဲ့ပေမယ့် အခု မပျောက်ပျက် အောင်
အတော်လေး ထိန်းသိမ်းနေရတယ်။ ဖိုတိုရှော့နဲ့ လိုတိုးပိုလျော့ မလုပ်မိဖို့ မျှော်လင့်ရတာပဲ။
ပြီးတော့ ကာလာ ရောင်စုံခေတ်ကို ရောက်လာတယ်။ ကျွန်တော့်အဖိုးဟာ
ဒီအရပ်ရဲ့မီးသတ်တပ်ဖွဲ့ သီချင်းကို ရေးဖွဲ့တယ်။ ဒိုးပတ်ဝိုင်းလေး ထောင်တယ်။
နှစ်ပတ်လည်တွေမှာ အသံချဲ့စက်နဲ့ စကား နည်းနည်းပါးပါး ပြောတယ်။
ရွှေရတု အထိမ်းအမှတ် စင်ရှေ့မှာ အဖိုးကို ခါးထောက်လျက် တွေ့ရတယ်။
အဖေကို ကင်မရာတစ်လုံး ကိုင်လျက် ခေါင်းလောင်း ဂျင်းဘောင်းဘီနဲ့ တွေ့ရတယ်။
အဲဒီတုန်းက ၁၉၈၅။ ၁၉၈၅တုန်းက ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေသလဲ။
နိုင်ငံတဝန်းမှာ ဘာတွေဖြစ်နေလဲ။ မဆလခေတ်။ သမဝါယမမှာတန်းစီ။ ဥက္ကဌဦးနေဝင်း။
၇၅ကျပ်၊ ၃၅ကျပ်၊ ၂၅ကျပ် ငွေစက္ကူ သုံးမျိုး ရိုးရိုးစက္ကူမဖြစ်မီ နှစ်နှစ်အလို။
ဖိလစ်ပိုင်မှာ လူထု လှုပ်ရှားမှုဖြစ်ပြီး စစ်အာဏာရှင် မားကို့စ် ပြုတ်ကျ။
ရန်ကုန်နဲ့မြို့ကြီးတွေမှာ မြေအောက် ကျောင်းသားလှုပ်ရှားမှုတွေ ရှိ။
၁၉၈၅ ကျွန်တော်တို့ မြို့ ကျွန်တော်တို့ ရပ်ကွက် ကျွန်တော်တို့ အိမ်ရှေ့က
မီးသတ်အဆောက်အဦးမှာတော့ စင်မြင့်ထိုး၊ ဆေးရောင်စုံသုပ်၊ ဖေါ့စာလုံးတွေချိပ်၊
ဘင်ခရာတီးအခမ်းအနားဖွင့်လှစ်၊ အိမ်ရှေ့လမ်းမတလျှောက်နိဗာန်ဈေးကျွေး၊
ပျော်ပွဲရွှင်ပွဲလေးတွေကျင်းပ၊ ကံစမ်းမဲဖေါက်၊ ခြင်းလုံးအလှခပ်၊ စတိတ်ရှိုးတီးခပ်သီဆို၊
ဒိုးပတ်ဝိုင်းနဲ့ဖျော်ဖြေ၊ သံဃာတော်တွေ ဆွမ်းခြောက်လောင်းလှူ၊
အဖိုးကြီးအဖွားကြီးတွေကို ကန်တော့၊ သံမဏိရဲဘော်တွေကို ဆုချ၊ အခမ်းအနား ရုတ်သိမ်း။
အခု ၂၀၁၁ခုနှစ် ဒီဇင်ဘာမှာ
ကျွန်တော်တို့ အိမ်ရှေ့ ဓါတ်တိုင်မှာ လာချိပ်သွားတဲ့ ဗင်နိုင်းဆိုင်းဘုတ်ကြီးပေါ်က
စိန်ရတုသဘင် အစီအစဉ် ကြေငြာအတိုင်းပေါ့။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်း
ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ။ တိုင်းပြည်တဝန်းမှာ ဘာတွေဖြစ်နေလဲ။
ကင်ဂျုံအီသေတယ် ။မြောက်ကိုးရီးယား ပြည်သူတချို့ငိုယိုနေတာ
ကျွန်တော် တီဗွီရှေ့က ဖြတ်လျှောက်ရင်း ဖြတ်ကနဲ တွေ့လိုက်တယ်။
ဘာလို့ငိုနေကြပါလိမ့် ဘာတွေ ဆက်ဖြစ်မှာပါလိမ့် ကျွန်တော် အရင်လို မတွေးအားဘူး။
ကျွန်တော်က အခမ်းအနားမှာ တတပ်တအား ပါဝင်လှုပ်ရှားနေတဲ့ မီးသတ်အဖွဲ့ဝင်
ရဲဘော်တစ်ဦးကိုး။ ကျွန်တော့် ညီတစ်ယောက်ကတော့ ငိုနေတယ်။
ကင်ဂျုံအီသေလို့ တော့မဟုတ်ဘူး။ မနေ့တစ်နေ့က သူနဲ့ လက်ဖက်ရည်ဆိုင်
ထိုင်နေတဲ့ သူ့သူငယ်ချင်း ဦးနှောက် အမြှေးပါးယောင်ပြီး နောက်ဆုံးအချိန်ကို
နေ့ချင်းညချင်း ရောက်သွားလို့။ ပြီးတော့ ရန်ကုန်မြို့လှည်းတန်းက အများသုံး
အိမ်သာမှာ ဗုံးပေါက်တယ်။ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်ပေးနေတယ်
ကြားတယ်။ နောက်တော့ အိမ်က တီဗွီဖန်သားပြင်မှာ လူတချို့ ကခုန်နေကြတာ
တွေ့ရပြန်တယ်။ ရန်ကုန်မှာနေတဲ့ ကျွန်တော့် ဦးလေးတွေ အဒေါ်တွေလည်း ပါတယ်။
ဝမ်းကွဲ မောင်နှမတွေလည်း ပါတယ်။ ဦးလေး ဦးတာကြီးရဲ့ စေ့စပ်ပွဲ အခမ်းအနား
ဒီဗီဒီအခွေကို ထိုးကြည့်နေကြတာပဲ။ မြန်မာအကနဲ့ ကျကျနနကြီး က နေကြတဲ့
သူတို့အနောက်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထိုင်နေတယ်။ လက်ခုပ်လေး
တီးလိုက် ခေါင်းလေး ဟိုဖက် ဒီဖက် စောင်းလိုက်နဲ့ ပြုံးပြုံးလေးနဲ့ ထိုင်ကြည့်နေတယ်။
နောက်နေ့မနက်မှာ ရန်ကုန်ကနေ ဖုန်းဝင်လာတယ်၊ မီးလောင်ပေါက်ကွဲမှု တစ်ခု
ဖြစ်တယ်၊ လူတွေ ထောင်ချီသေတယ်။ မြိတ်မြို့က လက်ဖက်ရည် ဆိုင်တွေ
ဈေးတွေမှာပြောနေကြတာ ချာနိုဘိုင်းပေါက်ကွဲမှုလိုလို၊ အင်တာနက်ဆိုင် ပြေးပြီး
သတင်း ရှာကြည့်ရတယ်။ အလဲဗင်း မီဒီယာမှာ ဖေါ်ပြထားတယ်၊ ဆယ့်ခုနစ်ယောက်
သေတယ်။ အခင်းတစ်ခုခု ဖြစ်ပွားတိုင်း ကိုယ့်မြို့ကလူတွေ ဘာလို့များ စကားကို
ချဲ့ကားပြောကြတာလဲ။ ကိုယ်လည်း မစဉ်းစားအားဘူး၊ လုပ်စရာတွေ ရှိသေးတယ်။
ဒီနေ့ လုပ်စရာတွေက စီတန်းနေတယ်။ ရဲဘော်တွေနဲ့ အတူ အခမ်းအနား
ပြင်ဆင်စရာ ရှိတယ်။ သီချင်း တိုက်စရာရှိတယ်။ စတိတ်ရှိုး သီဆိုသူ အစီအစဉ်
ဆွဲစရာရှိတယ်။ ရပ်ကွက်ထဲက တာဝန်ခံရယ်၊ စားသောက်ဆိုင်က ကီးဘုတ်
ကြေးစားသမားရယ်၊ သီချင်းနုတ်စ် ထုတ်ပေးသူဆိုင်ရှင်ရယ်၊ အရပ်ထဲက
ရော့ခ်သွေးတွေ အလိုလိုနေရင်း ဆူနေတဲ့ လူငယ်တွေရယ်၊ ပွဲတိုင်းကျော်
ဧည့်သည် အဆိုတော်တွေရယ်၊ သူတို့တတွေကို ပြေလည်အောင် ငြိနှိုင်းပေးနိုင်တာ
အဆိုတော် ယောင်ဆောင်ထားတဲ့ ကဗျာဆရာပဲ ရှိတာမဟုတ်လား။
ဒီကြားထဲ ကျွန်တော့်ခြံထဲအိမ်က ခွေးငါးကောင်ကို အစာကျွေးဖို့ ပြေးရအုံးမယ်။
ကျွန်တော် ခွေးတွေကို ဘယ်တုန်းက ချစ်တတ်သွားမှန်းမသိဘူး။ အိဖြူကြောင့်လား။
အိဖြူက ခွေးချစ်တတ်တယ်။
ဒါမှမဟုတ် လူရဲ့ အကြင်နာ ဂရုဏာကို တောင်းခံမှုနဲ့ သံယောဇဉ်ကြိုးကို မြဲမြံအောင်
လုပ်တတ်ရာမှာ ဒီကောင်တွေပဲ မာယာပရိယာယ်ကြွယ်လွန်းလို့လား။
အခု ကျွန်တော်က ဆိုင်ကယ်နဲ့ ဆယ့်ငါးမိနစ်လောက် မောင်းသွားရတဲ့ ခြံထဲအိမ်က
ခွေးတွေကို အစာ သွားမကျွေးရရင် မနေတတ်သလို ဖြစ်နေပြီ။
အဲဒါကို ကျွန်တော်က နေ့စဉ်လုပ်နေတော့ အိမ်မှာ အဲဒီတာဝန်က
ကျွန်တော့်တာဝန်လို အလိုလိုဖြစ်သွားတယ်။ အဲဒီနေ့က
ပျော်သလိုလိုတော့ ရှိခဲ့တယ်။ ည စတိတ်ရှိုးစင်မြင့်ပေါ်တက်တော့ ကျွန်တော်က
စူပါမင်းတံဆိပ် ပါတဲ့ တီရှပ်အဖြူကို အတွင်းက အနီရောင် ကော်လာပါတဲ့ အင်္ကျီနဲ့
(လည်ပင်းပေါက်ကနေ ကော်လာအနီကို အပြင်ထုတ်တွဲဝတ်ပြီး) စင်ပေါ် တက်သွားတယ်။
စင်အောက်ကနေ စူပါမင်း စူပါမင်း လို့ အော်တဲ့အသံတွေ ကြားရတယ်။
ခပ်နောက်နောက် ကောင်တစ်ကောင်က ဟေ့ရောင် စူပါမင်း ကမ်းနားမှာ
သင်္ဘောတစ်စီးမြုပ်နေတယ် မြန်မြန်သွား လို့ လှမ်းအော်လိုက်တယ်။
သူ့အသံကြောင့် စင်အောက်ကလူတွေ တဟီးဟီးတဟားဟားဖြစ်ကုန်တယ်။
စတိတ်ရှိုးစင်မြင့်ဟာ ကျွန်တော့်အတွက်တော့ နေရာမှန်လူမှန်ပဲ။
ဆိုမယ့်သီချင်းကို အတော်လေးစဉ်းစား ရွေးချယ်ထားရတယ်။ အရပ်ထဲက
မီးသတ် ရဲဘော်တွေဖြစ်တဲ့ လူလတ်ပိုင်း ဘဲကြီးတွေလည်း လက်ခံအောင်
အများအားဖြင့် ပန့်ခ်လိုလို ရော့ခ်ကာလိုလို ရှိတတ်တဲ့ လူငယ်တွေလည်း
လက်ခံအောင် တစ်ရပ်ကွက်လုံး သတင်းဖြန့်ချီ ကြေငြာ မောင်းခပ်ပေးမယ့်
အမျိုးသမီးကြီးတွေလည်း နားဝင်ချိုအောင်၊ အမျိုးသမီးငယ်တွေကြားလည်း
ရေပန်းစားအောင်၊ ကိုယ်တိုင်လည်း အသံကာလာရယ် မုဒ်ရယ် ဟိုက်ပိခ်ျရယ်
ပိုင်နိုင်စိတ်ချကစားခွင့်ရတဲ့ သီချင်းထဲကဖြစ်အောင် ရွေးချယ်ထားရတာပဲ။
ကိုယ်ဆိုချင်ရာတက်ဆိုပြီး ပရိသတ်နဲ့ အပေးအယူ မတည့်လို့ ဖြစ်ချင်သလို
ဖြစ်ကုန်တာတွေ စတိတ်ရှိုးအလီလီမှာ ရာထောင်ချီတွေ့ခဲ့ဖူးပြီးသားကိုး။
အဲဒီ ကိုယ့်နဖူးတွေ့ဒူးတွေ့တွေကို ကျန်တဲ့ ဂျူနီယာ ဗိုကယ်လေးတွေကိုလည်း
မျှရတယ်။ အဲဒီ သီချင်းဆိုနေတဲ့ အခိုက်အတန့် လေးမှာတော့ ကျွန်တော်
ကျန်တာ ဘာမှ သတိမရတော့ဘူး။ သီချင်း စာသားတွေရယ် စာသားတွေ နောက်က
အကြောင်းအရာနဲ့ နယ်ပယ် လောကရယ် အဲဒါတွေအပေါ်မှာပဲ ကျွန်တော့်
အာရုံနဲ့ ခံစားမှုဟာ ကျရောက် နေတော့တယ်။ ဥပမာ “မှောင်ပါတယ်ဆိုတဲ့
ဆူးတောကြားမှာ ရင်တွေခုန်ကာ အမော ထွက်သက် ဝင်သက်များ ပြင်းလွန်းတော့
မီးအိမ်ဟာငြိမ်းခဲ့တယ်” ဆိုတဲ့ အပိုဒ်မျိုးကို သီဆိုစဉ်မှာ စာသားရဲ့
ရုပ်သဘောနဲ့ ပညတ်သဘော ပျောက်သွားတဲ့အထိ ကျွန်တော်ဟာ
ပျော်မွေ့စီးမျှောနေခဲ့တယ်။ ခုနက ရန်ကုန်မှာ မီးလောင်ပေါက်ကွဲမှု ဖြစ်တဲ့
အချိန်ဟာ ကျွန်တော့် ရဲဘော်တွေ မီးသတ် အထိမ်းအမှတ်သီချင်းနဲ့ ယစ်မူး
ပျော်ရွှင်စွာ ကခုန်နေကြတဲ့ အချိန်ပေါ့။ စတိတ်ရှိုး စင်မြင့်ကို
မီးသတ် အဆောက်အဦးရဲ့ နံဘေးမှာ ဆောက်ထားတယ်။ စတိတ်ရှိုးနဲ့
အခမ်အနားစချိန် ညဦးပိုင်းလောက်ကနေ မနက်နှစ်နာရီအထိ
မီးသတ်အဆောက်အဦး ပတ်ပတ်လည်က လမ်းမကြီးတွေကို အဖက်ဖက်ကနေ
ပိတ်ဆို့ ကာဆီးထားတော့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ အခမ်းအနားနဲ့
ကျွန်တော်တို့ ရဲဘော်တွေလောက်ပဲ ရှိတယ် ထင်ရတယ်။

မောင်ယုပိုင်
၂၀၁၁ ဒီဇင်ဘာ

အဘိုးနှစ်ယောက်

1
Filed under ကဗျာ

William S. Burroughs 3 by Christiaan Tonnis.

_______________________________________________________________________
.ကျွန်တော့်မှာ အဘိုးနှစ်ယောက်ရှိတယ်
အဘိုးတစ်ယောက်က စေလိုရာစေ နိုင်ငံ့ဝန်ထမ်း
အဘိုးတစ်ယောက်က စေလိုရာစေ တစ်နိုင်တစ်ပိုင်လုပ်ငန်း
အဘိုးတစ်ယောက်က စာအုပ်မျိုးစုံ စုဆောင်းခဲ့
အဘိုးတစ်ယောက်က တံဆိပ်ခေါင်းမျိုးစုံ စုဆောင်းခဲ့
အဘိုးတစ်ယောက်က ယားနာနဲ့မတည့်လို့ ပင်လယ်စာမစားရဲ
အဘိုးတစ်ယောက်က ပန်းနာပျောက်အောင် ကြွက်ပေါက်စနီတာရဲလေးတွေ ပျားရည်နဲ့မျိုရဲ
အဘိုးတစ်ယောက်က နံရံကပ်မြေပုံမျိုးစုံမှာ ဆော့ပင်ရောင်စုံနဲ့ ရေး ဆွဲ မှတ် သား
အဘိုးတစ်ယောက်က သား၊ သမီး၊ မြေး၊ မြစ်တွေရဲ့ ဓါတ်ပုံဟောင်းတွေ ဆုလက်မှတ်တွေ
.ံရံအပြည့်(ဂုဏ်ယူစွာ)ကပ်ထား
အဘိုးတစ်ယောက်က မနက်တိုင်း ဘုရားဝတ်ပြု
အဘိုးတစ်ယောက်က မနက်တိုင်း လမ်းလျှောက်
အဘိုးတစ်ယောက်က ရေချိုးခါနီးတိုင်း တစ် နှစ် သုံး လေး
အဘိုးတစ်ယောက်က တစ်နေကုန်အင်္ကျီဗလာနဲ့ ကျိကုန်းယပ်တောင်နဲ့ ပျော့တွဲတွဲရင်သားနှစ်ခုနဲ့
အဘိုးတစ်ယောက်က စာဖတ်ရင် (ဦးရှံစားလို) မှန်ဘီလူးဝိုင်းတစ်လက်ကိုင်ရတယ်
အဘိုးတစ်ယောက်က စကားကျယ်ကျယ်ပြောရတယ် (အတင်းတိုးတိုးပြောရတယ်)
အဘိုးတစ်ယောက်က အာရပ်နွေဦးနဲ့ဂဒါဖီအကြောင်း ဂဃနဏ သိချင်တယ်
. အယ်ကိုင်ဒါနဲ့တာလီဘန်အကြောင်း ကွဲကွဲပြားပြားသိချင်တယ်
အဘိုးတစ်ယောက်က စွန့်ခွာခဲ့တဲ့ဇာတိမြို့လေးရဲ့ အပြောင်းအလဲအကြောင်း သိချင်တယ်
.စီဒီပြားထဲက ငှက်အော်/ခေါ်သံအကြောင်း သိချင်တယ်
အဘိုးတစ်ယောက်က မင်းရေးတဲ့ကဗျာ ကာရန်လည်းမပါဘူးတဲ့
အဘိုးတစ်ယောက်က မင်းအဖေနဲ့အမေ နေကောင်းရဲ့လားတဲ့
. ကျွန်တော့်မှာ အဘိုးနှစ်ယောက်ရှိတယ်
အဘိုးနှစ်ယောက်စလုံး အံကပ်ကိုယ်စီ ပါဝါမျက်မှန်ကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ရိုးမြေကျပေါင်းဖက်မယ့် ဇနီးကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး သားတစ်ဖြာ မြေးတစ်ရာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ဆေးမှတ်တမ်းကိုယ်စီ ဓါတ်မှန်ကိုယ်စီ သွေးစစ်ချက်ကိုယ်စီ
. အသားစအဖြေကိုယ်စီ အရေးပေါ်ဆေးမြီးတိုကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ပက်လက်ကုလားထိုင်ကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ကိုရီးယားဇာတ်လမ်းတွဲကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ရန်ကုန်ကိုယ်စီနဲ့
အဘိုးနှစ်ယောက်စလုံး ပူနွေးတဲ့ကမ္ဘာကြီးကိုယ်စီနဲ့
. ကျွန်တော့်မှာ အဘိုးနှစ်ယောက်ရှိတယ်
သူတို့မှာ တစ်နေ့ တစ်နေ့ လုပ်စရာနည်းနည်းစီနဲ့

လင်းဇင်ယော်
(၃၊၁၁၊၂၀၁၁)

ကြာရှည်ခံတဲ့ ကြာပန်းတွေ

1
Filed under အရေးအသား

Street art in Porto, Portugal by Wegmann

_______________________________________________________________________
ဆိုင် နာမည်က ငြိမ်းချမ်း။ မိုးလင်းတာနဲ့ အလွမ်းသီချင်းက စဖွင့်တယ်။ အရည် တောက် တောက်ကျတယ်။ ၀မ်းတီး ပေါ့စိမ့် ဆိုလည်း အုတ်ခဲ ကျိုး ရောင် ပေါက်တာပဲ။ အောက်ပြည် အောက်ရွာမှာကွယ် လူညာတွေ ပေါလေသတဲ့။ အလယ်မှာတော့ အညာမျိုး အညာနွယ်။ အညာသူ အညာ သား အာလုံးရဲ့ ဆွေမျိုးများ။ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အသား မကျနိုင် သေးသူတွေပါ။ လမ်းကို ပိတ်ထားတယ်။ ကိုယ့်လမ်း ကိုယ် ပိတ် ဆို့ထားတယ်။ ဘာဖြစ် သလဲကွာ။ ဆောင်းနှင်း ဖွေးဖွေးလေး မြေလမ်းများ အကြားမှာ။ ဘုရင်ခံ ဆာဟူး ဘတ်ရန့်စ်နှင့် ဧည့်ပရိသတ်များ ဘယ် နေရာ ဘယ် ကမ္ဘာမှာ။ ဘာမင်ဟမ် ဆိုတာ ဘောလုံး အသင်းလား။ သမ္မတကြီး စ၀်ရွှေသိုက်နှင့် ချောတိုင် တက်ကြ သူငှာ။ နံနက် လေးနာရီ ရယ် မိနစ် ရယ် နှစ်ဆယ် ရယ်ပါ။ ခေါင်းအုံး ရိုက်မယ်။ ထုတ်ဆီး ထိုးမယ်။ အနာဂတ် မြန်မာနိုင်ငံသို့ သွားရာ ဒီမိုကရေစီ လမ်းကြောင်းဟာ ကွန်ကရစ် လမ်းပေါ်မှာ အပြေး ပြိုင် နေပါတယ်။ အစ်မတို့ရေ အစ်ကိုတို့ရေ ကြာရှည်ခံတဲ့ ကြာပန်း တွေပါ။ ဘုရား တင်မယ်။ နတ် တင်မယ်။ ကြာပန်းတွေ ငွားငွား စွင့် စွင့်။ စောစော ဘာလို့ အိပ်ရမှာလဲ။ ဘာလို့ စောစောထရမှာလဲ။ ဘာလို့ စောစော လမ်းလျှောက်ရမှာလဲ။ လမ်းတွေကို ဒီလိုပဲ ပိတ်ဆို့ ထားပါတယ်။ ကိုယ့်ဟာ ကိုယ်ပဲ ဆန်ရှင် ချထားပါတယ်။ ဘာ ဘာ ဘာ ဘာ ဘာ ဖြစ်သလဲကွာ။ ဒူးပြဲ သွား ပေမဲ့ ခြေ မကျိုး ဘူး။  နှစ်သိမ့်ဆု လောက် ရရင် ကျေနပ်စရာပေါ့။ ကျောက်ခဲကို အာလူးလုပ်ပြီး ကောက်ခဲ့ကြတာ။ နှစ်ပေါင်း ၆၀။ ကျော်ခဲ့ လေပြီ။ ရပ် မနေပါဘူး။ ခုန် မနေပါ ဘူး။ ဆောင့်ကြောင့်တော့ ထိုင်နေတယ်။ ဒီနေရာမှာ ကွန်နက်ရှင် မကောင်းလို့ loading လုပ်နေတုန်းပါ။ တိုင်ပတ် နေတုန်းပါ။ လည် နေတုန်းပါ။ နေ့တိုင်း နေ့တိုင်း လည် နေတုန်းပါ။ မျက်ခြေ မပြတ် မျက်စိ လည်ကြ တုန်းပါ။ လွတ်လပ်ရေး ရရှိခဲ့ခြင်း၊ မရှိခဲ့ခြင်း။ နေ့ရက် အ လိုက် အမှတ်ပေး စနစ်ဖြင့် မှတ်သား ထားသင့်/ မသင့်။ ယနေ့ အင်တာနက် ကောင်း လွတ်လပ်ရေး သင့်။ ယနေ့ မီးပျက်။ လွတ်လပ်ရေး ခရီးလွန်။ လွတ်လပ်ရေး အလေလိုက်။ လွတ်လပ်ရေး ရေငတ်တုန်း ရေတွင်း ပျက်ထဲကျ။ နံပါတ်မဲ့ ကားများ မြို့လည်ခေါင် တက် မောင်းခွင့်ရ။ လွတ်လပ်ရေး အလွန်ကောင်း၊ လွတ်လပ်ရေး အလျံပယ်၊ လွတ်လပ်ရေး လူလည်ကျ။ လွန်လေသော ၁၉၃၇။ နဂါးနီ စာအုပ် အသင်း။ တန်းခိုး စပြခဲ့တယ်။ ဟင်္သာတ နယ်မှ စတင်။ ဘူးအသင်းများ ပေါ်ပေါက်။ ဘာမလုပ်တော့ ဘူး။ ညာမလုပ် တော့ဘူး။ နှစ်ပဲ ခြားတယ်။ ဂျီစီဘီအေ ကွဲလိုက်တာများ ဒီကိုဂျင် ၁၈ ကတ် သောက်တောင် အဖျားက လုံးလုံး မကျသလို။ ခေတ်က အပြောင်း မြန်တယ်။ မနှစ်တနှစ်က မျောက်ခေတ် (Baby Milo)။ ဒီနေ့ ခေတ် က ဒေါသအိုးကွဲ ငှက်များခေတ် (Angry Birds)။ လွတ်လပ်ရေး အမယ်အိုကြီး ကျန်းမာပါစ ခင်ဗျာ။

တောကျောင်းဆရာ
၎ ဇန်န၀ါရီ၊ ၂၀၁၂ခုနှစ်။

ဟက်ပီးက အမြဲတန်းတော့ မနယူးယီးယားနိုင် (၂)

4
Filed under အရေးအသား

Night At The Ballet by Glen Josselsohn

_______________________________________________________________________

တိမ်တွေပြာတဲ့ အကြောင်း စာဖွဲ့ရတာတွေ ပျင်းစရာ ကောင်းနေပါပြီ။ သုံးမရတော့တဲ့ ပြက္ခဒိန် အဟောင်းကို ထိုင်ကြည့်ရင်း ပြက္ခဒိန် အသစ် ၀ယ်ဖို့ လိုတာ သတိရမိတယ်။ စိတ်မကောင်းခြင်းနဲ့ ကြိုဆိုခြင်းကို ထည်လဲ သုံးစွဲ ခံခဲ့ရတဲ့ နေ့ရက်များ။ ခင်ဗျားတို့ ကိုယ်စီ အမှန်တရားနဲ့။ ပျော်စရာ ရှိတော့လည်း ပျော်လိုက်ကြတာပဲ။ မသေချာမှုတွေဟာ ဒီလိုပဲ တစ်ရက်ပြီး တစ်ရက် ကျော်လွန် သွားတယ်။ ရိုးစင်းမှုမှာ ဒီတစ်ခုပဲ ကျန်ခဲ့တယ်။ နံရံမှာ ချိတ်တွယ် ထားတဲ့ နာရီဟာ တချက်ချက် မြည်လျက်။ နေ့စဉ် စည်းချက်ကျ။  ၁၂နာရီကျော် ဆယ်မိနစ် စွန်းစ ပြုလာတယ်။ ဘယ်နာရီက အချိန်အမှန်ဆုံးလဲ။ တစ်မြို့လုံး ဆူပွက်နေတဲ့ အသံများ။  ကြောင် တစ်ကောင်တည်းက သူ့အလုပ် သူလုပ်ရင်း ကြွက်အနံ့လိုက်ခံနေတယ်။ ကြည့်လက်စ လီယိုနာဒို J. Edgar ဇာတ်ကားကို ဘယ်လိုမှ ဆက်ကြည့် မရတော့။ ဂဏန်း ရေတွက်သံများ။ သုံးလေးအိမ် အကျော်က ထွက် လာတယ်။ ၄၃ က စပြီး ပီပီသသ ကြားလာတယ်။ တဖြည်းဖြည်းချင်း နီးလျက်။ နောက်ဆုံး ဂဏန်း အရောက်မှာပဲ တစ်ယောက် တစ်ပေါက် အသံများ ထွက်လာတယ်။ Happy New Year, Once More, Happy New Year. Once More ခင်ဗျားတို့ ဒုက္ခများ Happy New Year Once More ခင်ဗျားတို့ သောကများ Happy New Year Once More ခင်ဗျားတို့ ကိုယ်စီ အမှန်တရားများ Happy New Year Once More ခင်ဗျားတို့ အတ္တများ Happy New Year Once More ခင်ဗျားတို့ ခင်ဗျားတို့ ခင်ဗျားတို့ရဲ့ ခင်ဗျားတို့များ။ အရင်က မရှိခဲ့ဘူး ဆိုရင် အခုချိန်မှာ ဘာများ ရှိနေ သေးလို့လဲ။ အခုချိန်မှာ မရှိနေ တာကရော အရင်က ဘာများ ရှိနေခဲ့လို့လဲ။ တံခါးဖွင့်မှ ပြေးဝင် တတ်တာ သောက်ရူးတွေရဲ့ အလုပ်ပါကွာ။ လူတစ်ဦး သေဆုံးကြောင်း ဖုန်း မက်ဆေ့ခ်ျများ ဆက်တိုက်။ နှစ်နာရီ ကျော်ကနေ မိုးလင်းတဲ့အထိ တောက်လျှောက် ၀င်လာတယ်။ မနက် ၁၀နာ ရီ ကျော်လာတဲ့ အထိ အမေရိကန် မှာတော့ နှစ်သစ် မကူးသေးဘူး။ Anderson Cooper ကို Spider-Man ကယ်တင်ခန်း။ တင်ဆက်မှု ဗီဒီယိုဟာ CNN ရဲ့ အူကြောင်ကြောင် နှစ်သစ်ကူး အစီအစဉ်မှာ တခမ်းတနား ပါနေတယ်။ ပျော်သလားဟေ့ မောင်တို့ရေ။ Times Square မှာ သွား က လေး ဖြဲရင်း Isha Sesay က   ရစ်သီ ရစ်သီ လုပ်နေတယ်။  သတင်းစာ အရောက် နောက်ကျခဲ့ပြီ။ Adele ရဲ့ Live At The Royal Albert Hall. (You, Me and Albert Hall.) ကို ဖွင့်ကြည့်ရင်း ဒန့်ဒလွန်သီး ချဉ်ရည်ဟင်းနဲ့ ထမင်းကို စိတ်ပါလက်ပါ ထိုင်စားကြည့်တယ်။ Hometown Glory , I’ll Be Waiting, Don’t You Remember, Turning Tables, Set Fire to the Rain, If It Hadn’t Been for Love, My Same, Take It All, Rumour Has It, Right As Rain, One & Only, Lovesong, Chasing Pavements, I Can’t Make You Love Me, Make You Feel My Love, Someone Like You ,Rolling in the Deep။ သေသွားတဲ့ မီးသတ်သမားတွေ အတွက် စိတ်မကောင်းပေမဲ့ သီချင်းတော့ နားထောင် နိုင်ပါသေးတယ်။ အမေရိကန်မှာ နှစ်သစ် ရောက်သွား ခဲ့ပါပြီ။ တိုက်ပွဲ ခေါ်သံဟာ တနင်္ဂနွေ ရုပ်ရှင်။ ခြေတစ်ပေါင်ကျိုး မျက်စိ တစ်ဖက်လပ် တွေနဲ့ ဒီခရီးကို ငါ ဘယ်လို ဆက်သွားရမှာလဲ။ ကဗျာဆရာဟာ ဒီလိုပဲပြောပြီး သေသွားခဲ့ပါတယ်။

တောကျောင်းဆရာ
ဇန်န၀ါရီ ၁၊ ၂၀၁၂ခုနှစ်။

မေမေခင်နဲ့ ပြော=ခဲ့=ဖူး=သ=မျှ

2
Filed under အရေးအသား

from: raggedclothcafe.com.

_______________________________________________________________________
-May May Khin is typing…
ဒီလို ပြန်တွေ့ရမယ်လို့ ထင်မထားဘူး အခု နင် ဘယ်ရောက်/ဘာလုပ်နေလဲ? အခု ငါက နင်နေတဲ့မြို့နဲ့သိပ်မဝေးဘူး ဝန်ကြီးချုပ် (မချော) ချောရှိတဲ့ နေရာလေ ဆာဝါဒီခါးလေ ကျောင်း လာတက်နေတာလေ ရောက်နေတာ သုံးပတ် လောက်ပဲ ရှိသေးတာလေ ဒီလို ပြန်တွေ့ရမယ်လို့ (လုံးဝ) ထင်မထားဘူး ငါ့ကို FB မှာ ရှာတွေ့တာလား နင့်အကောင့်က နင့် နာမည်လဲ မဟုတ်ဘူး ငါတို့ မတွေ့ဖြစ်တာ ဆယ်နှစ်နီးပါးတောင် ရှိသွားပြီ ဒီမှာလား ရောက်စဆိုတော့ နေသား မကျသေးဘူး ဆိုတော့ ဒီရက်ပိုင်း ရေလောင်းတဲ့ ပွဲတော်ရှိတယ် ဆိုတော့ ကျောင်းကလည်း ဟောလီးဒေးပိတ်ထားတယ် ဆိုတော့ အိမ်ကိုပဲ ပြန်ချင်တယ် ဒီမှာလား တိုက်ခန်းလိုလို အဆောင်လိုလိုမှာ သူငယ်ချင်း တစ်ယောက်နဲ့ နှစ်ယောက် တစ်ခန်း နေတယ်လေ သိပ် အဆင်မပြေဘူး ညညဆို ဟိုဘက် အခန်း/တိုင်းပြည်က ကောင်တွေ မူးပြီး ရူးပြီး အော်ပြီး ဟစ်ပြီး ဆူပြီး ညံပြီး (မူး=ရူး=အော်=ဟစ်=ဆူ=ညံ) ပြီးနေတာကြောင့် အင်း ဒီလကုန်ရင် အခန်း ပြောင်းပေးဖို့တော့ ပြောထားတယ် ဒီမှာလား ဝိကင့် ဆိုရင်တော့ ကိုယ်တိုင် ချက်စားကြတယ် အောင်မာ နင် ငါ့လက်ရာ မစားဘူးသေးဘဲနဲ့ လျှောက်-မ-ပြော-နဲ့ (:S) ငါ့အမေ ချက်တာကိုတော့ ဘယ်မီ ပါ့မလဲ ငါ့အမေက ငါ့အမေကိုး ပြုံး ဆိုရင် ငါ့အမေ လက်ရာကို အရမ်းကြိုက်တာ ဟင် ပြုံးအကြောင်း နင်မသိသေးဘူးလား အခု ပြုံးက အက်ရှ်ဝါ ရာရိုင်းတို့ နေတဲ့နေရာမှာဟ အခု ပြုံးက အသည်းတစ်ခြမ်း မရှိတော့ဘူးဟ အခု ပြုံးက သူ့အဖေဗိုက်ထဲ သူ့အသည်း တစ်ခြမ်း ပြောင်း တပ်ပေးထားတာဟ ဟုတ်တယ် ပြုံးက မာတယ် ဒါပေမယ့် အားနည်း နေသေးတယ် ညညဆို ပြုံးက skype ကနေ သူ့ရဲ့ ကင်းခြေများ လို (မဖြေရသေးတဲ့) ချုပ်ရိုးတွေ ပြတယ် နာတယ် ဒါပေမယ့် ပြုံးက မာတယ် ဟုတ် တယ် လေးစားတယ် ဟိုတုန်းက နင့်ကို တိုက်ကွမ်ဒိုချ (ပြ) ခဲ့တဲ့ ပြုံးလေ မာတယ် ပြန်လာရင် ရေကူး သင်ဦးမယ်တဲ့ ဒီမှာ SAI နဲ့လည်း ပြန်တွေ့တယ် FB မှာ တင်ထားတဲ့ ပုံထက် နည်းနည်း ပိုဝနေတယ် နင့်ကို လည်း မေးတယ် နင်ကတော့ သိပ် မပြောင်းလဲဘူးနော် သူနဲ့ ငါနဲ့ အရင်ကတည်းက စာအဆက်အသွယ် ရှိတယ်ဟ နင်သာ သြော် အိလား အိက ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း အရုပ်ကြီးရှိတဲ့ နေရာမှာလေ အင်း သူ ကျောင်းဆက်တက်နေတာ အင်း သူ ပြန်လာ လောက်တယ် အင်း ဘဲတော့ မရှိသေးဘူး (ထင်တာပဲ) ဘာလဲ နင် စိတ်ဝင်စားလို့လား ပြောပေးမယ်လေ (;D) ဒီလိုပဲပေါ့ဟာ ကိုယ့်အကျိုးအောင်ဖို့ သူများ အကျိုး ဆောင်ပေးရတာပေါ့ သိတယ် မဟုတ်လား ဟုတ်လား အညာသားက ကျောက်စိမ်းတော/မှော်ထဲ ရောက်နေတာလား မှော်ဝင် နေတာပေါ့ အလုပ် မဝင်တော့ဘူးပေါ့ အဲဒီမှာ ငှက်ဖျား သတိထားခိုင်းလိုက်ဦး ဒါနဲ့ စိုးပိုင်ဦးကို ရောတွေ့သေးလား ဟုတ်တယ် ငါတို့ရောပဲ သူ ပျောက်ချက်သား ကောင်းနေတယ် သူ ပင်လယ် တစ်နေရာရာမှာ တော့ရှိမှာပေါ့ အင်း သံသာကတော့ (ငါတို့ထက်) အသံရော အရုပ်ရော သာသွားပြီ သူ က မီရှယ်အိုဘားမားတို့ နေတဲ့မြို့ကို ဘွတ်ဖိနပ် နောက်လေဒီရှူး ပါတော့မယ်ဟ အင်း ပြန်မလာတော့ဘူး ထင်တာပဲ ဒါနဲ့ ကျောင်းတုန်းက နင်တို့ သူ့ကို မခေါ်ကြဘူးဆို ဟဲ့ သူက မိန်းကလေးပဲ ဘယ် စခေါ်မလဲ တည့်အောင် နေကြပါဟာ နင်တို့ကလဲ ငါလား ကျောင်းပြီးရင်တော့ ပြန်လာမှာပေါ့ ငါတို့ အိမ်ပြောင်းသွားပြီဟ အရင်နေရာကနေ နည်းနည်းထပ် သွားရသေးတယ် အင်း ပင်ပန်းတာပေါ့ ဒီလိုပါပဲ ကွတ်ကီးစားရင်း အငြင်းပွားရင်း ဒီလိုပါပဲ ချက်တင် ထိုင်ရင်း အဝတ် လျှော်ရင်း ဒီလိုပါပဲ စာကျက်ရင်း လျှာထွက်ရင်း အင်း ငါးပိရည်လည်း စားချင်တယ် ငရုတ်သီးကြော်လည်း စားချင်တယ် အင်း မချစ်စုလည်း စားချင်တယ် ငါးရံ့ခြောက်လည်း စားချင်တယ် အင်း TEST တွေကတော့ အလှူလိုပဲ နောက်ဆို ဒီလို အေးအေးဆေးဆေး မဆေးရတော့ဘူး ဟုတ်တယ် ဒီလိုပြန်တွေ့ရမယ်လို့ ထင်မထားဘူး အားလုံးနဲ့  နောက်တစ်ခါ ပြန်ဆုံချင်သေးတယ် အရင်လို ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ဟုတ်လား သွား သွား ရတယ် အား မနာနဲ့  အေးအေး ဘိုင့်ဘိုင်  အချိန်ရရင်တော့ စိုးပိုင်ဦးကို ဝိုင်းရှာ ကြည့်ကြဦး သူ ပျောက်နေတယ်
● Busy…

လင်းဇင်ယော်
(၂၄၊၁၀၊၂၀၁၁)

အကြောင်း သည် အကျိုး သည် အကြောင်း သည် အကျိုး သည်

1
Filed under ကဗျာ

Borgo Tecnica e supporto by Luigi Malice

_______________________________________________________________________
လူတစ်ယောက်ရဲ့ ရေဆူမှတ်ဟာ အစားထိုး ကြက်ဆူဆီ မဟုတ်ဘူး
မင်းမူနေတဲ့ အယူဝါဒများ ဆူလွယ်နပ်လွယ် ခြောက်သွေ့လွယ်မလား
ကြာလေကျလေ လက်ဖက်ရည်မှာ ပျစ်လည်းပျစ် နှစ်လည်းနှစ်တဲ့ မလိုင် ဖြစ်ချင်နေတုန်းလား
ရှေ့သွားနှုတ်လိုက်မှ လျှာဖွေရ လွယ်ကူတော့မယ့်အထာ
နောက်လိုက်ရမယ့် အရိပ်လည်း မဟုတ်ဘူး ကိုယ့်လူ
အော်…အင်…ဆေးနဲ့ အနာနဲ့ မတည့်ဘူးပေါ့နော်
ဆိုမလား ဆိုလား ဝေး…မှ…ဝေး
ဆိုလာပြားနဲ့ မေတ္တာတရား စုပ်ယူပြီးတဲ့အခါ ပြန်ထွက်လာတာက
ဘာ ခေါ်မလဲ ဘယ်လို ခေါ်မလဲ ဘယ် ခေါ်မလဲ
ဆိုးနေတဲ့စိတ် မခြောက်သွေ့ခင် တငွေ့ငွေ့ တလူလူ
ရှူံခဲ့တဲ့အဖြစ်က မရှိဖူးတဲ့အဖြစ်ထက် ပစ်လိုက်တဲ့ အပြစ်တွေ ကြေပါ့စေလား
ကြောင်ဆေးကတော့ ဆင်ဆေးထက်တော့ ပိုပေါ့မှာပေါ့ …
pop pop ပါးပါး (ရိုက်ကွင်း ရိုက်ကွက်)
ကိုယ်ဟာ မိုက်တန်ဆန် မဟုတ်ခဲ့ပါဘူး
ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်တစ်လုံးရယ်ပါ
ပြုံးပါ…မပွင့်သေးတဲ့ ဘုရားတစ်ဆူကို မျှော်ရသလို
ဝက်နှစ်မှာ ကြွက်ဖြစ်ပြီးမှတော့ ကျွက်ကျွက်ဆူရန်မှတပါး အခြား
သော “က” မှ “အ” များနဲ့လူ (လ + အူ)
ဒူဝေ ဒူဝေ (သို့မဟုတ်) ယူစေ ယူစေ (သို့မဟုတ်) လူပေ လူတေ
ကြက်ခြေနဲ့ ခတ်လိုက်တဲ့ မြေကြီး လက်နဲ့လည်းလွဲ ခြေနဲ့လည်းလွဲ
သင်တို့၏ ဒုက္ခအကြောင်းသည် သင်တို့သာလျှင် ဖြစ်၏။

သိုးထိန်း (အန္တိမ)

ကာလနှင်းမြူ

2
Filed under ကဗျာ

Wind From The Sea(1948) by Andrew Wyeth

_______________________________________________________________________
အလွမ်း
သင့်ရာသို့ သင်သည်လည်း ရောက်ရှိသွား
အချိန်အခါနောက်မှာ ဖော်ပြရန် မရှိတော့
ဒီဇင်ဘာမှာ နှင်း ကျချင်ကျမယ် နှင်း မကျခင်
နှင်း ကျချင်မှ ကျလိမ့်မယ် လေထု အစိုင်အခဲအတိုင်း
ကိုယ်သွားရာ ကိုယ်ပါသွားသမျှ ကိုယ်သာ လိုရာ
ဆိုက်ကပ်စိတ်ကူးမှန်သမျှ ကပ်ဆိုက်သွားတတ်တာ
လေခိုနေတဲ့ နှလုံးခုန်သံ ကြုံကို ကြုံဖြစ်မယ်
ခြေချင်းလိမ်အိပ်မက်တွေ စကားပြီးတော့ စကား
မြောက်ပြန်လေတိုက်ခတ်ချိန် ညတာရှည်တယ်။

တောကျောင်းဆရာ
ဒီဇင်ဘာ ၁၆၊ ၂၀၁၁ခုနှစ်။
Birthday Dedication to Someone Special.


အလွမ်းဟာ တစထက်တစ

0
Filed under ကဗျာ

Scissor Figure by Kyle Goddard

_______________________________________________________________________

မေမြတ်နိုးသော်.. နင့်ဖုန်းကဆက်လို့မရဘူး.. နင်တိမ်တွေကြားသို့ အန်ဒါဂရောင်းထဲ
ရောက်နေသလား.. နင့်ကဗျာ (ပေါင်းချုပ်)စာအုပ် ငါလိုက်ရှာတယ်..
ဦးဘဟန်တို့အိမ်မှာ ပြတင်း ဘယ်နှစ်ပေါက်ရှိသလဲ ရေတွက်..
နင်ရေးခဲ့တာ.. ဘယ်ပြတင်းပေါက်အကြောင်းလဲ.. ငါတို့ကျောင်းတုံးက
အရက်ချက်နည်း သင်ရတာ အမှတ်ရသေးလား.. လုံလောက်တယ်ဆိုတဲ့ စကားလုံးကို
နင်အသုံးပြုခဲ့ပုံ.. အဲဒါ ၁၉၇၈ခုနှစ် ဖြစ်မယ်.. ဘီတဲကိုကြိုက်လို့
လီဗာပူးကို အားပေးခဲ့သော.. အယ်ဘမ်တွေ အားလုံးထဲမှာ
လင်းစကေ့ပုံချည်း.. တီကွီလာသို့ ဘီယာအပြီး နင့်အဘိုးအိမ်အောက် ထိုးထားတဲ့
ကြိမ်ကုလားထိုင်ပေါ်.. အခုတော့ ပြည့်လျှံနေတယ်.. သတ်သေဖို့ဆိုတာ..
ကိုဆွေရဲ့လိမ္မော်သီးလို ငတို့ဘ၀ထဲ တလိမ့်လိမ့်.. မော်နီတာဘယ်ဘက်ထိပ်ထောင့်က
မျှားကွေးလေးနှစ်ခုကြား နင်ဗျာများနေခဲ့.. နောက်ထပ်မဆ်ကောလ်အဂန်း.. နာကျင်မှုကိုခံစားဖို့ဆို.. နင့်ကိုနာမည်ဘယ်လိုပေးရမယ်.. ကိုအေးလှိုင်ကို
မေးကြည့်တော့.. နင်နာမည်ပြောင်းသွားတယ်ဆိုလား.. အခုလည်း
လာကိုင်တဲ့သူမရှိဘူး.. နင်ရေးခဲ့တာ ဘယ်ပြတင်းပေါက်လဲ..
ငါ တစ်ခါ ကိုအေးလှိုင် နံပါတ်ကိုနှိပ်ပီး.. ခဏနေ.. ဖုန်းပြန်ချထားလိုက်တယ်..

မိုးဆတ်